ပြည်တွင်း၌ ဖြန်ဖြူး ရောင်းချလျက်ရှိသော ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များတွင် စက်သုံးဆီ အရည်အသွေးပိုင်း ဆိုင်ရာနှင့် ပတ်သက်၍ စမ်းသပ်စစ်ဆေး အရေးယူမှုများ အားနည်းခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာန ရေနံထွက် ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန့်ဇင်က ပြောဆိုသည်။
“စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးမှု စစ်ဆေးရာမှာ အခြင်အတွယ်ကို စစ်ဆေး ဆောင်ရွက်နိုင်ပေမယ့် အရည်အသွေးကိုတော့ စစ်ဆေးစမ်းသပ်ပြီး အရေးယူ ဆောင်ရွက်တာဟာ အားနည်းတယ်ဆိုတာ ဝန်ခံပါတယ်”ဟု ဦးသန့်ဇင်က ပြောသည်။
ဇန်နဝါရီ ၁၅ ရက်က ရန်ကုန်မြို့ရှိ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ရုံးချူပ်တွင် ပြုလုပ်သော ရေနံထွက် ပစ္စည်းများ တင်သွင်း သိုလှောင်သယ်ယူ ဖြန့်ဖြူးရောင်းချခြင်း ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
လက်ရှိ ဖြန့်ဖြူး ရောင်းချ လျက်ရှိသော စက်သုံးဆီ အရည်အသွေးများကို လိုက်လံစစ်ဆေး အရေးယူမှုများ ပြုလုပ်နိုင်ရန် ဓာတ်ခွဲခန်း ပါသည့် Mobile Fuel Lab မော်တော်ယာဉ်များကို ဝယ်ယူသွားမည် ဖြစ်ကြောင်းနှင့် လက်ရှိတွင် ထိုင်းနိုင်ငံ PTT ကုမ္ပဏီမှ အဆိုပါယာဉ် တစီး လှူဒါန်းထားကြောင်းလည်း ဦးသန့်ဇင်က ပြောသည်။
“စမ်းသပ်တာနဲ့ ပတ်သက်လို့ PTT ကုမ္ပဏီက ကျွမ်းကျင် ဓာတ်ခွဲခန်း ပညာရှင်တွေ ကျနော်တို့ ဝန်ကြီးဌာနက ဝန်ထမ်းတွေကို လည်း လေ့ကျင့် သင်ကြားပေးမှာ ဖြစ်ပါတယ်၊ မကြာခင် အတိုင်းအတာ အတွင်းမှာလည်း နိုင်ငံတော် အတိုင်းအတာနဲ့ ဆောင်ရွက် သွားနိုင်ဖို့ အတွက် ၅ စီး ထပ်မံ ဝယ်ယူသွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောပြသည်။
ယာဉ်မောင်းနှင်သူများ အကြားတွင် အရည်အသွေးမမီသည့် စက်သုံးဆီများကြောင့် ယာဉ်စက်ပိုင်း ဆိုင်ရာပြဿနာများ ကြုံတွေ့ ရ လေ့ရှိပြီး အထူးသဖြင့် မော်ဒယ်မြင့် ကားများအတွက် အင်ဂျင်ထိခိုက်ခြင်း ဖြစ်စဉ်များ ပိုမို ဖြစ်ပွားလေ့ရှိကြောင်း ကားဝပ်ရှော့လုပ်ငန်းခွင် အတွေ့အကြုံရှိသူ တချိူ့က ပြောသည်။
ယင်းသို့ စက်သုံးဆီ အရောင်းဆိုင်ပေါင်းများစွာ ရှိနေသော အခြေအနေတွင် မြန်မာနိုင်ငံ၌ ဓာတ်ခွဲခန်း ပါရှိသည့် Mobile Fuel Lab မော်တော်ယာဉ်များ မရှိသဖြင့် လိုက်လံ စစ်ဆေးရာတွင် အခက်အခဲ ဖြစ်လျက်ရှိပြီး ဓာတ်ခွဲခန်း စမ်းသပ်ခနှုန်း ဈေးကြီးမြင့်မှု ရှိနေ သည်ဟု ရေနံထွက်ပစ္စည်း ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးမြင့်ဇော်ကလည်း ပြောဆိုသည်။
“အခု ဆိုင်လေးတွေက တဆင့် ဖြန့်ဖြူး ရောင်းချကြတော့ သွားစစ်ဖို့ ခက်ခဲတယ်၊ တနိုင်ငံလုံးက ဓာတ်ဆီ ဒီဇယ်ဆိုင်တွေကို စစ် ဆေး ဖို့ဆိုတာ ခက်တယ်၊ သူက ဆိုင်ကနေ ဓာတ်ဆီ ဒီဇယ်ကို ယူမယ်၊ ယူပြီးရင် ရေနံချက် စက်ရုံ ပို့ရမယ်၊ တစ်ခါစစ်ရင်လည်း ငွေကျပ် နှစ်သိန်း လောက် ကျတယ်။ ဓာတ်ခွဲခန်း စမ်းသပ်ခက များတော့ သူတို့အကုန်လုံးကလည်း မလုပ်နိုင်ဘူး”ဟုလည်း ၎င်းက ပြော သည်။
ယခင်က စက်သုံးဆီများကို နိုင်ငံခြားမှ တင်သွင်းလာသည်နှင့် သံလျင် ရေနံချက်စက်ရုံနှင့် သံပုရာကန်စက်ရုံတို့တွင် ဓာတ်ခွဲ စစ်ဆေးပြီးနောက် အဆိုပါ ဓာတ်ခွဲခန်းမှ ထောက်ခံချက်နှင့်သာ ပြန်လည် ဖြန့်ဖြူးခြင်း ဖြစ်သည်။
ဓာတ်ခွဲခန်း ပါသည့် Mobile Fuel Lab မော်တော်ယာဉ်များ ဝယ်ယူမည့် အစီအစဉ် အတွက် ယခုဘတ်ဂျတ်တွင် တင်ထားပြီး ဖြစ်ကြောင်းနှင့် ယာဉ်များ ရောက်ရှိလာ ပါက တိုင်းဒေသကြီးများတွင် ထားရှိသွားရန် ရည်ရွယ်ထားကြောင်း သိရသည်။
“တိုင်းဒေသကြီး အလိုက် ဒီ Mobile Fuel Lab လေးတွေထားပြီး ဓာတ်ခွဲခန်း ကျွမ်းကျင်သူတွေ ထည့်ပေးလိုက်မယ်၊ ပြီးရင် ဆိုင် တွေ ကို လိုက်ပြီး စစ်ပေးမှာပေါ့၊ ဒီလိုဆိုရင်တော့ အရည်အသွေးကို သူတို့လုပ်ချင်တိုင်း လုပ်လို့မရတော့ဘူးပေါ့”ဟု ဦးမြင့်ဇော်က ပြောသည်။
ပြည်တွင်း ပုဂ္ဂလိက စက်သုံးဆီဆိုင်များ ဖြန့်ဖြူးရောင်းချခြင်းအား ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်စေခြင်းကို ၂၀၁၀ ပြည့်နှစ်တွင် စတင် ခွင့်ပြုခဲ့ပြီး အသစ်ဖွင့်လှစ်ရန် အဆိုပြု တင်သွင်းလာသော ဆိုင်များကိုလည်း လိုင်စင် ခွင့်ပြုပေး ခဲ့သည်။
စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက် ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်း၏ တရားဝင် စာရင်း မှတ်တမ်းများအရ လက်ရှိ ဖွင့်လှစ် ရောင်းချနေ သော ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်ပေါင်း ၁၀၈၅ ဆိုင် ရှိနေပြီး ထပ်မံခွင့်ပြုပေးရန် စီစစ်ဆဲ ဖြစ်သော ဆိုင်ပေါင်း ၄၆၀ နှင့် ဆိုပါက ပုဂ္ဂလိက ဆိုင်ပေါင်း ၁၅၄၅ ဆိုင် အထိ တိုးလာမည် ဖြစ်ကြောင်း သိရသည်။