မြန်မာနိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုးမှုအားကောင်း လာနေသည့်အခြေအနေနှင့် နိုင်ငံစုစုပေါင်းထုတ်ကုန် တန်ဖိုး (GDP) ပမာဏ မြင့်တက်နိုင်ခြေတို့နှင့်အတူ ငွေကြေးဖောင်းပွမှုနှုန်းလည်း မြင့်တက်လာနိုင်သည် ဟု နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှ ခန့်မှန်းသည့် အခြေအနေကို အရေးစိုက်ရန်လိုအပ် ကြောင်း မြန်မာစီးပွားရေးပညာရှင်များက ပြော သည်။
IMF ကမြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ပြည်တွင်း အသားတင် ကုန်ထုတ်လုပ်မှု စုစုပေါင်းတန်ဖိုး GDP မှာ ယခင်နှစ်တွင် ရှိခဲ့သည့် ၇ ဒသမ ၅ ရာခိုင်နှုန်းမှ ယခုနှစ်အတွင်း ၇ ဒသမ ၇၅ ရာခိုင်နှုန်းအထိ မြင့် တက်လာရန်ရှိကြောင်း ခန့်မှန်းခဲ့ခြင်းနှင့်အတူငွေ ကြေးဖောင်းပွမှုနှုန်း မြင့်တက်ရန် အလားအလာရှိ ကြောင်းလည်း ဇန်နဝါရီလ ၂၁ ရက်နေ့က ပြုလုပ် ခဲ့သည့် ဒုတိယအကြိမ် ဆန်းစစ်ခြင်း အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
”ငွေဖောင်းပွမှုနှုန်း မြင့်လာရင် တိုင်းပြည်က အခြေခံလူတန်းစားတွေ အများဆုံးရှိတဲ့တိုင်းပြည်ဖြစ် တဲ့အတွက် အဲဒီလူတွေရဲ့ဝယ်လိုနိုင်စွမ်းအားကိုကျ ဆင်းစေတာပေါ့၊ ဒါနဲ့အတူအဲဒီလူတွေရဲ့ သာယာ ဝပြောမှုကို ကျဆင်းစေတယ်။
တနည်းပြောရရင်ဒါက လူနေမှုအဆင့်အတန်းကို နိမ့်ကျစေတဲ့ ဆက်စပ်နေ တဲ့အချက်တချက်ပေါ့။ အဲဒီလိုအနေအထားမျိုးမှာ ငွေဖောင်းပွမှုနှုန်းကို နိမ့်နိုင်သမျှ နိမ့်အောင်လုပ်ဖို့ ဆိုတာ အရေးအကြီးဆုံးတစ်ချက်ပေါ့”ဟု စီးပွားရေး ပညာရှင် ဒေါက်တာ အောင်ကိုကိုက ပြောသည်။
IMF အနေဖြင့်လည်း လက်ရှိအချိန်တွင် အဆိုပါအပိုင်းကို အဓိကထား ထောက်ပြပြောဆို သွားခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင်ငွေဖောင်း ပွမှုနှုန်းကို ဖြစ်စေနိုင်သော အကြောင်းအရာများကို အရေးထား ပြောဆိုခြင်းများလည်း ရှိသည်။
”IMF ကလည်း ငွေဖောင်းပွမှုနှုန်းကို အဓိက ထားပြောတာပဲ၊ ဆိုလိုတာကတော့ အသုံးစရိတ်ကို သေသေချာချာစိစိစစ်စစ်သုံးဆိုတဲ့ အဓိပ္ပါယ်ပေါ့ ဗျာ” ဟု ဒေါက်တာအောင်ကိုကိုက ပြောသည်။
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေမှာ ဘတ်ဂျတ်လိုငွေပြမှု ၂ ဒသမ ၇ ဘီလီယံရှိနေပြီး ငွေကြေး လည်ပတ်မှု ပမာဏ (Money Supply) ပမာဏမှာလည်း မြင့်တက်လျက်ရှိသည့် အခြေအနေ ဖြစ်သည်။
အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်သောအချက် အလက်များအရ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်မှ ၂ဝ၁၂ -၂ဝ၁၃ ဘဏ္ဍာနှစ်အတွင်း Money Supply ပမာဏမြင့်တက်လာမှုမှာ ၂၃၂၃ ဒသမ ၅၇ ဘီလီယံကျပ်အထိရှိသည်ဟု ¤င်းက ထောက်ပြပြော ဆိုခြင်းဖြစ်သည်။
”ဒီအနေအထားကိုကြည့်မယ်ဆိုရင် ဘတ်ဂျတ် လိုငွေကိုငွေကြေးရိုက်ထုတ်တဲ့နည်းနဲ့ ဖြေရှင်းဖို့ ကြိုး စားတာလား ဆိုတဲ့ မေးစရာမေးခွန်းတခု ရှိလာ တယ်” ဟု ၎င်းကပြောသည်။
ပြည်တွင်း ငွေဖောင်းပွမှုနှုန်းမှာ GDP တိုးတက်နှုန်းနှင့် Money Supply တိုးနှုန်း မညီမျှလျှင် ပိုမိုဖြစ်ပေါ်မည်သာဖြစ်ကြောင်း သိရသည်။
ငွေဖောင်းပွမှုနှုန်း တဖြည်းဖြည်း ပြန်လည်ကျ ဆင်းရန်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက် လာနိုင်မှုနှင့်လည်း များစွာ သက်ဆိုင်နေကြောင်း ဘဏ်လုပ်ငန်း ကျွမ်းကျင်ပညာရှင် ကမ္ဘောဇဘဏ် ဒုဥက္ကဌ ဦးသန်းလွင်က ပြောသည်။
”နိုင်ငံခြားကနေ ငွေပင်ငွေရင်းတွေ ဝင်ဖို့လို တယ်လို့ ပြောထားတယ်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ပေါ့၊ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေ ဝင်လာ ရင် နိုင်ငံခြားအသုံးငွေတွေ ဝင်လာလိပ်မယ်၊ နိုင်ငံ ခြား သုံးငွေဝင်လာရင် ငွေလဲလှည်နှုန်းဈေးကျ သွားမယ်၊ မြန်မာကျပ်ငွေတန်ဖိုး ပြန်တက် သွားမယ်၊ ပြန်တက်လာပြီးအထိုက်အလျောက် ပြည်ပသွင်းကုန် တွေလည်း ဈေးသက်သာလာရင် ငွေကြေးဖောင်းပွမှု တဖြည်းဖြည်းပြန်ပြီး ကျဆင်းလာနိုင်တာပေါ့” ဟု ၎င်းက ပြောသည်။
သမ္မတ ဦးသိန်စိန်က နိုင်ငံဝန်ထမ်းများကို လစာတိုးမည့် အစီအစဉ်ကို ထုတ်ဖော်ပြောကြား ထားသော ယခုလိုအချိန်တွင် ငွေကြေးဖောင်းပွမှုနှုန်း ဆက်တက်နေဦးမည် ဆိုပါကအကျိုးရှိမှုထင်သလောက် ဖြစ်မည်မဟုတ်ဟု စီးပွားရေးပညာရှင်များက ပြော ထားကြသည်။
မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းကို စား သုံးသူဈေးစံနှုန်းဖြင့် တိုင်းတာခြင်းဖြစ်ပြီး ယင်းသို့ တိုင်းတာရာတွင် စားသောက်ကုန်ပစ္စည်း ၈၃ မျိုး နှင့် အစားအသောက် မဟုတ်သော တခြားပစ္စည်း ၇၅ မျိုး စုစုပေါင်း တိုင်းတာပစ္စည်း ၁၅၈ မျိုးဖြင့် ဆုံးဖြတ်တွက်ချက်ခြင်းဖြစ်ကြောင်း သိရသည်။