မြန်မာနိုင်ငံတွင် စတော့ အိတ်ချိန်း တခု ပေါ်လာရန် အဆင့်ပေါင်းများစွာ လိုအပ် နေပြီး လက်ရှိ အခြေအနေတွင် ပထမဆုံး အဆင့် ဖြစ်သည့် ငွေချေး သက်သေခံ လက်မှတ်များ လဲလှယ် ရောင်းဝယ်ရေး ဥပဒေကိုသာ ပြဌာန်းနိုင်သေးကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။
“ပထမ အဆင့် အနေနဲ့ ဥပဒေကိုတော့ ပြဌာန်း ပြီးသွားပြီ၊ ဒုတိယ အဆင့်က ဖက်စပ် တည်ထောင်ဖို့ပေါ့၊ ဒါကလည်း ဆွေးနွေးနေတာ တော်တော်တော့ ခရီးရောက်နေပြီ၊ ပြီးရင် ဒါအတွက် လက်မှတ်ထိုးတဲ့ အဆင့်ရှိမယ်၊ နောက်အဆင့်တွေမှာ စတော့ အိတ်ချိန်း အတွက် နေရာ သတ်မှတ် ပြင်ဆင်ရမယ့် အပိုင်းတွေ၊ အိုင်တီနဲ့ပဲ စတော့ အိတ်ချိန်းကို သွားမှာမို့ ဒါကိုလည်း တချိန်တည်းမှာပဲ လုပ်သွားမယ်”ဟု ၎င်းက ဆိုသည်။
ဘဏ္ဍာရေး ဝန်ကြီး ဌာနနှင့် ဂျပန်နိုင်ငံ Daiwa Securities Group တို့ ဖေဖော်ဝါရီ ၁၄ရက်က ရန်ကုန်မြို့UMFCCI ရုံးချူပ်တွင် ပူးပေါင်း ပြုလုပ်သည့် မြန်မာ့အရင်းအနီး ဈေးကွက် ဖွံ့ဖြိုးရေး ဆွေးနွေးမှု အခမ်းအနားတွင် ၎င်းက ပြောဆို ခြင်းဖြစ်သည်။
ရန်ကုန်စတော့ အိတ်ချိန်းကို အစိုးရနှင့် ဂျပန်နိုင်ငံ Daiwa ကုမ္မဏီ၊ တိုကျို စတော့ အိတ်ချိန်းတို့ ပူးပေါင်းပြီး ဖက်စပ် စနစ်ဖြင့် တည်ထောင် သွားမည်ဖြစ်ပြီး၊ ဂျပန် ကုမ္ပဏီများဘက်မှ ရင်းနှီးမြှပ်နှံမှု ပမာဏ ၄၉ ရာခိုင်နှုန်းဖြင့် အများဆုံး ပါဝင် လုပ်ဆောင်သွားမည် ဖြစ်သည်။
သို့သော် လက်ရှိ အနေအထားတွင် နှစ်ဘက် ညှိနှိုင်းဆဲ ဖြစ်ပြီး ဖက်စပ် ပူးပေါင်း လုပ်ကိုင်ရန် Joint Venture အကောင်ဖော်မှုအတွက် လက်မှတ် ရေးထိုးရန် ကျန်ရှိနေသေးကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ပထမဆုံး စတင် တည်ထောင်မည့် ရန်ကုန် စတော့အိတ်ချိန်း အောင်မြင်ရေးနှင့် ပတ်သတ်ပြီး အဓိက ကျသော အချက်သုံးချက် ရှိနေသည်ဟု ဆိုသည်။ ယင်းတို့မှာ ခိုင်မာ တောင့်တင်းသည့် စတော့ အိတ်ချိန်းနှင့် ခိုင်မာသည့် လုပ်ထုံးလုပ်နည်းများ ရှိရန်လိုခြင်း၊ စတော့ အိတ်ချိန်းတွင် ပါဝင်လုပ်ကိုင်မည့် ကုမ္မဏီများကို ကြီးကြပ်နိုင်ရေးနှင့် စနစ်တကျ စီမံ ခန့်ခွဲနိုင်ရေး အတွက် အစိုးရ၏ စောင့်ကြည့် အဖွဲ့အစည်း Securities Exchange Commision ကို လျင်မြန်စွာ ဖွဲ့စည်းပြီး၊ ခိုင်မာ အားကောင်းသည့် Security ကုမ္မဏီများ ပေါ်ပေါက်လာရေးတို့ ဖြစ်ကြောင်း Daiwa ကုမ္ပဏီ ဒုတိယ ဥက္ကဌ Mr.Yusuke Kawamura က ပြောသည်။
“ဒီသုံးခု ပြည့်စုံမှ စတော့ အိတ်ချိန်းက အောင်မြင်မှာပါ၊ အဲဒီ အထဲက တခု ခု အဆင်မပြေရင် စတော့အိတ်ချိန်းက အောင်မြင်ဖို့ မဖြစ်နိုင်ပါဘူး”ဟု ၎င်းက ဆိုသည်။
စတော့ အိတ်ချိန်း အတွက် စတော့ ဈေးကွက် အတွင်း ရင်းနှီးမြှပ်နှံမှု စာချုပ်စာတမ်း အရောင်းအဝယ် လုပ်သူများကို ကြီးကြပ်ပေးသော အဖွဲ့အစည်း Securities Exchange Commission ဖွဲ့စည်းရန် ကျန်ရှိ နေသေးကြောင်း သိရသည်။
ယင်းသို့ လုပ်ဆောင်စရာ များစွာ ကျန်ရှိနေသော်လည်း ရန်ကုန် စတော့ အိတ်ချိန်းကို ၂၀၁၅ ခုနှစ်တွင် စတင်နိုင်ရန် လုပ်ဆောင် သွားမည်ဟု ဒုတိယ ဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။
“ဒီနှစ် ဧပြီမှာ ပြင်ဆင်ရေးတွေ စမှာပါ။ နေရာကတော့ အကြမ်းဖျဉ်းက မြဝတီ ရုံးချုပ်ဟောင်းပေါ့၊ ဧပြီမှာ စတင် ပြင်ဆင်ပြီး ၂၀၁၅မှ အကောင်အထည်ဖော်မှာပါ” ၎င်းက ဆိုသည်။
Daiwa ကုမ္ပဏီက အမြန်ဆုံး အကောင်အထည် ဖော်နိုင်ရေးကို ဆောင်ရွက်လျက် ရှိပြီး မြန်မာနိုင်ငံမှ အလားအလာ ရှိသော ကုမ္မဏီပေါင်း ၆၀ကျော်နှင့် တွေ့ဆုံပြီး ဖြစ်ကြောင်း Daiwa ကုမ္မဏီ ဒုဥက္ကဌက ပြောသည်။
ယခုအချိန်တွင် စတော့ အိတ်ချိန်း၌ စာရင်းသွင်း ဝင်ရောက်ပြီး ရှယ်ယာ ရောင်းချနိုင်မည့် အများပိုင် ကုမ္ပဏီများ အတွက် လက်တလော သတ်မှတ်ထားမှုမှာ အနည်းဆုံး ထည့်ဝင်ရင်းနှီးငွေ ကျပ် သန်း ၅၀၀ ထည့်ဝင် ရမည် ဖြစ်ပြီး၊ အနည်းဆုံး ရှယ်ယာရှင် ဦးရေ ၁၀၀ ရှိရမည် ဖြစ်ပြီး၊ စတော့ အိတ်ချိန်းတွင် ဝင်ရောက် လုပ်ကိုင်မည့် ကုမ္ပဏီများသည် လုပ်ငန်း အကျိုးအမြတ် ရရှိနေမှု နှစ်နှစ် အထက် ရှိရမည်ဟူသော သတ်မှတ်ချက်များ ပါဝင်သည်။