မြန်မာနိုင်ငံတွင် ၁၀၀ မီဂါဝပ် ထုတ်လုပ်ပေးနိုင်မည့် လျှပ်စစ်ဓာတ်အားပေး စက်ရုံတရုံ ဆောက်လုပ်ရန် အမေရိကန် ကုမ္ပဏီ တခုဖြစ်သည့် APR Energy PLC က ကန်ထရိုက်ရရှိသွားကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ ချမှတ်ထားသည့် ပိတ်ဆို့ကန့်သတ်မှုများ ရုပ်သိမ်းလိုက်ပြီးနောက်ပိုင်း တွင် အမေရိကန်ကုမ္ပဏီတခု၏ အကြီးမားဆုံးရင်းနှီးမြှုပ်နှံမှုတွေထဲက တခု ဖြစ်လာဖွယ်ရှိသည်ဟု ကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း မည်မျှ ရင်းနှီးမြှုပ်နှံမည်ကိုမူ မသိရှိရသေးပေ။
ယခုစက်ရုံနှင့် စွမ်းဆောင်ရည် တူညီသော ကျောက်မီးသွေး လောင်စာသုံး စက်ရုံတရုံ ပါကစ္စတန် နိုင်ငံတွင်တည်ဆောက်ခဲ့ရာ ကုန်ကျစားရိတ် အမေရိကန်ဒေါ်လာ သန်း ၁၆၀ ရှိခဲ့ကြောင်း သိရသည်။
၂၀၁၂ ခုနှစ် အလယ်ပိုင်းခန့်အထိ အမေရိကန် ကုမ္ပဏီများ မြန်မာနိုင်ငံတွင် သို့မဟုတ် မြန်မာနိုင်ငံနှင့် စီးပွားရေး လုပ်ကိုင် ခွင့်ကို အစိုးရက တားမြစ်ထိန်းချုပ်ထားခဲ့သည်။ APR Energy ၏ ရင်းနှီးမြှုပ်နှံမှုက မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ရန် အမေရိကန် ကုမ္ပဏီများ အတွက် အခက်အခဲများ လျော့ကျလာခြင်းကို ဖော်ပြလိုက်ခြင်းလည်း ဖြစ်သည်။
APR Energy က အခြေခံအဆင့်မှ စတင်၍ အလေးထားလုပ်ဆောင်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မှုသည် ၂၉ ရာခိုင်နှုန်းခန့်သာရှိကာ ဒေသတွင်းတွင် အနိမ့်ဆုံးဖြစ်နေကြောင်း သတိပြုမိကြောင်း ပြောသည်။ မြန်မာပြည်သူ ၄၅ သန်းခန့်သည် လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ခြင်း မရှိပါ။
မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်းအတွင်းတွင် တည်ဆောက်မည့် အဆိုပါ ဓာတ်အားပေးစက်ရုံက ပြည်သူ ၆ သန်း ခန့်အတွက် ဓာတ်အားထောက်ပံ့ပေးသွားနိုင်မည်ဖြစ်ပြီး လောင်စာအဖြစ် တရုတ်နိုင်ငံ သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ အရံဓာတ်ငွေများကို အစိုးရ၏ ကူညီမှုဖြင့် ရယူသုံးစွဲသွားမည်ဖြစ်သည်။
တရုတ်နိုင်ငံက မြန်မာနိုင်ငံအတွင်း ကီလိုမီတာ ၁၂၀၀ ကျော်ဖြတ်သန်း၍ တည်ဆောက်ထားသော ဓာတ်ငွေ့ပိုက်လိုင်း သည် အရေးပါသော ဗျူဟာမြောက် စွမ်းအင်အရင်းအမြစ်တခု ဖြစ်သည်။ ထိုပိုက်လိုင်းကြောင့် မလက္ကာ ရေလက်ကြားကို တရုတ်တို့ မှီခို အားထားနေရမှု လျှော့ချနိုင်ခဲ့သည်။
APR Energy သည် မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အိတ်ဖွင့်တင်ဒါ ခေါ်ယူရာတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး ဓာတ်အားပေးစက်ရုံ ကန်ထရိုက် ရရှိခဲ့ခြင်း ဖြစ်သည်။
APR Energy ၏ သတင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell က “အမေရိကန် စီးပွားရေး လုပ်ငန်းတွေရဲ့ အတွေ့အကြုံနဲ့ စည်းကမ်းလိုက်နာမှု၊ ပွင့်လင်းမြင်သာတဲ့ ချဉ်းကပ်မှုတွေက ထိရောက်တဲ့ ကူညီမှုတွေ ဖြစ်လာပါလိမ့်မယ်” ဟု ပြောထားသည်။
တချိန်တည်းတွင် အမေရိကန် ထုတ်ကုန်/သွင်းကုန် ဘဏ် (Export-Import Bank of the United States) ကလည်း မြန်မာနိုင်ငံတွင် လုပ်ငန်းများ စတင်ခဲ့ပြီဖြစ်သည်။ အမေရိကန် ပို့ကုန်လုပ်ငန်းရှင်များ ဈေးကွက်ယှဉ်ပြိုင်မှုတွင် အထောက် အကူပေးရန်နှင့် မြန်မာနိုင်ငံကို ကမ္ဘာ့စီးပွားရေးလောကနှင့် ပြန်လည် ပေါင်းစပ်နိုင်အောင် ကူညီပေးရန်ဖြစ်သည် ဟုသိရသည်။
အမေရိကန် အစိုးရ အဖွဲ့အစည်းတခု ဖြစ်သည့် ထုတ်ကုန်/သွင်းကုန် ဘဏ်၏ ဥက္ကဌ Fred Hochberg က မြန်မာနိုင်ငံ တွင် ပြုပြင်ပြောင်းလဲရေးများ ဆက်လက်ရှိနေသည်နှင့် အမျှ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ပိုမို အားကောင်းလာအောင် ဆောင်ရွက်ပေးမည်ဟု ပေးထားသည့်ကတိကို ခိုင်မာစွာ ပြသလိုက်ခြင်းဟု ထုတ်ပြန်ကြေညာခဲ့သည်။
“ဒီဆုံးဖြတ်ချက်ကြောင့် ကျနော်တို့ ၂ နိုင်ငံကြား ကုန်သွယ်မှုကို တိုးတက်စေပြီးတော့ မြန်မာနိုင်ငံကို ကမ္ဘာ့စီးပွားရေး အသိုင်းအဝိုင်းနဲ့ ပြန်လည်ပူးပေါင်းနိုင်အောင် ကူညီပါလိမ့်မယ်”ဟု ကြေညာချက်တွင် သူက ပြောကြားလိုက်သည်။
အမေရိကန် ထုတ်ကုန်/သွင်းကုန် ဘဏ်၏ အကြီးတန်း အရာရှိတဦးက စိုက်ပျိုးရေး ထွက်ကုန်များ၊ ပို့ဆောင်ရေး ကဏ္ဍ နှင့် လျှပ်စစ်ဓာတ်အား၊ သတ္တုတူးဖော်ရေးနှင့် စိုက်ပျိုးရေးကရိယာများ အပါအဝင် အခြေခံအဆောက်အဦးဆိုင်ရာများတွင် အမေရိကန် ပို့ကုန်လုပ်ငန်းရှင်များအတွက် စိတ်လှုပ်ရှားဖွယ်ရာ အခွင့်အရေးများ မြန်မာနိုင်ငံတွင် ရှိနေသည်ဟု ပြော သည်။
အဆိုပါဘဏ်က ပို့ကုန် ချေးငွေ အာမခံနှင့် ပို့ကုန်ရောင်းချမှုများအတွက် ငွေထုတ်ချေးခြင်းများ ဆောင် ရွက်ပေးသွားမည် ဟုလည်းသိရသည်။