မြန်မာအစိုးရပိုင် မြန်မာ့လေကြောင်းက General Electric Capital Aviation Services (GECAS) ထံမှ စီးပွားရေး လုပ်ငန်းသုံး လေယာဉ် ၁၀ စီး ငှားရမ်းအသုံးပြုရေးအတွက် သဘောတူညီချက်တခုလက်မှတ်ရေးထိုးခဲ့ပြီး လေကြောင်း လိုင်း၏ ဗျုဟာမြောက် ဖွံ့ဖြိုးမှုစီမံကိန်းကို ဖန်တီး အကောင်အထည်ဖော်ရာတွင် GECAS ၏ လုပ်ငန်းတခုဖြစ်သည့် AviaSolutions ကို အကြံပေးအတိုင်ပင်ခံ အဖြစ် အသိအမှတ်ပြုလိုက်သည်။
အမေရိကန် ထိပ်တန်းကုမ္ပဏီ လုပ်ငန်းစုကြီးဖြစ်သည့် General Electric ၏ လုပ်ငန်းခွဲတခုဖြစ်သော GECAS ထံမှ မြန်မာ့ လေကြောင်းက ဘိုးအင်း ဂျက်လေယာဉ် အသစ် ၁၀ စီး ငှားရမ်းရန် သဘောတူညီခဲ့ကြပြီး လေယာဉ်များကို ၂၀၁၅ ခုနှစ် ဇွန်လတွင် စတင် လက်ခံရရှိမည်ဟု မြန်မာ့လေကြောင်းက ဖေဖော်ဝါရီလ ၁၁ရက်နေ့တွင်ကြေညာခဲ့သည်။ အမေရိကန် ဒေါ်လာ သန်း ၉၆၀ တန် ကန်ထရိုက်စာချုပ်အရ ဘိုးအင်း 737-800 လေယာဉ် ၆ စီးနှင့် ဘိုးအင်း 737-8 MAXs လေယာဉ် ၄ စီးကို ၂၀၂၀ ခုနှစ် အတွင်း ပေးပို့သွားမည် ဖြစ်သည်။
လက်မှတ်ရေးထိုးပွဲ ကို စင်္ကာပူနိုင်ငံတွင် ကျင်းပခဲ့သော ၂၀၁၄ ခုနှစ်လေကြောင်းပြပွဲတွင် ဖေဖော်ဝါရီလ ၁၁ရက်နေ့က ပြု လုပ်ခဲ့ပြီး မြန်မာနိုင်ငံ ပို့ဆောင်ရေးဝန်ကြီး ဦးဉာဏ်ထွန်းအောင်၊ မြန်မာ့လေကြောင်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းထွန်းနှင့် General Electric မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း မြန်မာ့လေကြောင်း၏ ထုတ်ပြန်ချက် အရ သိရှိရသည်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell လည်း အသိသက်သေ အဖြစ်တက်ရောက် ခဲ့ သည်ဟု ဆိုသည်။
လက်မှတ်ရေးထိုးပွဲ အခန်းအနားတွင် မြန်မာ့လေကြောင်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းထွန်းက မြန်မာ့လေကြောင်း အနေဖြင့် လေယာဉ်များကို အဆင့်မြင့် တိုးတက်လာရန် နှင့် ဒေသတွင်း အချက်အချာကျသည့် ဈေးကွက်များသို့ ခရီး စဉ်များ တိုးချဲ့ ပြေးဆွဲနိုင်ရန် GECAS နှင့်အတူ အလုပ်လုပ်ရသည့်အတွက် ကျေနပ်ဝမ်းမြောက်မိကြောင်း ပြောကြားခဲ့ သည်။
“GE လို ထိပ်တန်း အမေရိကန် နိုင်ငံတကာ ကုမ္ပဏီကြီးနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် လေကြောင်းလိုင်းနဲ့ မြန်မာ့စီးပွား ရေးအတွက် အကျိုး ဖြစ်ထွန်းစေပါလိမ့်မယ်” ဟု သူကဆိုသည်။
GECASက အစိုးရပိုင် မြန်မာ့လေကြောင်းသို့ Embraer E 190 လေယာဉ် ၂ စီး ငှားရမ်းထားခဲ့ပြီးဖြစ်သည်။
“GE က မြန်မာ့လေကြောင်း ကို နောက်ဆုံးပေါ်ခေတ်မီ ဘိုးအင်းလေယာဉ် အသစ်တွေထောက်ပံ့ ပေးနိုင်တဲ့အတွက် ကျနော်တို့ ဝမ်းမြောက်ကျေနပ်မိပါတယ်” ဟု GECAS ၏ ဥက္ကဌနှင့် အမှုဆောင်အရာရှိချုပ် Norman Liu ကပြောသည်။
General Electric ၏ လေယာဉ် ငှားရမ်းရေး နှင့် ဘဏ္ဍာရေး လုပ်ငန်းခွဲဖြစ်သည့် GECAS သည် လေယာဉ် အစင်း ၁၆၇၀ ကျော် ပိုင်ဆိုင်ထားပြီး ကမ္ဘာအနှံအပြားမှ ဖောက်သည် ၂၃၀ ကျော်နှင့် စာချုပ်ချုပ်ဆိုပြီး လေယာဉ်များ ငှားရမ်းပေးနေ သည်။ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် General Electric က AviaSolutions အနေ ဖြင့် လည်း လေကြောင်းလိုင်း၏ ထိပ်ပိုင်း စီမံခန့်ခွဲရေးတာဝန်ရှိသူများကို စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများ တွင် ဝန်ဆောင်မှု ပေးနိုင်ရန် အတွက် အသစ်ငှားရမ်းထားသော ဘိုးအင်း ဂျက်လေယာဉ်များ ကို အသုံးပြု၍ နိုင်ငံတကာအဆင့်သို့ ချဲ့ထွင်ခြင်းများအပါအဝင် စီမံကိန်းများအတွက် အကူအညီပေးသွားမည် ဖြစ်သည်ဟု ဖော်ပြထားသည်။
မြန်မာ့လေကြောင်းကို ၁၉၄၈ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ထိုစဉ်က Union of Burma Airways (UBA) ဟု ခေါ်ဝေါ် သုံးစွဲခဲ့ သည်။ ယခုအချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အခြေပြု၍ အချက်အချာကျသည့် ပြည်တွင်းလေ ဆိပ် အားလုံးသို့ ပျံသန်းပြေးဆွဲနေသော်လည်း နိုင်ငံတကာ ခရီးစဉ်များ ပျံသန်းခြင်း မရှိပါ။
“တိုင်းပြည်ရော လေကြာင်းလိုင်းပါ ဖွံ့ဖြိုးဖို့လုပ်နေတဲ့ အချိန်မှာ နိုင်ငံပိုင် မြန်မာ့လေကြောင်းကို ကူညီထောက်ပံ့ပေးရတဲ့ အတွက် ကျနော်တို့ ဝမ်းမြောက်မိပါတယ်။ စိတ်လှုပ်ရှားစရာ စီမံကိန်းတခုလဲဖြစ်ပါတယ်။ ကျနော်တို့ရဲ့ လေဆိပ်နဲ့ လေ ကြောင်းလိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကို လည်းမြှင့်တင်နိုင်ပါလိမ့်မယ်” ဟု AviaSolutions ၏ ဦးဆောင်ညွှန်ကြားရေးမှူး John Carter က ပြောသည်။
အစိုးရပိုင် မြန်မာ့လေကြောင်းသည်လည်း ပြီးခဲ့သည့်နှစ်များအတွင်း ပြည်တွင်းလေကြောင်းလိုင်းများ မတော်တဆ ထိခိုက် မှုများကြောင့် နာမည်ပျက်ခဲ့ရသည့် အဖြစ်များထဲတွင် အပါအဝင် ဖြစ်ခဲ့သည်။ ၂၀၁၂ ခုနှစ်က ၁လ အတွင်းမှာပင် တရုတ် နိုင်ငံလုပ် MA60 ပန်ကာတပ်လေယာဉ်များ ကွင်းဆင်းရာတွင် အသေး စား မတော်တဆမှု ၂ကြိမ် ဖြစ်ပွားခဲ့သည်။ ၂၀၀၉ ခုနှစ်အတွင်းက ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မြန်မာ့လေကြောင်းမှ လေယာဉ်တစီး ကွင်းအဆင်းတွင် ထိခိုက်မှုဖြစ် ခဲ့ပြီး ခရီးသည် ၂ ဦး ဒဏ်ရာရရှိခဲ့သည်။ ၁၉၉၈ ခုနှစ်က တနှစ်အတွင်း လေယာဉ် ၂ ကြိမ်ပျက်ကျပြီး စုစုပေါင်း လူ ၅၀ သေဆုံး ခဲ့ရသည်။
၂၀၀၈ ခုနှစ်တွင် ဗြိတိန် နိုင်ငံခြားရေးနှင့် ဓနသယာယရုံးမှ ၎င်းတို့ဝန်ထမ်းများကို မြန်မာ့လေကြောင်း ကို စီးနင်း လိုက်ပါ ခြင်း မပြုရန် သတိပေးခဲ့ဖူးသည်။ မြန်မာ့လေကြောင်းသည် နိုင်ငံတကာဘေးကင်းလုံခြုံမှုဆိုင်ရာ စံနှုန်းများနှင့် ကိုက်ညီမှု မရှိ ဟုလည်း စွပ်စွဲခဲ့သည်။
လက်ရှိအချိန်တွင် မြန်မာ့လေကြောင်းလိုင်း အနေဖြင့် ပြင်စစ်/အီတလီ တို့မှထုတ်လုပ်သည့် ATR လေယာဉ်များကို အဓိက ထား အသုံးပြုနေရသည်။