စီးပွားရေး

အိမ်ဈေးက လက်လီဆိုင်များ ဖွံ့ဖြိုးရေးကို ခက်ခဲနေစေ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အမြတ်အစွန်း ပြန်လည်ရရှိမှု နည်းပါးနေသေးသည့် အချိန်တွင် အိမ်ခြံမြေဈေးနှုန်းများ အဆမတန်မြင့်တက်နေမှုကြောင့် အခက်အခဲတွေ့နေရသည့် ရန်ကုန်မြို့မှ ပြည်တွင်း လုပ်ငန်းရှင်များ၏ ဖွံ့ဖြိုးလာခါစ Convenience Store (အချိန်မရွေး ဝယ်ယူနိုင်သော ကုန်မျိုးစုံ လက်လီဆိုင်) များသည် နိုင်ငံခြားမှ ပြိုင်ဖက်လုပ်ငန်းများ ဝင်ရောက်မလာမီ အခြေတကျဖြစ်ရန် ကြိုးစားနေကြသည်။

ပြီးခဲ့သော၂ နှစ်ခန့်ကာလအတွင်း City Mart Holdings၊ Myanmar Indo Best နှင့် Capital Hypermart စသည့် ပြည်တွင်း လုပ်ငန်းကြီးများ၏ Convenience Store များ ရန်ကုန်မြို့တွင် အများအပြား ပေါ်ပေါက်လာခဲ့သည်။ ဆိုင်များသည် ရန်ကုန်မြို့၏ စီးပွားရေး အချက်အခြာနေရာများ၊ အများအားဖြင့် မြို့လယ်ရှိ ကျောက်တံတား၊ လသာ၊ ပန်းပဲတန်း၊ လမ်းမတော်၊ ပုဇွန်တောင် နှင့် ဗိုလ်တထောင် မြို့နယ်များတွင် စုပြုံတည်ရှိနေကြပါသည်။

လက်ရှိအချိန်တွင် Myanmar Indo Best ၏ ABC Convenience Store များ ရန်ကုန်မြို့ အနှံ့အပြားတွင် ဆိုင် ၅၀ ခန့် ရှိနေပြီး City Mart က City Express ဆိုင်ခွဲ ၃၀ ဖွင့်လှစ်ထားပြီး ဖြစ်၍ Capital Hypermart ၏ Grab & Go က ၁၀ ဆိုင် နီးပါးရှိနေသည်။

ခြေလျင်လျှောက်သွားကြသူများနှင့် ပုံမှန်ဝင်ရောက်လာပြီး ပစ္စည်း အနည်းငယ်ဝယ်ယူသွား တတ်သူများ အပေါ်တွင် မှီခို နေရသည့် Convenience Store များအတွက် လူနေထူထပ်ပြီး သွားလာရောင်းဝယ်ရေး လွယ်ကူ အဆင်ပြေသည့် နေရာဖြစ်ရန် လိုသည်။ သို့သော်လည်း လုပ်ငန်းရှင်များအတွက် ကံမကောင်းသည့် အချက်မှာ ရန်ကုန်မြို့ တွင်းမှ အိမ်ခြံ မြေဈေးနှုန်းများနှင့် ငှားရမ်းခများက မတန်တဆမြင့်တက်လာနေခြင်း ဖြစ်သည်။ ကုန်ကျစားရိတ် ပိုမိုလာခြင်းကြောင့် လုပ်ငန်း ထိခိုက်ကျဆင်းမှုတွေလည်း ရှိလာစေ၏။

၂၀၁၂ ခုနှစ်ကထဲက ရန်ကုန်မြို့၏ အချက်အချာနေရာများတွင် City Express Convenience Store များဖွင့်လှစ်ရောင်းချ ခဲ့သော်လည်း အခုအချိန်အထိ လုပ်ငန်းမှ အမြတ်မပေါ်သေးကြောင်း City Mart Holding မှ ဒါရိုက်တာ ဒေါ်ဝင်းဝင်းတင့်က ပြောပြသည်။ ဆိုင်တဆိုင်ချင်းစီ အတွက် ကနဦးရင်းနှီးငွေ (ဆိုင်ခန်း ငှားရမ်းခ မပါ) ကျပ်သိန်း ၁၀၀၀ ခန့် အနည်းဆုံး သုံးစွဲခဲ့ရသည် ဟုလည်း သူက ဆိုသည်။

“လူစည်ကားတဲ့နေရာတွေမှာ နေရာကောင်းတခုရဖို့က ခက်နေတုန်းပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့က မြေညီထပ်မှာ ဆိုင်ဖွင့်နိုင်ဖို့လိုတယ်။ မြို့လယ်နေရာတွေမှာ ငှားရမ်းခက အရမ်းဈေးကြီးတယ်။ အဲဒါကြောင့် ကျမတို့ ဆိုင်တွေ တိုးချဲ့ဖွင့်နိုင်ရေးမှာ ဒီပြဿနာက အဓိက ဖြစ်လာတယ်” ဟု ဒေါ်ဝင်းဝင်းတင့်ကပြောသည်။

မုန့်အမျိုးမျိုး၊ အဖျော်ယမကာ၊ စီးကရက်နှင့် အိမ်သုံးပစ္စည်း အသေးစားများ ရောင်းချပေးနေသည့် Convenience Store ဆိုင်များက ယခင်က ထိုပစ္စည်းများကို စူပါမားကက်ကြီးများ၊ ဈေးဝယ် စင်တာများတွင်သာ ဝယ်ယူလေ့ရှိသော မြန်မာ နိုင်ငံသား အများအပြား၏ အလေ့အထကို ပြောင်းလဲပစ်နိုင်ခဲ့သည်။ ထိုလက်လီဆိုင်လေးများက တနေ့လျှင် ၂၄ နာရီ ဖွင့် လှစ်ရောင်းချနိုင်ခြင်းကလည်း ဆွဲဆောင်မှုတခုဖြစ်ပါသည်။

သို့သော်လည်း အဓိက အချက်ဖြစ်သည့် အဆင်ပြေလွယ်ကူမှုရှိစေရန်အတွက် နေရာက မြေညီထပ်တွင်ရှိရမည် ဖြစ်သည်။ မြေညီထပ်ဆိုသည်မှာလည်း ဈေးအကြီးဆုံးထဲမှာ ပါဝင်နေသဖြင့် ရွေးချယ်ရန် အကန့်အသတ် ရှိနေသည်။ ရန်ကုန်မြို့လယ် အချက်အချာရှိ ကျောက်တံတားမြို့နယ်အတွင်းမှ ဧရိယာ စတုရန်း ၁၂၀၀ ပေရှိသော မြေညီထပ်တခန်း၏ ငှား ရမ်း ခမှာ တလလျှင် ကျပ် သိန်း ၂၀ မှ ၅၀ ဝန်းကျင်ခန့်အထိ ခေါ်ဈေး ရှိနေသည်ဟု အိမ်ခြံမြေ အကျိုးဆောင် တဦးထံမှ သိရသည်။ ငှားရမ်းသူက အနည်းဆုံး ၁ နှစ် ငှားရမ်းဖို့လည်း သဘောတူ ရမည်ဖြစ်သည်။

“လမ်းငယ်လေးတွေထဲမှာဆိုရင်တော့ အဓိက လမ်းမကြီးတွေထက် ဈေးတဝက်လောက် သက်သာတယ်။ ရန်ကုန်မှာ ကျောက်တံတားမြို့နယ်က ဈေးနှုန်းအမြင့်ဆုံးပဲ” ဟု ရန်ကုန်အခြေစိုက် Unity အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦး ဇော်ဇော်က ပြောသည်။

တနှစ်စာ ငှားရမ်းခမှာ အမြင့်ဆုံး ပျမ်းမျှ ကျပ်သိန်း ၅၀၀ ကျော်ခန့်ဖြစ်နေသည့်အတွက် အမြတ်အစွန်းရရှိရေးက မရေမရာဖြစ်နေသည်။

၂၀၁၂ ခုနှစ်အတွင်းတွင် အမေရိကန်အခြေစိုက် Convenience Store လုပ်ငန်းကြီးတခုဖြစ်သည့် 7-Eleven က မြန်မာ နိုင်ငံ ဈေးကွက်သို့ ဝင်ရောက်လာတော့မည်ဟု သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။ 7-Eleven က အခြား အရှေ့တောင် အာရှ နိုင်ငံ အမြောက်အများတွင်လည်း ဆိုင်များဖွင့်လှစ် အောင်မြင်နေပြီဖြစ်သည်။

“ အနာဂါတ်မှာ Convenience Store တွေက အောင်မြင်တဲ့ လက်လီဈေးကွက်ပုံစံ ဖြစ်လာမယ်လို့ ကျမပြောနိုင်ပါတယ်။ ဒါကြောင့် ဒီလုပ်ငန်းမှာ ဝင်လာမယ့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ယှဉ်လုပ်နိုင်ဖို့ ပြင်ဆင်ထားဖို့ လိုပါတယ်” ဟု ဒေါ်ဝင်းဝင်း တင့် ကပြောသည်။

ABC Convenience Store ဆိုင်များ၏ လုပ်ငန်းဖွံ့ဖြိုးရေး မန်နေဂျာ ဦးလင်းထိုက်က အိမ်ခြံမြေ ဈေးကွက် အခြေအနေကို သိနေသော်လည်း သူတို့ ကုမ္ပဏီက လုပ်ငန်းများကို တိုးချဲ့ရန် ရည်ရွယ်ထားသည်ဟု ပြောပါသည်။

“ဈေးကွက်ပြိုင်ဆိုင်တဲ့ နေရာမှာ ဗျူဟာတခုအနေနဲ့ ဆိုင်ခွဲတွေကို များနိုင်သမျှ များများဖွင့်ပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ ပြည်တွင်းဈေးကွက်ထဲကို မကြာခင် ရောက်လာကြတော့မှာ ဖြစ်လို့ပါ” ဟု သူကဆိုသည်။ Convenience Store ဆိုင်များကြောင့် လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ လည်းရှိလာလိမ့်မည် ဟု သူက ထပ်ပြောသည်။

၂၀၁၅ ခုနှစ်တွင် အကောင်အထည်ဖော်ရန် စီစဉ်ထားသည့် အာရှစီးပွားရေးအသိုက်အဝန်း (ASEAN Economic Community) က ဒေသတွင်း အာဆီ ယံ အဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးလုပ်ငန်းများကို မြန်မာနိုင်ငံဈေးကွက်သို့ ဝင်ရောက်ခွင့်ပေးရန် ရှိနေသည်။ AEC က ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုအဖြစ် အဖွဲ့ဝင်နိုင်ငံများ အတွင်းတွင် ကုန်သွယ်ခွန်ကို သုည အထိလျှော့ချနိုင်ရန် ရည်ရွယ်ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading