ယခုဘဏ္ဍာ နှစ်ကုန် (၂၀၁၃- ၂၀၁၄) တွင် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု ပမာဏသည် အမေရိကန် ဒေါ်လာ ၃.၅ ဘီလီယံ အထိ ရောက်နိုင်မည် ဖြစ်ကြောင်း ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှုချုပ် ဦးအောင်နိုင်ဦးက ဧရာဝတီသို့ ပြောသည်။
“FDI က ဒီနှစ် အတွက် မျှော်မှန်းခဲ့တာ ၃ ဘီလီယံ ပေါ့၊ အခု ၃ ဒသမ ၁ ကျော် သွားပြီ၊ မူလ မျှော်မှန်းတဲ့ ပမာဏကို ကျော်သွား ပြီပေါ့၊ အဲဒီတော့ ဘဏ္ဍာ နှစ်ကုန် ဆိုရင် တလခွဲလောက် ကျန်သေးတာပေါ့၊ ၃ ဒသမ ၅ လောက် ဖြစ်သွားမယ်” ဟု ဦးအောင်နိုင်ဦးက ပြောသည်။
နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု (FDI) ဝင်ရောက်မှုမှာ လက်ရှိ၌ ၃ ဒသမ ၁ ဘီလီယံကျော်ပြီ ဖြစ်ရာ ဘဏ္ဍာနှစ် လက်ကျန် ကာလအတွင်း ဝင်ရောက်လာရန် ရှိသော စာရင်းများအရ ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
ယခု ဘဏ္ဍာနှစ် လက်ကျန် ကာလအတွင်း ထပ်မံ ဝင်ရောက်လာရန်ရှိသည့် စီးပွားရေး ကဏ္ဍများတွင် ဆက်သွယ်ရေး ကဏ္ဍမှ ဝင်ရောက် မြှုပ်နှံမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
“ထပ်ပြီး ဝင်လာစရာ ရှိတာက ဆက်သွယ်ရေးနဲ့ ပတ်သက်တဲ့ ကဏ္ဍပါ၊ Ooredoo တို့ Telenor တို့ပေါ့။ ဒါတွေက တာဝါတိုင် လုပ်တဲ့ အပိုင်းတွေ၊ ဖိုက်ဘာခင်းတဲ့ အပိုင်း ရင်းနှီးမြှုပ်နှံမှုတွေပေါ့၊ ဒါတွေက ထပ်ပြီး ဝင်လာနိုင်မယ်” ဟု ၎င်းက ဆိုသည်။
ရင်းနှီးမြှုပ်နံှမှုတွင် ယခုနှစ်အတွင်း ဝင်ရောက် ရင်းနှီးမြှုပ်နှံမှု အများဆုံး နိုင်ငံမှာ စင်ကာပူနိုင်ငံမှ ဖြစ်ကြောင်းနှင့် အများ ခန့်မှန်း ထားကြသော တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု လျော့ကျသွားသည် ဆိုသည်မှာ ပြောနိုင်သည့် အခြေအနေ မရှိသေးကြောင်း ၎င်းက ရှင်းပြသည်။
“တကယ်တော့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုက ဒီနှစ် မကျပါဘူး၊ ဒီနှစ် သန်း ၁၀၀ လောက် ဝင်တယ်၊ ဒီတော့ မနှစ်က သန်း ၂၀၀ ကျော် ဝင်တယ်၊ ဒါက အသစ်ဝင်တာ မဟုတ်ဘူး၊ ရှိပြီးသား ရင်းနှီးမြှုပ်နှံမှုကို ထပ်ပြီး တိုးတာပေါ့၊ ဒါသန်း၂၀၀ ကျော် ဆိုပေမယ့် တိုးတာပဲ ရှိတယ်၊ ဒီနှစ်က စီမံကိန်း အသစ်တွေ တိုးတာ၊ တရုတ်က တက်မလာသေးတာပဲ ရှိတယ်၊ ကျတော့ မကျဘူး” ၎င်းက ပြောသည်။
မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းစဉ် လျှောက်လှမ်းခြင်းနှင့် အတူ ပြုပြင်ပြောင်းလဲရေး လမ်းစဉ်များကြောင့် အမေရိကန်နှင့် အနောက်နိုင်ငံများက စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုများ ဖယ်ရှားပေးသည့် ပြီးနောက်၊ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံများမှ ရင်းနှီး မြှုပ်နှံမှုများလည်း ဝင်ရောက်လာလျက် ရှိနေသည်။
ယခု ဘဏ္ဍာနှစ် ရင်းနှီးမြှုပ်နှံမှု အပိုင်းကို ကြည့်မည် ဆိုလျှင် ပုံမှန် အများဆုံး ဖြစ်လေ့ရှိသော တရုတ် နိုင်ငံထက် ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုက များပြားလျက် ရှိပြီး ဒီဇင်ဘာလကုန် အထိ အမေရိကန် ဒေါ်လာ ၁၅၉ သန်း ကျော်ဖြင့် ရင်းနှီး မြှုပ်နှံထားသည်ကို တွေ့ရသည်။
နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့ခြင်းနှင့် အတူ ပြည်ပ နိုင်ငံများမှ ရင်းနှီးမြှုပ်နံှမှု တိုးတက်လာသည့် အခြေအနေနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီ ၂၂ ရက်က ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အဆောက်အအုံတွင် ပြုလုပ်သော စီးပွားရေး လုပ်ငန်းရှင်များနှင့် သမ္မတ တွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။
“၂၀၁၁ ခုနှစ်ကနေ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၁၈၈ ခုနဲ့ ရင်းနှီး မြှုပ်နှံမှု တန်ဖိုး အမေရိကန်ဒေါ်လာ ၈ ဒသမ ၂ ဘီလီယံကျော်၊ ပြည်တွင်းရင်းနှီး မြှုပ်နှံမှု လုပ်ငန်းသစ်ပေါင်း ၁၄၅ ခုနဲ့ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးကျပ် ၂၂၆၈ ဘီလီယံကျော် တိုးတက် ခဲ့တာကို တွေ့ရပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က အဆိုပါ အခမ်းအနားတွင် ပြောဆိုသည်။
လက်ရှိ အချိန်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အားလုံးတွင် လုပ်ငန်းအများဆုံးကို ပိုင်ဆိုင်ထားသည့် နိုင်ငံမှာ တရုတ်နိုင်ငံ ဖြစ်ပြီး နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု ပမာဏ အားလုံး၏ ၃၁ ဒသမ ၃၉ ရာခိုင်နှုန်းကို ပိုင်ဆိုင် ထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလကုန် အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နံှမှု စုစုပေါင်း တန်ဖိုး ပမာဏမှာ အမေရိကန် ဒေါ်လာ ၄၅ ဘီလီယံကျော် ရှိနေပြီ ဖြစ်သည်ဟု ရင်းနှီးမြှုပ်နံှမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန် ထားသည်။