မြန်မာနိုင်ငံတွင် နယ်စပ်ဖြတ်ကျော်၍ တရားမဝင်ကုန်သွယ်မှုများ တိုးပွားလာနေကြောင်း စောင့်ကြည့်လေ့လာသူတဦး၏ အဆိုအရ သိရသည်။ တရုတ်နိုင်ငံဘက်မှ စိတ်ကြွဆေးဝါးများ ဝယ်လိုအားက တရားမဝင်ကုန်သွယ်မှုကို မီးထိုးပေးနေသည့်အတွက် စိုးရိမ်မှုများလည်း မြင့်တက်လာရသည်ဟု ဆိုသည်။
လေ့လာမှုများအရ မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် မှိုပေါက်သလို များပြားနေသည့် တရားမဝင်ကုန်သွယ်မှုများတွင် ဆေးဝါးများသာမက အစားအစာ၊ အိမ်သုံးပစ္စည်း၊ ရှားပါးသစ်၊ တောရိုင်းတိရိစ္ဆာန်၊ မူးယစ်ဆေး၊ လက်နက်နှင့် လူသားများ အထိပါဝင်နေသည်။
သို့သော်လည်း အကျိုးအမြတ် အများဆုံးမှာ မူးယစ်ဆေးဝါး ကုန်သွယ်မှုဖြစ်နေ၍ မြန်မာအစိုးရက ဟန့်တားထိန်းချုပ် နိုင်ရေးအတွက် ဆောင်ရွက်မည်ဟု ကတိပြုထားသည့်တိုင်အောင် အဆိုပါလုပ်ငန်းက ဖွံ့ဖြိုးလာနေသည်။
“မူးယစ်ဆေးဟာ မြန်မာနိုင်ငံရဲ့ တရားမဝင် နယ်စပ်ကုန်သွယ်ရေးမှာ တန်ဖိုးအရ အရေးအပါဆုံး ဖြစ်လာဖွယ် ရှိနေပါတယ်။ အထူးသဖြင့် ဈေးနှုန်းနဲ့ ထုတ်လုပ်မှု မြင့်မားလာနေတဲ့ အချိန်မျိုးမှာ ဖြစ်ပါတယ်” ဟု An Atlas of Trafficking in Southeast Asia စာအုပ်ကို ရေးသားခဲ့သူ Pierre-Arnaud Chouvy က ဧရာဝတီသို့ ပြောကြားခဲ့သည်။
မြန်မာနိုင်ငံနှင့် ထိုင်း၊ တရုတ်နှင့် အိန္ဒိယနိုင်ငံများ ထိစပ်နေသော နယ်စပ်ဒေသများတွင် ကျယ်ပြန့်လာနေ သည်ဟု ပြင်သစ်အစိုးရ အထောက်အပံ့ခံ အဖွဲ့အစည်းတခုဖြစ်သည့် National Center for Scientific Research မှ Chouvy ကပြောသည်။
၂၀၁၃ ခုတွင်ထုတ်ဝေခဲ့သော သူ၏ စာအုပ်တွင် Chouvy က “လှုပ်ရှားမှုအရှိဆုံး တရားမဝင် နယ်စပ်ကုန်သွယ်မှုက မြန်မာနဲ့ထိုင်းနိုင်ငံကြားမှာ ဖြစ်ပြီး မယ်ဆိုင်၊ မဲဆောက်နဲ့ ရနောင်း စတဲ့ နေရာ ၃ခုမှာ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။ ထိုင်း- မြန်မာ တရားမဝင် နယ်စပ်ကုန်သွယ်မှုက ကြီးမားစွာ ရှိနေခဲ့၊ ရှိနေဆဲပါပဲ” ဟု ရေးသားခဲ့သည်။
“ထိုင်းနိုင်ငံက မြန်မာဖက်ကနေ အဓိက တင်သွင်းတာက သစ်နဲ့ သစ်သားထည်တွေ ဖြစ်ပြီးတော့ အထူးသဖြင့် ကျွန်းသစ်နဲ့ ကျောက်မျက်ရတနာတွေ ဖြစ်ပါတယ်”
ဧရာဝတီသို့ အီးမေးလ်မှတဆင့် ဖြေကြားရာတွင် မြန်မာနိုင်ငံ၏ တရားမဝင်နယ်စပ်ကုန်သွယ်မှု စီးပွားရေးနှင့် ပတ်သက် သော ကိန်းဂဏန်း အချက်အလက်များ ထုတ်ပြပေးရန် ငြင်းဆိုခဲ့သည်။ ယုံကြည်စိတ်ချနိုင်သည့် အချက်အလက်များ ကင်းမဲ့နေသည့်အတွက် အမှန်မဖြစ်နိုင်ကြောင်း ပြောသည်။
သို့သော်လည်း မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြီးခဲ့သည့်အောက်တိုဘာလတွင် ထုတ် ပြန်ခဲ့သည့် အစီရင်ခံစာတစောင်တွင် ခန့်မှန်းတွက်ချက်မှုအရ ထိုင်းနယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အကောက် ခွန်မဲ့ အိမ်သုံး ပစ္စည်းနှင့် ဆေးဝါးများ ဖမ်းဆီးရရှိမူသည် ဇူလိုင်လမှ အောက်တိုဘာလအအထိ ၃ လ ခန့် ကာလ အတွင်း အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်တန်ဖိုးရှိသည်ဟု သိရသည်။
မြန်မာနှင့် တရုတ် နယ်စပ်သည် ၂ ဖက် အပြန်အလှန် ကုန်သွယ်ခဲ့သည်မှာ ကာလကြာရှည် ခဲ့ပြီ ဖြစ်သည်။ ကျွန်းသစ်နှင့် စန္ဒကူးသား ကဲ့သို့ အဖိုးတန်သစ်များက မြောက်ဖက်သို့ ဆက်လက်ရွေ့လျားနေကြဆဲဖြစ် ပြီး ယခုနှစ် မတ်လကုန်ပိုင်း၌ မြန်မာနိုင်ငံက နိုင်ငံခြားသို့ သစ်အလုံးလိုက်တင်ပို့ခြင်းကို တားမြစ်မည့်အချိန်တွင် ရပ်တန့် သွားမည့် အရိပ်လက္ခဏာ အနည်းငယ်တော့ မြင်ရသည်။
တရားမဝင်နယ်စပ် ကုန်သွယ်မှုလုပ်ငန်း အမြောက်အများသည် တရားဝင်နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေး စခန်းများကို ရှောင်ကွင်းပြီး လုပ်ကိုင်နေကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံနှင့် တရုတ်၊ ထိုင်း၊ အိန္ဒိယ နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်များတွင် တရားဝင် နယ်စပ်ကုန်သွယ်ရေး စခန်း ၁၄ ခုရှိသည်။
မြန်မာနိုင်ငံ၏ တရားဝင် နယ်စပ်ကုန်သွယ်မှု ပမာဏ သည် ယမန်နှစ် ဧပြီလမှ ယခုနှစ် ဇန်နဝါရီလအထိ စုစုပေါင်း အမေရိကန်ဒေါ်လာ ၄ ဘီလီယံရှိခဲ့သည်ဟု ယခုလအတွင်းတွင် အစိုးရက ဖော်ပြခဲ့သည်။
တရားဝင် နယ်စပ်ကုန်သွယ်မှု အများဆုံးနေရာသည် တရုပ်နိုင်ငံ ယူနန်ပြည်နယ် နယ်နိမိတ်တွင်ရှိသော မူဆယ် ဖြစ် သည်ဟု Xinhua တရုတ်သတင်းဌာန ကဆိုသည်။ မူဆယ်တွင် ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၃.၁၂ ဘီလီယံ ရှိသည်ဟု သိရသည်။
သို့သော်လည်း တရုတ်နိုင်ငံတွင် ချမ်းသာသည့် လူငယ်အရေအတွက် တိုးပွားလာခြင်းကြောင့် မြန်မာနိုင်ငံမှ စိတ်ကြွဆေး ကဲ့သို့သော ကုန်ပစ္စည်းမျိုးကို ဝယ်လိုအားမြင့်တက်လာသည်။
“ပိုက်ဆံ အရမ်းချမ်းသာတဲ့သူတွေ၊ တရုတ်နိုင်ငံက ပါတီပွဲတွေ အဆက်မပြတ် တက်နေတဲ့သူတွေ အမြောက်အများက မူးယစ်ဆေးဝါးဖက်ကို လှည့်လာကြတယ်။ အိမ်နီးချင်း မြန်မာနိုင်ငံကို မက်သဖက်တမင်း ထုတ်လုပ်တဲ့နေရာ အဖြစ်ပြောင်း ပစ်လိုက်တယ်။ ရွှေတြိဂံဒေသမှာ ဘိန်းဖြူရောင်းဝယ်ကုန်သွယ်မှုတွေ အကြီးအကျယ် ထွန်းကားခဲ့တဲ့ ကာလတွေကို ပြန် သတိရချင်စရာ ဖြစ်ပါတယ်” ဟု ဇန်နဝါရီလအတွင်းက ထုတ်လွှင့်ခဲ့သည့် Al Jazeera ရုပ်သံဌာန၏ အထူးသတင်း တခုတွင် ဖော်ပြခဲ့သည်။
“မက်သဖက်တမင်းဆေးတွေ ဒါမှမဟုတ် ထုတ်လုပ်သူတွေအတွက် ကုန်ကြမ်းပစ္စည်းတွေကို ကြားဖြတ်ဖမ်းမိတာတွေက တန်နဲ့ ချီပြီးရှိပါတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေ ဖော်ထုတ်နိုင်တာက မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံထဲကို ပို့နေတဲ့ အစိတ်အပိုင်း အနည်းအကျဉ်းလောက်ပဲ ရှိတယ်။ အန္တရာယ်ကြီးတဲ့ မူးယစ်ဆေးက နေရာအနှံ့ လွှမ်းမိုးထား နိုင်နေတယ်” ဟု Al Jazeera သတင်းဌာနမှ ရုပ်သံသတင်းထောက် Stephen McDonell ကပြောသည်။ သူက တရုတ် မူးယစ်နှိမ်နင်းရေး ရဲအဖွဲ့က ယူနန်ပြည်နယ်ဖက်ခြမ်းတွင် ကင်းလှည့်ရာ၌ လိုက်ပါခဲ့သူဖြစ်သည်။
တရုတ်နိုင်ငံဖက်မှ မက်သဖက်တမင်း ဝယ်လိုအားက ဈေးကွက်အသစ်တခုဖြစ်လာသည်။ ကုလသမဂ္ဂ မူးယစ်ဆေးဝါး နှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က မြန်မာနိုင်ငံ တောတောင်များအတွင်းမှ ရွှေ့ပြောင်းနိုင်သည့် စက်ရုံများတွင် ထုတ်လုပသော မက်သဖက်တမင်း များသည် ထိုင်းနိုင်ငံသို့ အဓိကဦးတည်သွားကြသည် ဟု ၂၀၁၂ ခုနှစ်တွင် သတ်မှတ်ထုတ်ပြန်ခဲ့၏။
မြန်မာနိုင်ငံနှင့် ထိစပ်နေသော ၁၆၅၀ ကီလိုမီတာ ရှည်လျားသည့် နယ်နိမိတ်တလျှောက်တွင် တရားမဝင်ကုန်သွယ်မှု ဖွံ့ဖြိုးလာနေသည်ဟု အိန္ဒိယ အာဏာပိုင်များကပြောကြသည်။ နယူးဒေလီမြို့ရှိ အိန္ဒိယ ပြည်ထဲရေး ဝန်ကြီးဌာနမှ “ စိမ့် ဝင်မှု အလွန်များသည်” ဟု မကြာသေးမီကမှ ထုတ်ဖော်ပြောခဲ့သည်။
“နယ်စပ် တလျှောက်မှာ တောင်ကုန်းထူထပ်ပြီး မြေပြင်အနေမကောင်းသလို အခြေခံအဆောက်အဦးပိုင်းကလည်း အလွန် ချို့တဲ့ပါတယ်” ဟု ပြည်ထဲရေး ဝန်ကြီးဌာန၏ အစီရင်ခံစာတစောင်ကို ကိုးကား၍ The Times of India သတင်းစာက ရေး သားခဲ့သည်။
“ဘိန်းနဲ့ ဘိန်းဖြူတွေကလည်း မြန်မာနိုင်ငံ အနောက်ပိုင်းကနေ အိန္ဒိယ အရှေ့မြောက်ပိုင်း ပြည်နယ်တွေဖြစ်တဲ့၊ နာဂလန်၊ မဏိပူရနဲ့ မီဇိုရမ် ပြည်နယ်တွေကို ဝင်ရောက်လာပါတယ်။ အဲဒီကနေ ကလကတ္တားကို အာသံကတဆင့်ရောက်ရှိသွားပြီး နောက်ဆုံးမှာ ကျန်တဲ့ အိန္ဒိယ တိုက်ငယ်တခုလုံးကို ပို့ဆောင်ပါတယ်” ဟု နယူးဒေလီမြို့ Institute of Defence Studies and Analyses ရှိ Southeast Asia and Oceania Centre မှ Riddhi Shah ၏ လေ့လာမှုတခုတွင် ရေးသားဖော်ပြထား သည်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါး နှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ၏ အချက်အလက်များကို အခြေပြု၍ အရှေ့တောင်အာရှ ဒေသအတွင်း တရားမဝင်နယ်စပ်ကုန်သွယ်မှုတွင် မူးယစ်ဆေး၊ လက်နက်နှင့် လူကုန်ကူးမှု စသည်တို့သက်သက်ပင် လျှင် တန်ဖိုး အမေရိကန်ဒေါ်လာ ဘီလီယံများစွာ ရှိသည်ဟု Riddhi ကပြောသည်။
ထို့ပြင် တရားမဝင် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုဖွံ့ဖြိုးလာရခြင်းသည် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ၏ ဒေ သတွင်း ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းကို ဖော်ပြနေခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြခဲ့ပြီး အကျင့်ပျက် ခြစား မှု၊ ဆင်းရဲနွမ်းပါးမှု နှင့် အရင်း အမြစ် ချို့တဲ့မှုစသည့် ဒေသတွင်းအကြောင်းရင်းများကို အပြစ်ဆိုလိုက်သည်။
မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ် အတွက် ASEAN အဖွဲ့၏ ဥက္ကဌဖြစ်သော်လည်း အဖွဲ့၏ အဓိက ထိပ်သီး အစည်းအဝေးကြီး ၂ ခုအပါအဝင် တနှစ်ပတ်လုံး မြန်မာနိုင်ငံ တလွှားတွင်ကျင်းပမည့် ASEAN အစည်းအဝေးပွဲများမှ တဆင့် ၎င်း၏ စီမံခန့် ခွဲနိုင်မှု ကို ပြသနိုင်ရန် လိုအပ်နေသည်။