မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းရှင်ပေါင်း များစွာ ပေါ်ထွက်ခဲ့သော်လည်း သူဌေးကြီး ဦးနာအောက်က အများနှင့် ကွဲပြားသူဖြစ်ခဲ့သည်။
ဗြိတိသျှ ကိုလိုနီခေတ်အတွင်း သာမန် နွားကျောင်းသား ဘဝမှ စီးပွားရေး လုပ်ငန်းရှင်ကြီး ဖြစ်လာပြီး သူ၏ စည်းစိမ်ဥစ္စာကို အင်အားကြီးမားသော အင်္ဂလိပ်ပိုင် Irrawaddy Foltilla ကုမ္ပဏီကို ယှဉ်ပြိုင် အန်တုရန်နှင့် အင်္ဂလိပ်နှင့် အိန္ဒိယ စီးပွားရေး သမားများ၏ ခေါင်းပုံဖြတ် အမြတ်ထုတ်မှုကြောင့် ဆင်းရဲတွင်းထဲ ကျရောက်နေသည့် မြန်မာ တိုင်းရင်း သားများကို ကူညီရန်အတွက် အသုံးပြုခဲ့သူ ဖြစ် သည်။ နိုင်ငံခြားကုမ္ပဏီများ၏ အမြတ်အစွန်းကို သူ့ဆီရောက်အောင် ခွဲယူနိုင်သူဖြစ်သည့်အတွက် ကိုလိုနီခေတ်တွင် မြန်မာပြည်သူတို့၏ သူရဲကောင်း ဖြစ်ခဲ့သည်။ သူနှင့်ခေတ်ပြိုင် စီးပွားရေးသမားများ ပြုလုပ်နိုင်ခြင်းမရှိသည့်အလုပ်ကို လုပ်ပြနိုင်ခဲ့သည်။
၁၈၃၂ ခုနှစ်တွင် မွန်တိုင်းရင်းသား တောင်သူ လယ်သမား မိဘများမှ မွေးဖွားခဲ့သော ဦးနာအောက်သည် စီးပွားရေးသမား ဘဝကို သစ်လုပ်ငန်းဖြင့် စတင်ခဲ့ပြီး ဒေသခံ သူဌေးတယောက်က သူ့ကို ကူညီပေးခဲ့သည်။ နောက်ပိုင်းတွင် ဆန်စပါးရောင်းဝယ် ရေး၊ မီးသင်္ဘော ပြေးဆွဲခြင်းလုပ်ငန်းနှင့် ငွေချေး ငှားခြင်းလုပ်ငန်းများကို တိုးချဲ့နိုင်လာသည်။
မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ၁၀ မိုင်ခန့် ဝေးသော ခရဲ ရွာတွင်မွေးဖွားခဲ့သော လူငယ်ကလေး ကို တနေ့တွင် အမျိုးသားရေးစိတ် ပြည့်ဝသော မျိုးချစ်သူဌေးကြီးတဦး ဖြစ်လာမည်ဟု မည်သူမျှ တွေးထင်မိခဲ့ကြမည် မဟုတ်ပါ။ သို့သော်လည်း လျင်မြန်စွာပင် သူတိုးတက်ကြီးပွားလာပြီး အင်အားကြီး ဗြိတိသျှ ကုမ္ပဏီများကို အန်တု ယှဉ်ပြိုင်ခဲ့သည့် အတွက် အစိုးရ မူလတန်းကျောင်းများ၏ သမိုင်းစာအုပ်တွင် သူ့အကြောင်းကို ထည့်သွင်း သင်ကြားပေးရသည် အထိ ချီးကျူးဂုဏ်ပြုခံရသည်။
၂၀၁၃ နှစ်တွင် ဦးနာအောက် ကွယ်လွန်ခြင်း နှစ် ၁၀ဝ ပြည့်ခဲ့ပြီဖြစ်သည်။ သို့သော် သူဆောက်လုပ် လှူဒါန်းခဲ့သော ကော့နှက်ရွာမှ ကျောင်းကြီးက ထည်ဝါခမ်းနားနေဆဲဖြစ်ပြီး လူတွေက သူလုပ် ဆောင်ခဲ့သည် များအတွက် ချီးကျူးဂုဏ်ပြုနေကြဆဲ ဖြစ်သည်။
“ဦးနာအောက် ရည်ရွယ်ချက်က ဗြိတိသျှနဲ့ အိန္ဒိယ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ ခေါင်းပုံဖြတ် မှုကနေ ဆင်းရဲတဲ့ပြည်သူတွေ လွတ်မြောက်နိုင်ဖို့ပါ” ဟု ကျောင်းကြီးကို ထိန်းသိမ်းစောင့်ရှောက်နေသူ ဦးအေးချိုက ပြောသည်။
ဦးနာအောက်သည် မွေးဖွားရာ မွန်ပြည်နယ်မှ ကျေးရွာလေးအတွက်သာမက တနိုင်ငံလုံး ကိုယ်စားပြုသော မြန်မာ စွန့်ဦးတီထွင် လုပ်ငန်းရှင်ကြီး တဦး၊ မျိုးချစ်ပုဂ္ဂိုလ် တဦး ဖြစ်သည်ဟု သူက ဆက်ပြောသည်။
မြန်မာပြည်နှင့် ထိုင်းနိုင်ငံတွင် သစ်လုပ်ငန်း လုပ်ရင်း ချမ်းသာကြွယ်ဝ လာပြီးသည့်နောက် ငွေချေး လုပ်ငန်းနှင့် ဆန်စပါးရောင်းဝယ်ရေး လုပ်ငန်းများသို့ ဦးနာအောက် လုပ်ငန်းချဲ့ထွင်ခဲ့သည်။ နိုင်ငံခြားသား စီးပွားရေးသမားများက အတိုးနှုန်း မြင့်မားစွာဖြင့် ဒေသခံပြည်သူများသို့ ငွေထုတ်ချေးပြီး လယ်ယာ မြေများကို ဈေးနှုန်းနှိမ်ပြီး ဝယ်ယူကြောင်း သူသိခဲ့ သည်။
ထို့ကြောင့် သူက ကွဲပြားသော နည်းလမ်းဖြင့် လုပ်ချင်သည်။ အတိုးနှုန်းသက်သာစွာဖြင့် ငွေထုတ် ချေးပြီး လယ်မြေများကို ဈေးပိုပေးကာ ဝယ်ယူသည့်အတွက် တရုတ်နှင့် အိန္ဒိယ စီးပွားရေးသမားများထံမှ ဖောက်သည်များကို သူ့ထံသို့ ရောက်လာအောင် ဦးနာအောက် ဆွဲဆောင်နိုင်ခဲ့သည်။ ငွေချေးလုပ်ငန်းက ဦးနာအောက်အတွက် အကျိုးအမြတ်များစွာ ရရှိစေနိုင်ခြင်း မရှိသော်လည်း ဆင်းရဲသား တောင်သူ လယ်သမားများ၏ ဘဝကို စာနာနားလည်ပြီး ဆင်းရဲခြင်း သံသရာမှ ရုန်းထွက်နိုင်အောင် ကူညီပေးလို ခြင်းသာ။
၁၉၁၀ ခုနှစ်တွင် လုပ်ငန်းအသစ် ဖြစ်သော Burmese Steam Navigation and Trading Company ကို စွန့်စား တည်ထောင်လိုက်သည်။ သူ၏ အစုရှယ်ယာရှင် ပညာတတ် တဦးဖြစ်သော ဦးရွှေလှေးကို စကော့တလန်သို့ စေလွှတ်ပြီး ဂလပ် စကိုမြို့ရှိ Mc Kie & Baxter Company မှ ၂ ထပ် သင်္ဘော ၈ စီးနှင့် ၁ ထပ်သင်္ဘော ၁ စီး၊ စုစု ပေါင်း သင်္ဘော ၉ စီး ဝယ်ယူလိုက်သည်။ ထို့နောက် မော်လမြိုင် တဖက်ကမ်းရှိ မုတ္တမမြို့တွင် သင်္ဘော ကျင်းတခုလည်း တည်ဆောက်ခဲ့သည်။
ဦးနာအောက်၏သင်္ဘောကုမ္ပဏီသည် ဗြိတိသျှ ပိုင် Irrawaddy Foltilla ကုမ္ပဏီက ကုန်စည်နှင့် ခရီးသည် ပို့ဆောင်ရေးလုပ်ငန်းများ လုပ်ကိုင်နေ သည့် သံလွင်မြစ်အောက်ပိုင်း၊ အတ္ထရံမြစ်နှင့် ဂျိုင်း မြစ်တို့တွင် ခရီးစဉ်များ စတင်ပြေးဆွဲခဲ့သည်။
ထိုအခါတွင် ဦးနာအောက်၏ ကုမ္ပဏီသစ်က Irrawaddy Foltilla အတွက် ခြိမ်းခြောက်မှု ဖြစ်လာသည်။ ဦးနာအောက်က သင်္ဘောခကို Irrawaddy Foltilla နှင့် ဈေးတူ ကောက်ခံသော်လည်း ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ သက်ကြီး ရွယ်အိုများနှင့် ကလေးများကို အခကြေးငွေ မယူဘဲ စီးနင်းခွင့်ပြုခဲ့သည်။
ဘာသာတရားကို ရိုသေကိုင်းရှိုင်းသည့် ဗုဒ္ဓ ဘာသာဝင် တယောက်အနေဖြင့် ကုသိုလ်ပြုခြင်း လည်း ဖြစ်သည်။ သို့သော် ဗြိတိသျှကုမ္ပဏီအတွက်မူ ခရီးသည် အမြောက်အမြားဆုံးရှုံးခဲ့ရ၏။ နောက်ပိုင်း တွင် သင်္ဘောခ ယှဉ်ပြိုင်သည့် တိုက်ပွဲဖြစ်လာပြီး ခရီး သည်များကို ပြန်လည်ဆွဲဆောင်နိုင်ရေးအတွက် Irrawaddy Foltilla က သင်္ဘောခကို တဝက် လျှော့ချပေးလိုက်သည်။ ဦးနာအောက်ကလည်း တုံ့ပြန်သည့် အနေဖြင့် သင်္ဘောခကို ဗြိတိသျှ ကုမ္ပဏီထက် ပိုလျှော့ချပေးလိုက် သဖြင့် Irrawaddy Foltilla လည်း သင်္ဘော ခကို ထပ်မံလျှော့ချဖို့ဖြစ် လာရသည်။ ထိုသို့ အပြိုင် အဆိုင် လျှော့ချကြရင်း နောက်ဆုံးတွင် ကို သင်္ဘော အလကား စီးခွင့်ပြုဖို့ နှစ်ဖက်လုံးက ဆုံးဖြတ်လိုက်ရသည်အထိ ဖြစ်လာရတော့သည်။
ထို့နောက် တဖန် သည်များကို အလကား စီးခွင့်ပြုရုံသာမက ဆောင်ပစ္စည်းပါ ပေးကြပြန်သည်။ ကုမ္ပဏီနှစ်ခု ပြိုင်ဆိုင်မှုက လုပ်ငန်းနှင့် ဆက်စပ်နေသော အခြားနေရာ များအထိပါ ရောက်ရှိသွားပြီး ပင်မဆိပ်ကမ်း များတွင် ဆိုက်ကပ်၊ ထွက်ခွာခွင့် ရရှိရေးအတွက် နှစ်ဖက်ကုမ္ပဏီများ တရားရုံးတွင် ရင်ဆိုင်ကြရသည်အထိ
သို့သော်လည်း နောက်ဆုံးတွင် အင်အားကြီးသော ဗြိတိသျှ ကုမ္ပဏီကို ဦးနာအောက်ဟာ ဆက်လက် ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့ပါ။ နှစ်ပေါင်းများစွာ ပြိုင်ဆိုင်ခဲ့ပြီးနောက်တွင် ဆက်မလုပ်နိုင်တော့ဘဲ သူပိုင်ဆိုင်သော သင်္ဘောများကို Irrawaddy Foltilla သို့ မရောင်းချင်ဘဲ ရောင်းချပြီး အရှုံးပေး လိုက်ရသည်။
ဦးနာအောက်၏ အတ္ထုပ္ပတ္တိကို ရေးသားသူ Kalyana က “ရင်းနှီးမြှုပ်နှံမှု စတာလင်ပေါင် သန်း ၂၀ဝ အထိရှိသည့် Irrawaddy Foltilla ကုမ္ပဏီက အိန္ဒိယ ရူပီး ၁ သန်းသာ ရင်းနှီးထားနိုင်သော ဦးနာအောက်၏ ကုမ္ပဏီကို ကြီးမားသော ဖိအားများ ဆက်တိုက်ပေးနိုင်ခဲ့သည်” ဟု ရေးသားခဲ့ပါသည်။
ဦးနာအောက်၏ ရည်မှန်းချက်များက ရှင်းပါ သည်။ ၁၉၁၀ ခုနှစ်က သူ၏ကုမ္ပဏီကို ကြေညာရန် အတွက် ထုတ်ပြန်ခဲ့သော နှိုးဆော်ချက် တစောင်တွင် ဦးနာအောက်က “ကုမ္ပဏီ၏ ရည်ရွယ်ချက်မှာ မြန်မာ တိုင်းရင်းသားများသည်လည်း ကိုယ်ပိုင်လုပ်ငန်းများ တည်ထောင် လုပ်ကိုင်နိုင်စွမ်း ရှိကြောင်း ကမ္ဘာက သိအောင် ထင်ရှားစွာ ပြသနိုင်ရန်ဖြစ်သည်” ဟု ရေးသားခဲ့၏။
Kalyana က အတ္ထုပ္ပတ္တိ စာအုပ်တွင် မြန်မာ စီးပွားရေးလုပ်ငန်းရှင် ဦးနာအောက် ထင်ရှားကျော် ကြားရခြင်းမှာ ချမ်းသာကြွယ်ဝမှုကြောင့်သာ မဟုတ်ဘဲ သူ၏ စေတနာ သဒ္ဓါတရား ထက်သန်မှုနှင့် မျိုးချစ်စိတ်ဓာတ်ကြောင့် ဖြစ်သည်ဟု ရေးသားခဲ့သည်။
ယနေ့အချိန်တွင် သူ၏ ဂုဏ်သတင်းသည် မြန်မာများအတွင်း သာမက နိုင်ငံရပ်ခြား အထိ ပျံ့နှံ့ ရောက်ရှိနေပြီဖြစ်သည်။ သူ၏ အတ္ထုပ္ပတ္တိကို ယမန် နှစ်က အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထုတ်ဝေခဲ့သည်။
ဦးနာအောက် လှူဒါန်းခဲ့သည့် ကျောင်းကြီး အတွင်းဘက်တွင် ထိုင်ရင်း နိုင်ငံခြားသား ကမ္ဘာ လှည့်ခရီးသည်များ ပိုမိုရောက်ရှိလာသည်ဟု ပြောပြ သည်။ ခရီးသွားလမ်းညွှန်စာအုပ်များတွင် ပါဝင်ခြင်း မရှိသော်လည်း ဒေသခံ ဧည့်လမ်းညွှန်များက စီစဉ် ထားပြီးဖြစ်သည့် ခရီးစဉ်များအတွင်းတွင် အပိုလက်ဆောင် ပေးသည့်အနေဖြင့် ဦးနာအောက်၏ ကျောင်းသို့ လိုက်ပို့ပေးတတ်ကြသည် ဟုလည်း သူကဆိုသည်။
ကျောင်းကြီး၏ ဧည့်သည်မှတ်တမ်း စာအုပ်ကို ကြည့်ရင်း မွန်အမျိုးသား ဦးအေးချိုက ဇန်နဝါရီလ တလတည်း အတွင်းမှာပင် ဂျာမနီ၊ ဆွစ်ဇာလန်၊ ပြင်သစ်နှင့် အခြားနိုင်ငံများမှ ကမ္ဘာလှည့်ခရီးသည် ၄၀ဝ ခန့် လာရောက်ခဲ့ကြကြောင်း ပြောပြသည်။အများစုက အလွန်သဘောကျ နှစ်ခြိုက်ခဲ့ကြပြီး “တချို့ဆိုရင် ဒီကို နှစ်ကြိမ်တောင် လာတယ်” ဟု သူကဆိုသည်။
ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Kyaw Zwa Moe ၏ A Burmese Tycon You Can’t Find Today ကို ဘာသာပြန်ဆိုသည်။