စီးပွားရေး လုပ်ငန်းများအတွက် အခြေခံ အဆောက်အဦ (Infrastructure) များချို့ငဲ့မှု၊ လျှပ်စစ်မီး မလုံလောက် မှု၊ မြေရာရုံးခန်းငှားခများ ဈေးကြီးမြင့်မှုမှ သည် စီးပွားရေးလုပ်ဆောင်မှုများတွင် တရားဥပဒေအရ အကာ အကွယ်ပေးမှု အားနည်းနေသေးခြင်း၊ အဆုံးမသတ်သေးသည့် ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မှုအထိ အတားအဆီးများရှိနေသည့်တိုင် ပွင့်လင်းစ မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုများ ဆက်တိုက်စီးဝင် နေဆဲဖြစ်သည်။
မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည့် စာရင်း ဇယားများအရ လက်ရှိအနေအထားတွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းပမာဏမှာ ဒေါ်လာ ၄၄ ဘီလီယံကျော် ရှိသည်။ ၁၉၈၉ ခုနှစ်မှ စတင်သော နှစ်၂၀ ကျော်ကာလအတွင်း စီးဝင်သည့် ပမာဏဖြစ်သည်။ထပ်မံ၍နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန် အစိုးရက ကြိုးပမ်းနေသည်။
ထိုအနေအထားမျိုးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို မျှော်လင့်ရင်း စီးပွားရေးဖွံ့ဖြိုးမှုကို အရှိန်ယူနေသော အချိန်တွင် နိုင်ငံတခု၏ အရေးကြီးသော အင်အားဟုဆိုနိုင်သည့် နိုင်ငံခြားအရန်ငွေနှင့် ပြည်တွင်းစုဆောင်း ငွေပမာဏ မြင့်မားရန်လိုသည်ကိုလည်း အဓိကသတိပြုရမည်ဖြစ်ကြောင်း စီးပွားရေးပညာရှင်များက ထောက်ပြကြသည်။
မြန်မာနိုင်ငံ၏ စုဆောင်းငွေပမာဏမှာ လက်ရှိအခြေအနေတွင် ပြည်တွင်း စုဆောင်းငွေတန်ဖိုး ဒေါ်လာ ၈ ဘီလီယံကျော်ရှိပြီး နိုင်ငံခြားအရန်ငွေနှင့် ရွှေနှစ်ခုပေါင်း တန်ဖိုးမှာလည်း ၈ ဘီလီယံကျော် ဖြစ်ရာ နှစ်ခုပေါင်း တန်ဖိုး ၁၇ ဘီလီယံဝန်းကျင်သာ ရှိနေသည့် အခြေအနေဖြစ်သည်။
ထို့အတွက် ယခုရှိနေသော မြန်မာနိုင်ငံ၏ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ပမာဏ ၄၄ ဘီလီယံ နှင့် ယှဉ်ပါက စုဆောင်းငွေပမာဏလွန်စွာ နည်းပါးနေသည်ဖြစ်ရာ ယင်းအနေအထားကို စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကိုက ပြည်ပရင်း နှီးမြှပ်နှံမှုကိုသာမှီနေရသော အားနည်းသည့် စီးပွားရေးအခြေအနေဟု မှတ်ချက်ပြုသည်။
“ပြည်တွင်း စုဆောင်းမှုကလည်း သန်း ၆၀ ရဲ့ ၄ ရာခိုင်နှုန်းလောက်ပဲ စုတယ်။ ပြည်သူ့ငွေရယ်၊ ဗဟိုဘဏ်ရဲ့ ငွေရယ်၊ နှစ်ခုပေါင်း ငွေကြေးက FDI ရဲ့ထက်ဝက်တောင်မရှိဘူး။ အဲသလိုအနေအထားမှာ ဖြစ်နေတဲ့ ပကတိ စီးပွားရေးအခြေအနေကို သိဖို့လိုတယ်” ဟု ဒေါက်တာ အောင်ကိုကိုက ပြောသည်။
နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ခန့်မှန်းထားသည့် မြန်မာနိုင်ငံ၏ ပြည်တွင်း အသားတင် ကုန်ထုတ်လုပ်မှု စုစုပေါင်းတန်ဖိုး (GDP) ပမာဏ ဒေါ်လာ ၅၄ ဘီလီယံနှင့် လက်ရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ ၄၄ ဘီလီယံတို့၏ ကွာဟမှု အနည်းငယ်သာရှိခြင်းကလည်း ပြည်ပရင်းနှီးမြှုပ်နှံမှုကို ပိုမိုတည်မှီနေသည့် အရှိအခြေအနေကို တွေ့မြင်စေသည်ဟု ၎င်းက ထောက်ပြသည်။
ယင်းသို့သော အနေအထားတွင် တဖက်မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးများလာခြင်းမှာ ကောင်းသော ရလဒ်တခုဖြစ်သော်လည်း စုဆောင်းငွေ ပမာဏ မြင့်တက်မလာပါက နိုင်ငံ၏ရေရှည် အမှန်တကယ် စီးပွားရေးဖွံ့ဖြိုးမှုဟု ယူဆ၍မရကြောင်း သမ္မတ ဦးသိန်းစိန်၏ စီးပွားရေးနှင့် လူမှုရေးအကြံပေး ဒေါက်တာ ဇော်ဦးက ပြောသည်။
“FDI ကတော့ တနှစ်နဲ့တနှစ် နှစ်အလိုက်ရတာ တူချင်မှတူမယ်။ တချို့နှစ်မှာ တက်သွားမယ်၊ တချို့ နှစ်မှာ ကျတာရှိမယ်။ FDI ဘက်ကိုပဲကြည့်ပြီး ကျနော်တို့က ဒါကိုကျေနပ်နေလို့ မရဘူးပေါ့။ တကယ့် နိုင်ငံတခုရဲ့ အင်အားဆိုတာကတော့ နိုင်ငံထဲမှာရှိတဲ့စုငွေနဲ့ နိုင်ငံတကာရန်ပုံငွေကို စုထားနိုင်တဲ့ဟာပါပဲ” ဟု ၎င်းက ပြော သည်။
စုငွေအင်အား နည်းပါးနေမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ နုနယ်သေးသော ပြုပြင်ပြောင်းလဲရေး ကာလ နှစ်သက်တမ်းအရစီးပွားရေးဖွံ့ဖြိုးမှုကို သုံး သပ်ရန် စောနေသေးကြောင်း၊ နိုင်ငံတကာစီးပွားရေး ပြုပြင် ပြောင်းလဲမှုဖြစ်စဉ်များကို ကြည့်မည်ဆိုလျှင်လည်း စုငွေများ ဖွံ့ဖြိုးတိုးတက်မှု အပိုင်းမှာ ကြန့်ကြာလေ့ရှိကြောင်း ဒေါက်တာဇော်ဦးက ဆိုသည်။
“FDI နဲ့ယှဉ်ပြီးတော့ စုငွေက နည်းနေတာကို ကျနော်တို့စီးပွားရေးရဲ့ အားနည်းချက်တချက်လို့ တော့ ပြောမရဘူး၊ ဒါပေမယ့် စုငွေတွေနည်းခဲ့တဲ့ အကြောင်းရင်းကတော့ ကျနော်တို့ စီးပွားရေးရဲ့ အားနည်းချက် တရပ်လို့ ပြောလို့ရတယ်။ အကယ်၍ စုငွေတွေ တက်လာအောင် နောက်တနှစ်၊ နှစ်နှစ် အတွင်းမှာမလုပ်နိုင်ဘူး ဆိုရင်တော့ကျနော်တို့စီးပွား ရေးဟာ ရေရှည် တိုးတက်နိုင်မယ့် အခြေအနေရှိရဲ့လား ဆိုတဲ့ဟာက မေးခွန်း ထုတ်စရာရှိလာပါပြီ” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင်ငွေကြေးစနစ်အပေါ် ယုံကြည်မှု အားနည်းနေသေးခြင်းနှင့် ထပ်တူဘဏ်များတွင် အပ်ငွေ ရှားပါးခြင်း၊ လက်ရှိဖြစ်ပေါ်သော နိုင်ငံ၏ အခြေအနေအရ အိမ်ခြံမြေနှင့် ရွှေတို့တွင်သာ ငွေကို မြှုပ်နှံကြခြင်း တို့ကလည်း ပြည်တွင်းစုဆောင်း ငွေပမာဏနည်းပါးခြင်းနှင့် ဆက်စပ်လျက်ရှိကြောင်း သိရသည်။
“စုငွေမရှိတဲ့အခါ ပြန်ပြီးတော့ ချေးငွေဆိုတာလည်း မလုပ်နိုင်ဘူး။ ချေးငွေမလုပ်နိုင်တဲ့ အခါကျတော့ အကူးအပြောင်းကာလ တံခါးပွင့်လာလို့ စွန့်ဦးတီထွင် လုပ်ချင်တဲ့သူတွေကလည်း သူတို့လုပ်ချင်တဲ့ အတိုင်း အတာအတွက် ဘဏ်မှာငွေသွားချေးမယ် ဆိုရင် ဘဏ်မှာငွေမရှိဘူး ဖြစ်နေတယ်။ ရင်းနှီးမြှုပ်နှံမယ့်ဟာက ကိုယ့်ပြည်တွင်းထဲမှာ လုပ်မရဘူး ဖြစ်နေတယ်၊ ဒါကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ပိုပြီးတော့ ဖိတ်ခေါ် နေရတာ ဖြစ်တယ်။ ဒါတွေအားလုံးက ဆက်စပ်နေပါတယ်” ဟု ဒေါက်တာ ဇော်ဦးက ပြောသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုအပိုင်း တွင်ပြီးခဲ့သည့်နှစ် ဝင်ရောက်ခဲ့မှုမှာ အရှေ့တောင်အာရှဒေသ တွင်းနိုင်ငံများအတွင်း အများဆုံးနိုင်ငံ ဟုပင်ပြော၍ရပြီး ယခင်ကအမြဲနောက်ဆုံးမှ လိုက်နေရာမှာ ယခုအခါတွင်ရင်းနှီးမြှုပ်နှံမှု အသိုင်းအဝိုင်း၌ အမြင့်ဆုံးသူများ စဉ်းစားအခံရဆုံး နိုင်ငံတနိုင်ငံအဖြစ် ရောက်ရှိနေပြီဟု ၎င်းကဆိုသည်။
ယင်းသို့သော အရှိန်ရစ ပြုလာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပိုင်းကို ဆက်လက်တိုးပွားလာရန် လုပ်ဆောင်နေရမည် ဖြစ်ကြောင်းနှင့် FDI များနှင့်အတူ နိုင်ငံတကာ အကူအညီများ၊ ချေးငွေများကို ထိရောက်စွာအသုံးချ၍ အားနည်းနေသော အရန် ငွေကဏ္ဍကိုတိုးပွားရန်လုပ်ဆောင်သွားဖို့လိုကြောင်း စီးပွားရေးပညာရှင်တဦးဖြစ်သည့် ဦးမော်သန်းက ပြောသည်။
“အရန်ငွေ အများကြီး မရှိတဲ့အခါကျတော့ လည်း ပိုငွေတွေ ပေါ်လာအောင် ပြည်ပအရင်းအနှီး အားကိုး ရမှာပေါ့။ နိုင်ငံတကာအကူညီတွေရှိတယ်၊ ချေးငွေတွေရှိမယ်၊ နောက်စီးပွားရေးလုပ်ငန်း လုပ်ကိုင်တဲ့ အဖွဲ့ အစည်းတွေ အနေနဲ့ FDI တွေရှိမယ်၊ ဒါတွေကနေတဆင့် ပိုငွေပေါ်လာအောင် ထိထိရောက်ရောက် သုံးစွဲဖို့ အဓိကကျတယ်” ဟု ၎င်းက ပြောသည်။
ယခုကဲ့သို့ အားနည်းနေသော စီးပွားရေး အခြေအနေနှင့်အတူ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး အရှိန်ယူနေသည့် အချိန်တွင် ပြည်တွင်းအရင်းအနှီး လိုအပ်ချက်နှင့် လုပ်နိုင်ကိုင်နိုင်စွမ်းအားအတွက် များစွာလိုအပ်နေသော FDI များ ပိုမိုဝင်ရောက်ရန်မှာ ခရာကျနေပြီဖြစ်သည်။
သို့သော် ထို FDI များ ပိုမိုဝင်ရောက်လာနိုင်ရန် အရေးကြီးသည့် အတားအဆီး စိန်ခေါ်မှုတခုထပ်၍ ရှိနေသေး သည်။ ယင်းမှာရင်းနှီးမြှုပ်နှံမှုများ ပြုလုပ် ရာတွင် တရားဥပဒေအရ အကာအကွယ်ပေးနိုင်မှု အပိုင်းအားနည်း ခြင်းပင်ဖြစ်သည်။ မြန်မာနိုင်ငံသည် လက်ရှိအချိန်အထိ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင် အန္တရာယ်အရှိဆုံး နိုင်ငံများစာရင်းတွင် ပါဝင်နေသည်။
ယင်းအပိုင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက “ Investor တွေက ဒါကို အဓိကပြောပါတယ်၊ တရားဥပဒေ စိုးမိုး ရေးပေါ့။ အရင်တုန်းက ဖြစ်ဖူးတယ်၊ သူတို့ရဲ့ Investment တွေ ပျောက်ဆုံးသွားတာ၊ အလိမ်ခံရတာတွေပေါ့။ ဒါမျိုးတွေကလည်း တောက်လျှောက်ရှိပါတယ်” ဟု ပြောသည်။
“Business မှာ အရေးယူတဲ့ အပိုင်းတွေ၊ ဖျန်ဖြေတဲ့ ပြဿနာတွေပေါ့။ အရင်က ကုမ္ပဏီတခုနဲ့တခု ငွေလိမ် သွားတာတွေ၊ စာချုပ်ဖောက်ဖျက်တာတွေ ပေါ့။ ဒီဟာတွေဟာ Investment Law နဲ့ မဆိုင်ပါ ဘူး။ သူတို့က Civil Law တို့နဲ့ ဆိုင်မယ်၊ ဥပဒေ ပေါင်းစုံပေါ့နော်၊ ဒါတွေကို လုပ်ရမယ်။ ဒါကြောင့် လည်း အခုနိုင်ငံခြားက အကူအညီပေးကြဖို့ ဥပဒေနဲ့ ပတ်သက်တာတွေ အများကြီးလာနေပါတယ်” ဟု ဒေါက်တာ မောင်မောင်လေးက ဆိုသည်။
သုံးသပ်ချက်များကို ခြုံငုံကြည့်မည်ဆိုပါက မြန်မာနိုင်ငံတွင် ရေရှည်စီးပွားရေး ဖွံ့ဖြိုးမှုနှင့် ဆက်စပ်နေသော နိုင်ငံ၏အင်အား အရန်ငွေနှင့် စုငွေပမာဏ မြင့်မားလာရေး လိုအပ်ချက်၊ ထိုလို အပ်မှုနှင့်အတူ စီးပွားရေးဖွံ့ဖြိုးမှု အရှိန်မြင့်မားလာရေးအတွက် မရှိမဖြစ်နေရာတွင် အရေးအပါဆုံး အရင်းအနှီး FDI ၊ ထို FDI များ ပိုမိုဝင် ရောက်လာရန် ရေခံမြေခံ အခင်းအကျင်းလိုအပ်ချက်၊ ထိုအခင်းအကျင်းလိုအပ်ချက်များကို အကောင်အထည် ဖော်ယူမည့်မူဘောင်များ လိုအပ်ချက်၊ ထိုမူဘောင်လိုအပ် ချက်များကို ချမှတ်လုပ်ဆောင်မည့် နိုင်ငံဦးဆောင် သူတို့၏ အရည်အချင်း လိုအပ်ချက် စသည်တို့ ချိတ်ဆက်နေကြသည်။ ထိုချိတ်ဆက်မှုများနှင့် နိုင်ငံတွင် မရှိသေးသော အရင်းအနှီးများ ဝင်လာအောင် လုပ်ရမည်ဖြစ်သည်။