ပြည်တွင်း စီးပွားရေးလုပ်ငန်းများက မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာရန် မျှော်လင့်နေသည့် အချိန်တွင် အမေရိကန် ထုတ်ကုန်/သွင်းကုန်ဘဏ် (Export and Import Bank of United States) က မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေးအတွက် စတင်၍ လုပ်ငန်းလည်ပတ်ရန် ကိုယ်စားလှယ်ရုံးခွဲကို ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။
စစ်အုပ်ချုပ်ရေး စနစ်ကြောင့် အမေရိကန်အစိုးရ၏ ဆယ်နှစ်ကျော်ကြာ စီးပွားရေး ပိတ်ဆို့အရေးယူမှုများ ပြုထားခဲ့စဉ်က မြန်မာနိုင်ငံကို ရှောင်ရှားနေခဲ့ရသော အမေရိကန် စီးပွားရေး လုပ်ငန်းရှင်များကလည်း မြန်မာနိုင်ငံတွင် ၎င်းတို့ ရွေးချယ်လုပ်ကိုင်နိုင်စရာများကို စဉ်းစား သုံးသပ်နေကြသည်။ ဥရောပနိုင်ငံများကလည်း စစ်အစိုးရအုပ်ချုပ်နေစဉ်က ပိတ်ဆို့ အရေးယူ မှုများ ပြုလုပ်ထားခဲ့သဖြင့် မြန်မာစီးပွားရေး လုပ်ငန်းရှင်များသည် ထုတ်ကုန်/သွင်းကုန် လုပ်ငန်းများအတွက် စင်္ကာပူဘဏ် များကိုသာ ကြီးမားစွာ မှီခိုအားထားခဲ့ကြရသည်။
လွန်ခဲ့သော ၃ နှစ် နီးပါးခန့်က မြန်မာနိုင်ငံတွင် အရပ်သားအမည်ခံ အစိုးရအာဏာရရှိလာပြီးနောက် အမေရိကန် သမ္မတ အိုဘားမားက ၂၀၁၂ ခုနှစ်တွင် ပိတ်ဆို့ ကန့်သတ်မှု အများစုကို ဆိုင်းငံ့ပေးလိုက်သည်။ သူက ဘဏ္ဍာရေး ဝန်ဆောင်မှု လုပ်ငန်းများ ကန့်သတ်ထားခြင်းကို ဖြေလျှော့ပေးလိုက်ပြီး အမေရိကန် ရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုပေးကာ ကျောက်စိမ်းနှင့် ပတ္တမြားကဲ့သို့ တွင်းထွက်ကျောက်မျက်များမှလွဲ၍ မြန်မာနိုင်ငံမှ ကုန်ပစ္စည်းအားလုံးကို တင်သွင်းခွင့်ပြုလိုက်သည်။
“ထုတ်ကုန်/သွင်းကုန် ဘဏ် က မြန်မာနိုင်ငံ မှာ ပြုပြင်ပြောင်းလဲရေးတွေ ဆက်ပြီးရှိနေတာနဲ့ အမျှ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုကို ပိုမို အားကောင်းလာအောင် ဆောင်ရွက်ပေးမယ်လို့ ပေးထားတဲ့ ကတိကို ခိုင်မာစွာ ပြသလိုက်ခြင်း ဖြစ်ပါတယ်” ဟု ဘဏ်ဥက္ကဌ Fred Hochberg က ဖေဖော်ဝါရီလ ၄ ရက်နေ့ ထုတ်ပြန်ကြေညာချက်တွင် ပြောကြား ခဲ့သည်။ အဆိုပါ ဘဏ်က ပို့ကုန် ချေးငွေ အာမခံနှင့် ပို့ကုန်ရောင်းချမှုများအတွက် ငွေထုတ်ချေးခြင်းများ ဆောင် ရွက်ပေး သွားမည် ဟုလည်းသိရသည်။
“စနစ်တကျ ဝေဖန်သုံးသပ်ကြည့်ပြီးတော့မှ ချမှတ်လိုက်တဲ့ ဘဏ်ရဲ့ ဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကြောင့် ကျနော်တို့ ၂ နိုင်ငံကြား ကုန်စည် စီးဆင်းမှုကို တိုးတက်စေပြီးတော့ မြန်မာနိုင်ငံကို ကမ္ဘာ့စီးပွားရေး အသိုင်းအဝိုင်းနဲ့ ပြန်လည် ပူးပေါင်း နိုင်အောင် ကူညီပါလိမ့်မယ်”ဟု သူက ပြောသည်။ ထို့ပြင် အမေရိကန်ပို့ကုန်များအတွက် ဈေးကွက်သစ်တခု ကိုဖန်တီး ပေးနိုင်ပြီး အမေရိကန် အလုပ်အကိုင်များကိုလည်း အထောက်အကူပေးနိုင်လိမ့်မည်ဟု သူကထပ်ပြောသည်။
အမေရိကန် ထုတ်ကုန်/သွင်းကုန်ဘဏ်က ဥရောပနှင့် အာရှနိုင်ငံများမှ ငွေချေးအဖွဲ့အစည်းများ နည်းတူဆောင်ရွက် ပေး သွားမည် ဖြစ်သည်။ အဆိုပါ နိုင်ငံအစိုးရများကလည်း မြန်မာနိုင်ငံနှင့် ပတ်သက်သော ကုန်သွယ်ရေး အတားအဆီးများကို လွတ်ခဲ့သော ၃ နှစ်ကထဲက ရပ်ဆိုင်းပေးခဲ့ပြီး ဖြစ်သည်။ အမေရိကန် အစိုးရက မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော ပိတ် ဆို့ အရေးယူမှုအများစုကို ဆိုင်းငံ့ထားချိန်တွင် ဥရောပ သမဂ္ဂက လက်နက်ရောင်းဝယ်ခြင်းမှအပ ကျန်သည့် ပိတ်ဆို့တား မြစ်မှုအားလုံးကို ပယ်ဖျက်ရန် ယမန်နှစ်က ဆုံးဖြတ်ခဲ့သည်။
မြန်မာစီးပွားရေးလုပ်ငန်းများကလည်း အမေရိကန်အစိုးရ၏ တရားဝင် ငွေချေးအဖွဲ့အစည်းတခုဖြစ်သည့် ထုတ်ကုန်/သွင်း ကုန် ဘဏ်၏ ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံတွင် အမေရိကန်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုအားကောင်းစေလာမည်ဟု မျှော်လင့် နေကြပြီး မြန်မာအစိုးရကလည်း အမေရိကန် ပုဂ္ဂလိက ဘဏ်များနှင့် ဆက်သွယ်ဆောင်ရွက်မှုကိုခွင့်ပြုပေးလိမ့်မည်ဟု ယူ ဆနေကြသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ ဗဟိုဘဏ်က နိုင်ငံခြား ပုဂ္ဂလိက ဘဏ်များကို မြန်မာနိုင်ငံတွင် ဘဏ်ခွဲများဖွင့်ကာ လုပ်ငန်း ဆောင်ရွက်ခွင့် ပိတ်ပင်ထားသေးသည့်အတွက် ပြည်တွင်း ဘဏ်များထက် အတိုးနှုန်းသက်သာသော နိုင်ငံခြားဘဏ်များ ကို သဘောကျသည့် စီးပွားရေး လုပ်ငန်းများ စိတ်ပျက်နေကြရသည်။
သို့သော်လည်း ဗဟိုဘဏ်က ၎င်း၏ မူဝါဒများကို ဖြေလျှော့ပေးဖွယ်ရှိကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) ၏ ဒုတိယဥက္ကဌ ဒေါက်တာမောင်မောင်လေး ကပြောသည်။ လွန်ခဲ့သော ၁ နှစ်က စ၍ မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ်များ၏ ကိုယ်စားလှယ်ရုံးများ လာရောက်ဖွင့်လှစ်နေပြီ ဖြစ်သည်။ ယခုအချိန်တွင် ၎င်းတို့ကို ရုံးခွဲများ ဖွင့်လှစ်ခွင့်ပေးရန် ဗဟိုဘဏ်က စဉ်းစားနေသည်ဟု သူကဆိုသည်။
“ပြည်တွင်း ဘဏ်တွေနဲ့ ပူးပေါင်းပြီး ဖက်စပ်လုပ်ခွင့် ပေးမယ်လို့ ကျနော် မျှော်လင့်ပါတယ်” ဟု ဒေါက်တာ မောင်မောင်လေး က ဧရာဝတီသို့ပြောသည်။
ယခုနှစ်အတွင်းတွင် နိုင်ငံခြားဘဏ်အချို့အား ဘဏ္ဍာရေးဝန်ဆောင်မှုများ အကန့်အသတ်ဖြင့် စတင်ဆောင်ရွက်ခွင့်ပြုမည် ဟု ဗဟိုဘဏ်က ယမန်နှစ်က ကတိပြုခဲ့သည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ကိုယ်စားလှယ်ရုံး လာရောက်ဖွင့်လှစ်ထားသော နိုင်ငံခြားဘဏ် ၃၄ ခုရှိနေပြီ ဖြစ်သော်လည်း လုပ်ငန်းခွဲဖွင့်လှစ်နိုင်ခြင်း သို့မဟုတ် ဝန်ဆောင်မှုပေးခြင်းများ ပြုလုပ်နိုင် ခြင်းမရှိသေးဘဲ ၎င်းတို့၏ ဖောက်သည်များကို အကြံဉာဏ်ပေးခြင်းလောက်ကိုသာ ဆောင်ရွက်ပေးနေရသည်။
အမေရိကန် ထုတ်ကုန်/သွင်းကုန် ဘဏ်၏ ဆုံးဖြတ်ချက်ကြောင့် ပြည်တွင်း စီးပွားရေးလုပ်ငန်းများ အတွက် ငွေချေးယူရန် လွယ်ကူမှုရှိလာမည်ဟု မျှော်လင့်ကြောင်း ဒေါက်တာမောင်မောင်လေးကပြောသည်။
“ပြဿနာက ငွေလွှဲတာတွေ အလုပ်မဖြစ်သေးတာ။ နိုင်ငံခြား ကုန်သည်တွေနဲ့ ကုမ္ပဏီတွေက မြန်မာနိုင်ငံကို ငွေလွှဲလို့ မရသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ ကန့်သတ်မှုကို ပယ်ဖျက်လိုက်တာမဟုတ်ဘဲ ဆိုင်းငံ့တာ ဖြစ်တဲ့အတွက် အမေရိကန်ဘဏ်တွေရဲ့ အချက်အလက်စနစ်တွေထဲမှာ မြန်မာနိုင်ငံက ဒဏ်ခတ်ပိတ်ဆို့ ထားတဲ့ စာရင်း ထဲမှာ ပါနေတုန်းပဲ။ လက်တွေ့မှာ ကုန်သွယ်ရေးအတွက် အမေရိကန်ဘဏ်တွေနဲ့ ဆက်ဆံဖို့ အခက်အခဲ ဖြစ်နေတယ်။ ဒါ ကြောင့် အဲဒါကို ပိုပြီးလွယ်ကူလာအောင် လုပ်သင့်ပါတယ်” ဟု သူကပြောသည်။
အမေရိကန်နိုင်ငံမှ ချေးငွေကို ပို၍ယုံကြည်ဖွယ်ရာရှိသည့် ရင်းနှီးမြှုပ်နှံသူများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လည်း မြင့်တက်လာနိုင်သည်ဟု ဒေါက်တာမောင်မောင်လေး ကဆိုသည်။ “အမေရိကန် ထုတ်ကုန်/သွင်းကုန် ဘဏ်က အမေရိကန် ပို့ကုန်လုပ်ငန်းရှင်တွေကို မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် ငွေထုတ်ချေးနိုင်ပါတယ်။ ဒါက သူတို့ မြန်မာ နိုင်ငံမှာ ရင်းနှီးမြှုပ်နှံရတဲ့ အစပိုင်းကာလဖြစ်နေပါတယ်” ဟု သူကပြောသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် မြန်မာနိုင်ငံ၏ ကျယ်ပြောသော စားသုံးသူဈေးကွက်သစ် တွင် ၎င်းတို့ဆောင်ရွက်နိုင် မည့်အချက်များကို လေ့လာသုံးသပ်နေသည်။ မြန်မာနိုင်ငံသည် ရေနံနှင့် သဘာဝဓာတ်ငွေ့အပါအဝင် သဘာ၀ သယံဇာတ အရင်းအမြစ်များ အမြောက်အများ ပိုင်ဆိုင်ထားပြီး တရုတ်နှင့် အိန္ဒိယ ကဲ့သို့ နိုင်ငံကြီး ၂ခုကြားတွင် အိမ်နီးချင်း အဖြစ် ဗျူဟာမြောက်စွာ တည်ရှိနေသော နိုင်ငံဖြစ်သည်။ သို့သော်လည်း ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုများကြောင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ယခုနှစ်အတွင်းတွင် သတိကြီးကြီး ထားကြဖွယ်ရှိသည်ဟု ကျွမ်းကျင် သူ အကဲဖြတ်လေ့လာသူများက ပြောကြသည်။
ရန်ကုန်မြို့အနီးရှိ လှိုင်သာယာစက်မှုဇုန်၏ ဥက္ကဌဖြစ်သူ ဦးမြတ်သင်းအောင်က အမေရိကန် ပုဂ္ဂလိက ဘဏ်များ မြန်မာ နိုင်ငံတွင် လုပ်ငန်းလုပ်ရန် စဉ်းစားလာကြခြင်းနှင့် အမေရိကန် အစိုးရကငွေထုတ်ချေးရန် စတင်လာခြင်းအပေါ် သူ့ အနေဖြင့် အကောင်းဖက်က မြင်ကြောင်းပြောသည်။
“အမေရိကန်ဘဏ်တွေက အတိုးနှုန်း ၅ ရာခိုင်နှုန်းပဲယူတယ်။ အရင်က ဒီမှာ ပြည်တွင်း ဘဏ်တွေက အတိုးနှုန်း ၁၃ ရာခိုင်နှုန်း ပေးတယ်။ အရင်တုန်းကဆိုရင် တချို့စီးပွားရေး သမားတွေက အမေရိကန်ဘဏ်တွေကနေ ငွေချေးပြီးတော့ ပြည်တွင်းဘဏ်မှာ ငွေစုပြီး အမြတ်ကျန်အောင် လုပ်ကြတယ်။ အမေရိကန် ဘဏ်တွေက ဝန်ဆောင်မှုပေးတာ မြန်တယ်။ တကယ်လို့ သူတို့က ပြည်တွင်းကုန်ထုတ်လုပ်မှု ကဏ္ဍကို ငွေထုတ်ချေး ပေးနိုင်မယ်ဆိုရင် တိုးတက်မှု ပိုမြန်ဆန် လာ လိမ့်မယ်။ အမေရိကန်က အကြီးစား စက်မှုလုပ်ငန်းတွေ ဒီမှာလာပြီး ရင်းနှီးမြှုပ်နှံမယ်လို့တော့ ကျနော် မထင်မိဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ဆီမှာ ခုထိ လျှပ်စစ်မီးက မမှန်သေးဘူးလေ။ ဒါပေမယ့် အမေရိကန် ထုတ်ကုန်/သွင်းကုန် ဘဏ်က ထောက်ပံ ပေးမယ်ဆိုရင်တော့ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေ ပိုပြီးရောက်လာနိုင်ပါတယ်” ဟု ဦးမြတ်သင်းအောင်က ပြောသည်။
အနာဂတ်ကာလတွင် နိုင်ငံခြား ဘဏ်များနှင့် ယှဉ်ပြိုင်နိုင်ရန် အတွက်ကြိုတင်ပြင်ဆင်ထားကြရန်လည်း ပြည်တွင်း ပုဂ္ဂလိက ဘဏ်များကို သူက တိုက်တွန်းလိုက်သည်။
၂၀၁၂ ခုနှစ်က ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပြဌာန်းလိုက်ပြီး အနောက်နိုင်ငံများက အရေးယူ ပိတ်ဆို့မှုများကို ပယ်ဖျက်၊ ဆိုင်းငံ့ လိုက်ပြီး နောက် မြန်မာနိုင်ငံတွင် နိုင်ငံခြား တိုက်ရိုတ်ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာခဲ့သည်။ နောက်ဆုံးရရှိသည့် အချက် အလက်များအရ ဧပြီလ ၁ ရက်နေ့က စတင်ခဲ့သော ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်၏ ပထမ ၆လ တွင် အစိုးရက အမေရိကန် ဒေါ်လာ ၁.၈ ဘီလီယံကျော် တန်ဖိုးရှိသည့် စီမံကိန်းများကို ခွင့်ပြုပေးခဲ့ရာ ၂၀၁၂-၁၃ ဘဏ္ဍာရေး တနှစ်လုံး တွင် နိုင်ငံခြား တိုက်ရိုတ်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံသာရှိခဲ့ခြင်းနှင့် နှိုင်းယှဉ် သိရှိနိုင်ပါသည်။