စီးပွားရေး

MPT နှင့် ဂျပန်ကုမ္ပဏီများ ပူးပေါင်းဖွယ်ရှိ

This article has been converted from Zawgyi One to Unicode

ဂျပန်နိုင်ငံမှ KDDI ကော်ပိုရေးရှင်းနှင့် Sumitomo ကော်ပိုရေးရှင်းတို့သည် ပုဂ္ဂလိကပိုင် ပြုလုပ်တော့မည့် အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) နှင့် ပူးပေါင်းနိုင်ဖွယ ်ရှိသည်ဟု ရိုက်တာသတင်းက ဆိုသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ဂျပန် ကုမ္ပဏီ နှစ်ခုကို သီးသန့်ဖိတ်ခေါ်၍ ဖက်စပ်လုပ်ဆောင်ရန် ဆွေးနွေးညှိနှိုင်း ခဲ့သည်ဟု Sumitomo၏ မြန်မာနိုင်ငံ ဆိုင်ရာ ဒုတိယ အထွေထွေမန်နေဂျာ ဦးစိုးကြူက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။ ပူးပေါင်းမှု၏ အသေးစိတ်အချက် အလက်များ ကိုမူ ထုတ်ပြန် ပြောဆိုခြင်း မရှိပေ။

လက်ရှိအချိန်တွင် MPT သည် မြန်မာနိုင်ငံ၏ တခုတည်းသော တယ်လီဖုန်းဝန်ဆောင်မှုလုပ်ငန်း ဖြစ်ပြီး ဆက်သွယ်ရေး ကဏ္ဍကို စီမံခန့်ခွဲနေသည့် ဌာနလည်းဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် အစိုးရက စီမံခန့်ခွဲအသစ်ကို ပြောင်းလဲရန် စီစဉ်နေပြီး MPT ၏ အခွင့်အာဏာများကို ရုပ်သိမ်းမည်ဖြစ်သည်။

လုပ်ပိုင်ခွင့် အများစုကို အစိုးရက ဆက်လက် ထိန်းချုပ်သွားမည် ဖြစ်ပြီး MPT ကို ပုဂ္ဂလိကပိုင်ပြုလုပ်ကာ အမည်အသစ်နှင့် ထွက်ပေါ်လာမည့် ကုမ္ပဏီက ဆက်သွယ်ရေးလိုင်စင် ၄ ခု ထဲမှ တခုကို ရရှိမည်ဖြစ်သည်။

MPT မှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ဧရာဝတီသို့ ပြောဆိုချက်အရ ဂျပန်ကုမ္ပဏီများက နိုင်ငံခြား အစုရှယ်ယာဝင်များဖြစ်လာနိုင်သလို မြန်မာဘက်မှ ရွှေသံလွင်ကုမ္ပဏီက အစုရှယ်ယာဝင် ဖြစ်လာမည်ဟု သိရသည်။

အစိုးရ၏ ကျောထာက်နောက်ခံရရှိထားပြီး ယခုအချိန်အထိ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းကို လုပ်နေဆဲဖြစ်သည့် ရတနာပုံ တယ်လီပို့ သည်လည်း လိုင်စင် ရခဲ့သည်။ နော်ဝေနိုင်ငံမှ Telenor နှင့် ကာတာနိုင်ငံမှ Ooredoo ကုမ္ပဏီတို့ သည်လည်း လက်ကျန် လိုင်စင် ၂ နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ကာ ၂၀၁၃ ခုနှစ် ဇွန်လတွင် လုပ်ကိုင်ခွင့် ရရှိခဲ့သည်။ သို့သော် ယခုအထိ ၎င်းတို့၏ ကွန်ယက်များကို စတင်အကောင်အထည် ဖော်နိုင်ခြင်း မရှိပေ။

KDDI နှင့် Sumitomo တို့ ပူးပေါင်းထားသည့် ကုမ္ပဏီသည် လိုင်စင် ၂ ခု အတွက်ယှဉ်ပြိုင်စဉ်က ဆန်ကာတင် စာရင်းဝင်ခဲ့သည်။ ကြိုတင်မှန်းဆမမြင်နိုင်သည့် အခြေအနေများ ရှိနေသော်လည်း ၎င်းတို့ လုပ်ငန်းစု အနေဖြင့် လာမည့် လ အနည်းငယ်အတွင်း MPT နှင့် သဘောတူညီမှု ရရှိနိုင်လိမ့်မည်ဟု သူက ထပ်ပြော သည်။ “ဒီတကြိမ်မှာတော့ ကျနော်တို့ ယုံကြည်မှု ရှိနေပါတယ်” ဟု ဦးစိုးကြူက ရိုက်တာသတင်းဌာနသို့ ဆိုသည်။

ZTE၊ Huawei အစရှိသော တရုတ်ကုမ္ပဏီများ၏ စက်ပစ္စည်းများ၊ နည်းပညာများကို အခြေပြုပြီး တည်ဆောက်ဖြန့်ကျက်ထားသော MPT ၏ ဆက်သွယ်ရေးစနစ်နှင့် ဂျပန်ကုမ္ပဏီများ၏ ဆက်သွယ်ရေးစနစ် မည်သို့ ပေါင်းစပ်လုပ်ကိုင်မည်မှာ စိတ်ဝင်တစား စောင့်ကြည့်ရမည့် အကြောင်းအရာဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့် စစ်အာဏာရှင် အုပ်ချုပ်ရေး ကာလအတွင်းတွင် တယ်လီဖုန်း ဆက်သွယ်ရေး ကဏ္ဍကို အစိုးရက လက်ဝါးကြီးအုပ်၍ တင်းကြပ်စွာ ချုပ်ကိုင်ထားခဲ့သည်။ လွန်ခဲ့သော ၁၅ နှစ်ခန့်က စတင် ရောင်းချခဲ့သော မိုဘိုင်း ဖုန်း ဆင်းကဒ်များ၏ တန်ဖိုးကိုလည်း ဒေါ်လာ ထောင်နှင့်ချီ၍ သတ်မှတ်ရောင်းချခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ မိုဘိုင်းတယ်လီဖုန်းဖြန့်ကျက်နိုင်မှုသည် ကမ္ဘာပေါ်တွင် အနိမ့်ဆုံးစာရင်းဝင် ဖြစ်ခဲ့ရသည်။ ၂၀၁၂ ခုနှစ်တွင် ဆွီဒင်နိုင်ငံမှ တယ်လီဖုန်းထုတ်လုပ်သည့် နာမည်ကျော် ကုမ္ပဏီ တခုဖြစ်သည့် Ericsson က သန်း ၆၀ ရှိသည့် မြန်မာပြည်သူတို့၏ ၄ ရာခိုင်နှုန်းအောက်သာ တယ်လီဖုန်း သုံးစွဲနိုင်သည်ဟု ပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ်တွင် အရပ်သားအမည်ခံ အစိုးရ တာဝန်ယူပြီးနောက် နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ အကောင် အထည်ဖော်လာသည့် အခါတွင် တယ်လီဖုန်းဆက်သွယ်ရေး ကဏ္ဍကို တိုင်းပြည်၏ စီးပွားရေးကို ပြန်လည် ဦးမော့ လာအောင် ပြုလုပ်ရေး၏ အစိတ်အပိုင်းတရပ် အဖြစ် သဘောထားခဲ့သည်။

ပြီးခဲ့သည့် လများအတွင်း အစိုးရက ဆင်းကဒ် များကို ဈေးကွက်အတွင်းသို့ ပိုမိုဖြန့်ဝေပေးခဲ့သည်။ သို့သော်လည်း ဈေးကွက်လိုအပ်ချက်ကို ပြည့်မီအောင် ထုတ်ဝေပေးနိုင်ခြင်းမရှိသည့် အတွက် ပြင်ပဈေးကွက်တွင် ကျပ် ၁ သိန်းခွဲ (အမေရိကန်ဒေါ်လာ ၁၅၀) နှင့် အရောင်းအဝယ်ဖြစ်နေသည်။ မိုဘိုင်းတယ်လီဖုန်းဖြန့်ကျက်နိုင်မှုက ၉ ရာခိုင်နှုန်းအထိ ခုန်တက် လာခဲ့သည်ဟုလည်း အစိုးရ၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

Orredoo ၏ မြန်မာနိုင်ငံဆိုင်ရာ အမှုဆောင်အရာရှိချုပ် Ross Cormac က ရိုက်တာသို့ အောက်တိုဘာလ ၃၁ ရက်နေ့က ပြောကြားရာတွင် အစိုးရထံမှ နောက်ဆုံး ခွင့်ပြုချက် ရရှိပြီးပါက မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ကြီး ၄ မြို့တွင် တယ်လီဖုန်း နှင့် အင်တာနက်ဝန်ဆောင်မှုများ ၆ လအတွင်း စတင်ပေးသွားနိုင်မည်ဖြစ်ပြီး လာမည့် ၅ နှစ်အတွင်းတွင် မြန်မာနိုင်ငံ လူဦးရေ၏ ၉၇ ရာခိုင်နှုန်းကို ဝန်ဆောင်မှုပေးနိုင်မည်ဟု ဆိုသည်။

အော်ပရေတာများ မြန်မာနိုင်ငံအတွင်းလုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရဖွယ်ရှိသည့် အခက်အခဲများမှာ ကျေးလက် ဒေသများတွင် အခြေခံအဆောက်အဦ အားနည်းခြင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ထိန်းချုပ်ထားသည့် ပိုင်နက် များက ကျယ်ကျယ်ပြန့်ပြန့် ရှိနေခြင်း၊ မြေယာပိုင်ဆိုင်မှုများက ရှုပ်ထွေးခြင်းနှင့် အပြောင်းအလဲမြန်သည့် ကိစ္စများပင် ဖြစ်သည်။

Ooredoo ၏ ဥပဒေ ရေးရာအတိုင်ပင်ခံ ကုမ္ပဏီဖြစ်သည့် VDB Loi က နိုင်ငံအနှံ့ ကွန်ယက်ဖြန့်ကျက်ရာတွင် လိုအပ်သည့် တာဝါတိုင်များ ဆောက်လုပ်ရေးအတွက် မြေနေရာ ရယူရေးဆောင်ရွက်ရာတွင် လုပ်ငန်းစဉ်များကို ရှင်းလင်းစွာပြုလုပ်ရန် အကြံပြုခဲ့သည်။

Ooredoo ၏ အစီအစဉ်မှာ တာဝါတိုင်များကို Telenor နှင့် MPT သို့မဟုတ် ၎င်းတို့ အထဲမှ တဖွဲ့ဖွဲ့နှင့် စပ်တူပူးပေါင်း တည်ဆောင်ပြီး မျှဝေသုံးစွဲရန် ဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမှုဆောင်အရာရှိချုပ် Ross Cormac က ရိုက်တာ သတင်းဌာန သို့ပြောသည်။

Loading