လက်ရှိ အကောင် အထည်ဖော်နေသော ရန်ကုန် သီလဝါ အထူး စီးပွားရေးဇုန် စီမံကိန်း ပထမ အဆင့် အတွက် လိုအပ်သည့် အနည်းဆုံး ကုန်ကျစရိတ်မှာ အမေရိကန် ဒေါ်လာ သန်း ၁၈၀ ရှိကြောင်း သိရသည်။
သီလဝါ အထူးစီးပွားရေးဇုန် ဥက္ကဌ ဦးဆက်အောင်က“ပထမအဆင့် ဟက်တာ ၄၀၀ မှာ ကုန်ကျမယ့် ငွေကို ပြန်တွက်လိုက် မယ်ဆို အနိမ့်ဆုံး ကုန်ကျမယ့် ငွေက ဒေါ်လာသန်း ၁၈၀ ပဲ ကုန်ကျ ပါတယ်”ဟု ပြောသည်။
တခြားသော ပြင်ပစရိတ်များပါ ထည့်တွက်မည်ဆိုပါက ဒေါ်လာ ဘီလီယံနှင့် ချီ ကုန်ကျမည်ဟုလည်း ဆိုသည်။
မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် ယနေ့ပြုလုပ်သည့် သီလဝါ အထူးစီးပွားရေး ဇုန် ရင်းနှီး တည်ဆောက်မှု အခြေအနေနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
သီလဝါ အထူး စီးပွားရေးဇုန် စီမံကိန်း ဧရိယာ ဟက်တာ ၂၃၀၀ ကျော်တွင် ပထမ အဆင့် ဟက်တာ ၄၀၀ ကို ရင်းနှီး တည်ဆောက်သူ ဖြစ်သည့် ဂျပန်-မြန်မာ ဖက်စပ် ကုမ္မဏီ Myanmar Japan Thilawa Development Limited က လုပ်ကိုင် နေခြင်း ဖြစ်သည်။
လက်ရှိ ရင်းနှီး တည်ထောင်သူ ကုမ္မဏီသည် သီလဝါ အထူး စီးပွားရေးဇုန်၏ အတွင်းပိုင်း အခြေခံ အဆောက်အအုံပိုင်းကို လုပ်ဆောင်ရပြီး ဇုန်၏ အပြင်ဘက်ရှိ အခြေခံ အဆောက်အအုံ ကုန်ကျစရိတ်များကို ဂျပန်နိုင်ငံ၏ ချေးငွေဖြင့် ဆောင်ရွက်ခြင်း ဖြစ်သည်။
“ဇုန်ပြင်ပ အခြေခံအဆောက်အအုံတွေ အပိုင်းလည်း ရှိတယ်၊ လမ်းတံတားတို့ မီးတို့ ၊ ဆိပ်ကမ်း စတဲ့ ဟာတွေအတွက် ဂျပန် အစိုးရကနေ ဘီလီယံနဲ့ ချီတဲ့ ငွေကို ချေးပေးတာ ဖြစ်ပါတယ်”ဟု ဦးဆက်အောင်က ပြောသည်။
ဂျပန် အစိုးရ၏ ချေးငွေမှာ အတိုးနှုန်း ဝ.၀၁ ရာခိုင်နှုန်းသာ ရှိပြီး နှစ်လေးဆယ် ချေးပေးကြောင်း သိရသည်။
အတွင်းပိုင်း အခြေခံ အဆောက်အအုံများကို ရင်းနှီး တည်ဆောက်သည့် မြန်မာ ဂျပန်ဖက်စပ် လုပ်ဆောင်မှု၏ ပထမ အဆင့် ဟက်တာ ၄၀၀ မှာ ပြီးစီးတော့မည့် အခြေအနေ ဖြစ်ပြီး မြန်မာဘက်မှ အများပိုင် ကုမ္မဏီ၏ ရှယ်ယာများကို စတင် ရောင်းချတော့မည် ဖြစ်သည်။
“မတ်လ ပထမပတ်ထဲမှာ အစုရှယ်ယာ တခုကို ငွေကျပ် ၁၀၀၀၀ နဲ့ ရောင်းမယ်၊ ရှယ်ယာ စုစုပေါင်း ၂.၁၄၅ သန်း ရောင်းချ သွားမှာပါ”ဟု သီလဝါ အထူးစီးပွားရေးဇုန် ဥက္ကဌ ဦးဆက်အောင်က ပြောပြသည်။
ပထမအဆင့် လုပ်ဆောင်မှုတွင် ကုန်ကျစရိတ် လိုအပ်ငွေ ပမာဏမှာ ဒေါ်လာသန်း ၁၈၀ ဟု ဆိုသော်လည်း ဒေါ်လာသန်း ၄၀ ခန့်ဖြင့် စတင် လည်ပတ်ရန် မျှော်မှန်းထားကြောင်း ဖက်စပ် လုပ်ဆောင်မှုတွင် ပါဝင်သည့် မြန်မာအများပိုင် ကုမ္မဏီ Myanmar Thilawa SEZ Holdings Public Limited ဥက္ကဌ ဦးဝင်းအောင်ကလည်း ပြောဆိုသည်
“သန်း ၁၈၀ ဆိုတာက ဂျပန်ရော မြန်မာရော နှစ်ဘက် အားလုံး စိုက်ရမယ့် ပမာဏပါ၊ ဒါပေမယ့် ဒေါ်လာသန်း ၄၀ ထက် မပိုဘဲ စီမံကိန်းကို အကောင်အထည် ဖော်သွားဖို့ ရှိပါတယ်၊ စီမံကိန်း စလို့ မြေငှားခတွေ ဝင်လာပြီ ဆိုရင် Reinvest ပြန်လည် ရင်းနှီးမြှုပ်နှံလို့ ရမှာပါ၊ ဒါမှ မဟုတ်လည်း ကျနော်တို့ ရှယ်ယာတွေကို ထပ်ရောင်းရင် ရောင်းမှာပေါ့”ဟုလည်း ၎င်းက ပြောသည်။
ဖက်စပ် လုပ်ကိုင်မှုတွင် မြန်မာဘက်မှ ၅၁ ရာခိုင်နှုန်းနှင့် ဂျပန်ဘက်မှ ၄၉ ရာခိုင်နှုန်းတို့ ထည့်ဝင် ရမည်ဖြစ်ကြောင်း သိရသည်။
မြန်မာဘက်မှ ၅၁ ရာခိုင်နှုန်းကို အများပိုင် ကုမ္မဏီ ၉ခု စုပေါင်း ဖွဲ့စည်းထားသော Myanmar Thilawa SEZ Holdings Public Limited မှ ၄၁ ရာခိုင်နှုန်းနှင့် သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီက ၁၀ ရာခိုင်နှုန်း ထည့်ဝင်မည် ဖြစ်သည်။
ဂျပန်ဘက်မှ ၄၉ ရာခိုင်နှုန်းကို ဆူမီတိုမို ကုမ္ပဏီ၊ မစ်ဆူဘီရှီ ကုမ္ပဏီနှင့် မာရူဘီနီ ကုမ္ပဏီတို့ ပူးပေါင်း ဖွဲ့စည်းထားသော MMS Thilawa Development Co.lt မှ ၃၉ ရာခိုင်နှုန်းနှင့် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှ ၁၀ ရာခိုင်နှုန်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။