ပြည်သူတွေရဲ့အသံကို နားဆင်ဖို့ သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံရဲ့ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်ကြီး အယောက် ၂၀ ကို ဖေဖော်ဝါရီ ၂၂ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ လွှတ်တော် အဆောက်အအုံမှာ တွေ့ဆုံခဲ့ပါတယ်။
မျှော်လင့်ချက်ကိုယ်စီနဲ့ တက်လာကြတဲ့ လုပ်ငန်းရှင်တွေမှာ ကြုံတောင့်ကြုံခဲ တွေ့ဆုံရချိန်မို့ တင်ပြစရာတွေ ကိုယ်စီယူလာခဲ့တာကို တွေ့ရပါတယ် ဘာတွေပြောပြီး ဘယ်လိုတွေ တင်ပြကြသလဲဆိုတာက စိတ်ဝင်စားစရာ ကောင်းပါတယ်။ ပြောင်းလဲလာတဲ့ခေတ်မှာ လုပ်သာကိုင်သာ ရှိတာတွေ ရှိလာသလို အခုအချိန်အထိ ကြိုးနီစနစ်တွေကလည်း ကျန်နေပါသေးတယ်။ ပြင်ရမှာတွေကများ၊ ခေတ်စနစ် အလိုက်မှာ ပြင်စရာတွေ တပုံတပင် ဖြစ်နေချိန်မှာ တောင်းဆို တင်ပြရမှာတွေကလည်း များတာ မဆန်းပါဘူး။ အခုချိန် အထိကလည်း အစိုးရရဲ့ ပြောင်းလဲမှုတွေကလည်း ပြောစရာတွေရှိနေဆဲပါ။
တွေ့ဆုံပွဲကို တက်လာတဲ့ ဒိတ်ဒိတ်ကြဲ လုပ်ငန်းရှင်တွေက ခေတ်ကာလအရ ခရိုနီတွေလို့ နာမည်ကြီးသူတွေ၊ နာမည်ကျော် အထင်ကရတွေဖြစ်ပြီး တချို့ဆိုငွေပါဝါရော၊ လူအာဏာပါ ပြည့်စုံသူတွေ ပါပါတယ်။
ပွဲမစခင်ထဲက ပြင်ဆင်လာတဲ့ စာရွက်တွေကိုယ်စီနဲ့ တင်ပြဖို့ ဟန်ပြင်နေသူတွေ ကြားမှာ ရေပန်းစားသူကတော့ ဦးတေဇပါ။ ထူးထူးခြားခြားတက်ရောက်လာတဲ့ သူ့ကို လူတော်တော်များများက စိတ်ဝင်စားခဲ့ကြပါတယ်။
သိုသိုသိပ်သိပ်နဲ့ နေသွားတာကတော့ ထောင်ကနေ ပြန်လွတ်လာတဲ့ မောင်ဝိတ်၊ ဦးရွှေမန်းရဲ့ သားနဲ့ ဦးအောင်သောင်းရဲ့ သားတွေပါပဲ။ ဒီအထဲမှာ နာမည်စာရင်းမှာ ထိပ်တန်းထဲ မပါဝင်သေးတဲ့ သူဌေးတွေလည်း တက်ခဲ့ပါတယ်။
အသင်းအဖွဲ့ပေါင်း ၃၃ သင်းက ကိုယ်စားလှယ်ပေါင်း ၁၂၀ ကျော်တက်ခဲ့ပြီး အသင်းအဖွဲ့ ၉ ခုက သူတို့အခက်ခဲတွေကို ၅ မိနစ်စာ အလျင်စလို တင်ပြခဲ့ကြပါတယ်။
အချက်ပေးမြည်သံအတွင်း ၅ မိနစ်စာ အလုအယက် ပြောကြရတဲ့ဒီပွဲမှာ တချို့သော လုပ်ငန်းရှင်တွေက အချိန်ကန့်သတ်မှု နည်းတဲ့အတွက် ထပ်တိုးတောင်းဆိုသံတွေ ကြားရသလို ရှိတဲ့အသင်းပေါင်း ၃၀ ကျော်မှာ ၉ ခုသာ ပြောခွင့်ရတဲ့အပေါ် မကျေလည်မှုအသံတွေလည်း ထွက်ပေါ်ခဲ့ရပါတယ်။
ပြောနေကျ “လုပ်ပွဲ” လို့ ဝေဖန်သံတွေ ရှိသလို တဖက်ကလည်း ခေတ်ပြောင်းလဲမှုအပေါ်မှာ “နားလည်စေချင်ပါတယ်။ ရတဲ့အချိန်ပေါ်မှာ အခုလိုဖြစ်လာတာ ကောင်းတယ်။ ကျေနပ်ရပါတယ်” လို့ပြောနေသံတွေလည်း ရှိပါတယ်။
စီးပွားရေးသမားတွေနဲ့ တွေ့ဆုံပေမယ့် သမ္မတ ဦးသိန်းစိန်ဟာ နိုင်ငံရဲ့ စီးပွားရေးမူဝါဒနဲ့ ပတ်သက်လို့ ပြတ်ပြတ်သားသား အမြင်ရှိပုံ မရဘူးလို့ စီးပွားရေးသမားတဦးက ပြောပါတယ်။
“ သမ္မတကြီးက သူ့ရဲ့ သမ္မတသက်တမ်းတလျှောက်မှာ မအောင်မြင်တာတွေများခဲ့လို့ လူတွေကို စိတ်ကျေနပ်မှုရအောင် နိုင်ငံရေးကစားကွက်တခု လုပ်လိုက်တယ် ထင်တာပဲ၊ တွေ့ဆုံပွဲ ပြီးသွားပေမယ့်လည်း ရလာဒ်က သိပ်မထူးခြားဘူး”လို့ Trust &Development ကုမ္ပဏီ၏ မန်နေးဂျင်း ဒါရိုက်တာဖြစ်ပြီး ကုန်သည်စက်မှုအသင်းချုပ်မှ ဗဟိုအလုပ်အမှုဆောင်တဦးလည်းဖြစ်သူ ဦးမြင့်ဇော်က ဧရာဝတီကို ပြောပါတယ်။
ယခင် အစိုးရများ လက်ထက်ကလည်း စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံတာတွေ ရှိခဲ့ပေမယ့် ထူးထူးခြားခြား ဖြစ်မြောက်မှုမျိုး မရှိလာဖူးတာကြောင့် သမ္မတဦးသိန်းစိန်လက်ထက် တွေ့ဆုံမှုကလည်း ထူးမခြားနား အခြေအနေသာ ရှိနိုင်တယ်လို့ ဆိုပါသေးတယ်။
သမ္မတနဲ့ လုပ်ငန်းရှင်တွေ တွေ့ဆုံပွဲမှာ လုပ်ငန်းရှင်ဘက်က ဦးတေဇ၊ ဦးဝင်းအောင်၊ ဦးသာဌေး၊ ဦးရန်ဝင်း စတဲ့ ကိုယ်စားလှယ် ၉ ဦးတို့က စက်မှုဇုန်ကဏ္ဍ၊ ဟိုတယ်၊ ဆောက်လုပ်ရေး၊ အထည်ချုပ်လုပ်ငန်း၊ မွေးမြူရေးနှင့်ရေလုပ်ငန်း၊ ကျောက်မျက်၊ ဘဏ်လုပ်ငန်းနှင့် မြန်မာ့စီးပွားရေး ဖိုရမ်ဖြစ်မြောက်ရေးဆိုင်ရာတို့ကို တင်ပြဆွေးနွေးသွားခဲ့ပါတယ်။
“သမ္မတ နဲ့ တွေ့ဆုံမှုက နောက်ပိုင်းမှာ တံခါးပွင့်လာဖို့ နည်းနည်း alarm ပေးလိုက်တဲ့သဘောပေါ့လေ” လို့ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောပါတယ်။
သမ္မတ ပြောခဲ့တဲ့ မြန်မာ့စီးပွားရေးဖိုရမ် အကောင်အထည်ဖော်မယ့်ကိစ္စနဲ့ အစိုးရက အပြောသာရှိပြီး လက်တွေ့ ဆောင်ရွက်မှု မရှိသေးတဲ့ Public, Private, Patnership (Three P) ကို လက်တွေ့ ပူးပေါင်းဆောင်ရွက်မှု ရှိ မရှိ စောင့်ကြည့်ပြီး တကယ်ဖြစ်လာမှ တွေ့ဆုံပွဲ ရလာဒ်အောင်မြင်တယ်လို့ ပြောနိုင်မှာလို့ လုပ်ငန်းရှင်တချို့ကလည်း ဆိုပါတယ်။
“မတွေ့တာထက်စာရင် တွေ့လိုက်တာက ပိုပြီးကောင်းတယ်၊ တင်ပြချက်တွေကို ဘယ်လိုဆောင်ရွက်ပေးမယ် ဆိုတာကတော့ သမ္မတကြီးဘက်က အဖြေပေးမသွားဘူးပေါ့လေ၊ ဒါပေမဲ့ အစိုးရအဖွဲ့တွေကတဆင့် ဆောင်ရွက်မယ်လို့တော့ ထင်တယ်” လို့ သမ္မတနဲ့ တွေ့ဆုံပွဲမှာ စက်မှုဇုန်များဖွံ့ဖြိုးရေးကိစ္စကို ကိုယ်စားဆွေးနွေးခဲ့သူ ဦးမြတ်သင်းအောင်က ဧရာဝတီကို ပြောပါတယ်။
ဒါပေမယ့် ဒီလို စီးပွားရေးသမားတွေနဲ့ တွေ့ဆုံပွဲ တခုလုံးကို စီမံခန့်ခွဲတဲ့ Myanmar Peace Centre ရဲ့ အခန်းကဏ္ဍကိုလည်း ဘယ်လိုကြောင့် စီးပွားရေးမှာ ပါပါဝင်နေရသလဲဆိုတဲ့ အဖြေကို သိချင်သူတွေ ရှိသလို အဲဒီအဖွဲ့ရဲ့ တာဝန်ရှိသူတချို့ကိုယ်တိုင် ကိုယ်ပိုင်စီးပွားရေး လုပ်ဆောင်နေတဲ့ လုပ်ငန်းရှင်တွေ ပါဝင်နေတာကြောင့်သာ ဖြစ်မယ်လို့ တချို့ကလည်း သုံးသပ်ကြပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ စီးပွားရေး အကြံပေးတွေကတော့ ကိုယ်စီထိုင်ခုံမှာသာ ထိုင်နေပြီး ဘာကိုမှ ဝင်ရောက်ဆွေးနွေးတာ မတွေ့ရပါဘူး။
အစိုးရပိုင်းမှာတော့ သမ္မတ ဦးသိန်းစိန်နဲ့အတူ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးများဖြစ်တဲ့ ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးတင်နိုင်သိန်းတို့ အပါအဝင် စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၊ ဆောက်လုပ်ရေးဝန်ကြီး ဦးကျော်လွင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဦးဝင်းထွန်း၊ ပို့ဆောင်ရေး ဝန်ကြီး ဦးဉာဏ်ထွန်းအောင်နဲ့ တခြားသောဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်ဆွေတို့ တက်ရောက်ခဲ့ပါတယ်။
ဆွေးနွေးတင်ပြရာမှာ လုပ်ငန်းရှင်အများစုက အခွန်လျော့ပေါ့ပေးဖို့၊ လျှပ်စစ်မီး၊ အရင်းအနှီးနဲ့ လိုအပ်ချက်များကို တညီတညာတည်း တင်ပြခဲ့ကြတာကို တွေ့မြင်ခဲ့ရပါတယ်။ တညီတညာတည်း တင်ပြတောင်းဆိုခဲ့တဲ့ လုပ်ငန်းရှင်တွေမှာ တောင်းဆိုရာမှာ ပြတ်ပြတ်သားသား တင်ပြလာတာတွေက ခေတ်စနစ်တခုမှာ အားရစရာ ကောင်းလှတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
အခွန်ရှောင်သူတဦးလို့ နာမည်ကျော်ကြားလှသူက အခွန်လျှော့ဖို့ တောင်းဆိုလိုက်တာကလည်း လူရယ်စရာဖြစ်နေတယ်လို့ လုပ်ငန်းရှင်တဦးက မှတ်ချက်ပေးသွားတာကိုလည်း ကြားခဲ့ရပါတယ်။
တွေ့ဆုံပွဲမှာ တောင်းဆိုသံတွေ မိုးမွှန်အောင် ကြားခဲ့ရပေမယ့် ပြည်သူ့အကျိုး၊ ပိုမိုလုပ်ဆောင်နိုင်ဖို့ အစိုးရကို ဘယ်လို အခွန်တွေ ပေးဆောင်ပါမယ်၊ ပြည်သူအတွက် လုပ်ဆောင်နေတဲ့ကဏ္ဍတွေမှာ ဘယ်လိုပါဝင် လုပ်ဆောင်ပါမယ်၊ အစိုးရက ဒီလိုအခွင့်အရေးပေးရင် ဒါတော့ ပြန်လုပ်ပေးချင်ပါတယ်လို့ ပြောသူတယောက်မှ မတွေ့ခဲ့ပါဘူး။ အချိန်အကန့်အသတ်ကြောင့် မပြောနိုင်ကြတာလားတော့ မသိရပါဘူး။
အခုချိန်အထိ တိုင်းပြည်ထဲက နာမည်ကျော် ခရိုနီတချို့ဟာ အခွန်ရှောင်နေဆဲဖြစ်ပြီး ပိုင်ဆိုင်မှုတွေကို ထုတ်ဖော်မကြေငြာရဲသေးပါဘူး။ နိုင်ငံရဲ့ ကျန်းမာရေး၊ ပညာရေးကဏ္ဍတွေမှာ လိုအပ်ချက်တွေရှိနေဆဲပါ။ ဟို နိုင်ငံက အကူညီယူ၊ ဒီနိုင်ငံကချေးငွေတွေယူပြီး လုပ်ဆောင်နေရတဲ့ ကဏ္ဍတွေလည်း ရှိနေဆဲပါ။
အခုချိန်အထိ နိုင်ငံရဲ့အခွန်ရရှိမှုနှုန်းဟာ တိုင်းပြည်ရဲ့ စုစုပေါင်း အသားတင် ထုတ်ကုန်တန်ဖိုး GDPရဲ့ ၄ ရာခိုင်နှုန်းသာ ရှိပါတယ်။ ဒါကိုကြည့်မယ်ဆိုရင် တိုင်းပြည်ထဲမှာ ဘယ်လောက်အထိ အခွန်ရှောင်မှုတွေ၊ အခွန်နဲ့ ပတ်သက်တဲ့ ကိုင်တွယ်မှု လိုနေသေးတာကို ပြတာဖြစ်တယ်လို့ ဝေဖန်ကြပါတယ်။ တနှစ်နဲ့ တနှစ် လိုငွေပြမှုတွေက နည်းလာတယ်ဆိုပေမယ့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ လိုငွေပြမှုဟာ ၃ ရာခိုင်နှုန်းကျော် ရှိနေပါသေးတယ်။
အခွန်ရရှိမှုမှာ အကောက်ခွန်ဦးစီးဌာနရဲ့ ၂ဝ၁၂-၂ဝ၁၃ စည်းကြပ်နှစ်အတွက် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်သူ ၅ဝဝ နဲ့ ဝင်ငွေခွန် အများဆုံး ပေးဆောင်တဲ့ ၅ဝဝ စာရင်းများကို ထုတ်ပြန်ရာမှာ ဝင်ငွေခွန်အများဆုံး ပေးဆောင်သူ ၁ဝဝ စာရင်း၊ ကုန်သွယ်လုပ်ငန်းခွန် အများဆုံးပေးဆောင်သူ ၁ဝဝ စာရင်းအပြင် ဝင်ငွေခွန်၊ ကုန်သွယ်ခွန် ထိပ်ဆုံးပေးဆောင်သူ ၅ဝဝ စာရင်းတွေမှာ နာမည်ကျော် ခရိုနီတချို့ ပါဝင်လာခြင်း မရှိသေးပါဘူး။ တချို့ အာဏာရော ပါဝါရောရှိနေသူတွေက အခွန်ပြောင်ပြောင်တင်းတင်း မပေးဆောင်ဘဲ နေသူတွေလည်း ရှိပါတယ်။
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံများဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတို့မှာ GDPရဲ့ ၁၇ ရာခိုင်နှုန်း၊ စင်ကာပူ နိုင်ငံမှာ GDP ရဲ့ ၁၄ ရာခိုင်နှုန်းအထိ ရရှိအောင် အခွန်ပေးဆောင်နေပေမယ့်လည်း မြန်မာနိုင်ငံမှာကတော့ GDP ရဲ့ ၄ ရာခိုင်နှုန်းအောက်သာ အခွန်စည်းကြပ်မှု ရှိနေပါသေးတယ်။ အခွန်ဝင်ငွေ နည်းတာကြောင့် အစိုးရက အများပြည်အတွက် လုပ်ပေးသင့်တဲ့အခြေခံ လုပ်ဆောင်နိုင်မှုတွေတောင် မလုပ်ပေးနိုင်သေးဘူးလို့ လေ့လာသူများက ဝေဖန်ကြပါတယ်။