၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ဒီဇင်ဘာလကုန် အထိ မြန်မာနိုင်ငံ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် ဥရောပ သမဂ္ဂ (EU) နိုင်ငံများ ဝင်ရောက် ရင်းနှီးမြှုပ်နှံမှုသည် တရုတ်နိုင်ငံထက် ပိုမို များပြားကြောင်း သိရသည်။
တရုတ်နိုင်ငံက ဧပြီလမှ ဒီဇင်ဘာလကုန်အထိ ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၁၈.၂၄ သန်း ဖြင့် လုပ်ငန်းပေါင်း ၁၁ ခုတွင် လုပ်ကိုင်နေပြီး EU ၏ ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာ ၁၅၉.၄၀၉ ဘီလီယံ ဖြင့် လုပ်ငန်း ၁၀ ခု တွင် ဝင်ရောက် လုပ်ကိုင်နေကြောင်း၊ EU သည် တရုတ်ထက် ဒေါ်လာ သန်း ၁၄၀ ကျော် ပိုမို မြှုပ်နှံထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာန၏ တရားဝင် စာရင်းများတွင် တွေ့ရသည်။
တရုတ်ကဝင်ရောက်လုပ်ကိုင်သည့် လုပ်ငန်းများသည် အထည်ချုပ် လုပ်ငန်းများကြောင်း၊ EU က အထည်ချုပ် လုပ်ငန်းနှင့် လက်ခ စား စနစ် CMP လုပ်ငန်းများ၌ လုပ်ကိုင်မှု များပြားပြီး အပျော်စီး သင်္ဘောလုပ်ငန်းနှင့် စိုက်ပျိုးရေး လုပ်ငန်းလည်းပါဝင်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန စာရင်းများတွင် ဖော်ပြထားသည်။
EU နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၀ ခုတွင် ၉ ခုမှာ ဗြိတိန်နိုင်ငံမှ ဖြစ်ပြီး ပြင်သစ် နိုင်ငံမှ လုပ်ငန်း ၁ ခု ဝင်ရောက် မြှုပ်နှံထား သည်ကိုလည်း တွေ့ရသည်။
မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ် အတွင်း၌လည်း EU နိုင်ငံများနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် သဘောတူလက်မှတ်ထိုးရန် ညှိနှိုင်းမှုများ ပြုလုပ်ထားပြီး ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ဧရာဝတီသို့ ပြော သည်။
“နှစ်ဘက် လက်မှတ်ထိုးဖို့ ညှိနှိုင်းမယ်ဆိုတဲ့ အပိုင်းကတော့ သဘောတူပြီးပါပြီ၊၂၀၁၄ ထဲမှာ စပြီး လုပ်ကြဖို့ပါ၊ ဘယ်အချိန် ဆိုတာ တော့ ရက် မသတ်မှတ် ရသေးပါဘူး”ဟု ၎င်းက ပြောဆိုသည်။
မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်နေမှုများကြောင့် EU အနေဖြင့် မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများ ရုပ် သိမ်း ခဲ့ပြီး လက်ရှိအချိန်တွင် EU ၏ ဖွံ့ဖြိုးမှု နောက်ကျသော နိုင်ငံများအပေါ်ပေးသည့် သွင်းကုန်အပေါ် အထူး အခွန်သက်သာ ခွင့် (GSP) အခွင့်အရေးကို မြန်မာနိုင်ငံမှ ရရှိနေပြီ ဖြစ်သည်။
GSP မှာ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ရရှိခြင်း မဟုတ်ဘဲ EU နိုင်ငံများ၏ လုပ်ငန်းရှင်များဘက်မှ ၎င်းတို့ နိုင်ငံသို့ ကုန်ပစ္စည်း ပြန် လည် တင်သွင်းရာတွင် အခွန်သက်သာခွင့် ရရှိခြင်း ဖြစ်သည်။
ယင်းအစီအစဉ်ကြောင့် ပြည်ပနိုင်ငံများက ဝယ်ယူ တင်သွင်းသူများ အနေဖြင့် မြန်မာ့ကုန်ပစ္စည်းများ အပေါ်တွင် ဝယ်လိုအား ပိုမို ကောင်းလာနိုင်ခြင်းနှင့် ဈေးနှုန်းပိုမို ပေးလာနိုင်ခြင်း စသည့် အကျိုးသက်ရောက်မှုများ ခံစားခွင့် ရလာမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် စွမ်းအင်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတို့မှာ ထိပ်ဆုံးတွင် ရှိနေဆဲ ဖြစ်သော် လည်း လက်ရှိကာလတွင် ကုန်ထုတ်လုပ်မှု ကဏ္ဍလည်း မြင့်တက်လာကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အဖွဲ့ဝင် ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။
“အခုဟာ CMP လက်ခစားစနစ် လုပ်ငန်းတွေဝင်တာ များလာတယ်၊ CMP ဆိုတာထက် ကုန်ထုတ်လုပ်မှု ကဏ္ဍ တခုလုံး တက် လာတာ တွေ့ရတယ်”ဟု ၎င်းက ပြောပြသည်။
ပြည်ပနိုင်ငံများက ပြည်တွင်းသို့ လက်ခစားစနစ် လုပ်ငန်းများ ဝင်ရောက် ရင်းနှီးမြှုပ်နှံကြရာတွင် လျှပ်စစ်ပစ္စည်း လုပ်ငန်း၊ ဖိနပ် လုပ်ငန်း၊ အိတ် လုပ်ငန်း၊ အထည်ချုပ် လုပ်ငန်း စသည့် အပိုင်းများတွင် မြှုပ်နှံ လုပ်ကိုင်ကြပြီး အထည်ချုပ် လုပ်ငန်းများမှာ အများဆုံးဖြစ်ကြောင်း သိရသည်။
ယခုနောက်ပိုင်း သစ်အခြေခံ ထုတ်လုပ်သည့် လုပ်ငန်းများတွင် ပိုမို ရင်းနှီးလိုမှု များလာသည်ဟုလည်း ဒေါ်ခိုင်ခိုင်နွယ်က ပြော သည်။
EU နှင့် တရုတ်နိုင်ငံများက အဆိုပါ လုပ်ငန်းများတွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံမှုများ ရှိနေသော်လည်း၊ လက်ရှိတွင် အထည်ချုပ် လုပ်ငန်းများတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားသည်မှာ ကိုရီးယား နှင့် ဂျပန်နိုင်ငံတို့ ဖြစ်ကြောင်း သိရသည်။
တရုတ် အနေဖြင့် ယခု ဘဏ္ဍာနှစ်အတွင်း ရင်းနှီးမြှုပ်နံှမှု ပမာဏတွင် EU နိုင်ငံများအောက် လျော့နည်းလျက် ရှိသော်လည်း မြန်မာနိုင်ငံ၏ လက်ရှိစုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၏ အမျာဆုံး ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည့် နိုင်ငံ ဖြစ်နေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာန၏ စာရင်းများတွင် တွေ့ရသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များ အရ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံး ထိပ်တန်းနိုင်ငံတခုဖြစ်ပြီး ထိုင်းနိုင်ငံနှင့် ဟောင်ကောင်တို့မှာ နောက်မှကပ်လိုက်နေသည့် နိုင်ငံများ ဖြစ်သည်ကို သိရသည်။