အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးပိတ်ဆို့မှု အမည်ပျက်စာရင်းသွင်းခံထားရသူ ထူးကုမ္ပဏီဥက္ကဋ္ဌ ဦးတေဇက အဲပုဂံ လေကြောင်းလိုင်း အရှုံးပေါ်နေကြောင်း ဖေဖော်ဝါရီ ၂၅ရက်နေ့ ပူတာအိုမြို့တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောဆိုသည်။
အဲပုဂံလေကြောင်းလိုင်းသည် လိုင်းစတင်ပြေးဆွဲကတည်းက အရှုံးပေါ်ခဲ့ကြောင်း၊ သို့ရာတွင် တိုင်းပြည် အကျိုးအတွက် အဲပုဂံလေကြောင်းပြေးဆွဲနေခြင်းဖြစ်ပြီး ဆက်သွယ်ရေး ခက်ခဲသော ဒေသများအထိ ပျံသန်း လျက်ရှိကြောင်း၊ ကျန်းမာရေးမကောင်းမွန်သော လူနာများကို အခမဲ့ လေယာဉ် ဖြင့် သယ်ဆောင်မှုများ လုပ်ဆောင်ပေးကြောင်း ဦးတေဇက ဆိုသည်။
“အဲပုဂံ မြတ်နေလား၊ မမြတ်နေလား ဆိုတာ Account တွေ Team တွေ ဖွဲ့လိုက်ပါ၊ Audit (စာရင်းစစ်) လုပ်ပါ၊ ပွင့်လင်းမြင်သာမှု ရှိရှိ အစစ်ခံဖို့ ခွင့်ပြုပေးမယ်၊ စကတည်းက ရှုံးနေတာ၊ National Services လုပ်နေတာ၊ ဒီလို နေရာမျိုးမှာ ကြိုက်တဲ့သူ မေးပါ၊ ဘယ်သူမှ မပျံသေးဘူး၊ ကလေးမြို့လိုမျိုး ဘယ်သူ ပျံလဲ၊ လူနာ အလကား တင်တာ အဲပုဂံ တခုပဲ ရှိတာ၊ ကြိုက်တဲ့သူကို သွားမေးလိုက်ပါ´´ဟု ဦးတေဇက ဆိုသည်။
လတ်တလော မြန်မာနိုင်ငံ၏ သတ္တုတွင်း တူးဖော်ရေးလုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ ဝင်ရောက်လာ နိုင်သော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကြောင့် ပြည်တွင်း သတ္တုတူးဖော်ရေးလုပ်ငန်းရှင်များအတွက် အားသာချက် နည်းပါးကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကျောက်စိမ်းဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ယခုထက် ပိုမိုကြိုးစားရန် လိုအပ်ကြောင်း၊ ၊ မြန်မာနိုင်ငံတွင် ချမ်းသာကြွယ်ဝနေသော စီးပွားရေးလုပ်ငန်းရှင် အများစုသည် ကျောက်စိမ်းနှင့် မကင်းဘဲ လုပ်ငန်းအများစု၏ ၇၅ ရာခိုင်နှုန်းသည် ကျောက်စိမ်းက ရရှိသော အရင်းအနှီးများဖြင့် စတင်ခြင်း ဖြစ်ကြောင်း၊ မြန်မာ့ကျောက်စိမ်း ဈေးကွက်သည် တရုတ်နိုင်ငံအပေါ် မှီခိုအားထားနေရခြင်းကိုလည်း သဘောမတွေ့ ဟု ဦးတေဇက ဆိုသည်။
“မြန်မာပြည်ရဲ့ ရှိသမျှ ဘဏ်လုပ်ငန်းတွေ၊ ဟိုတယ် လုပ်ငန်းတွေ၊ ရှိသမျှ စက်ရုံတွေ အကုန်လုံးမှာ ရင်းနှီး ထားတဲ့သူတွေ အကုန်လုံးဟာ ကျောက်စိမ်းကနေ ရတဲ့ ပိုက်ဆံနဲ့ ရင်းနှီးထားတဲ့ သူက အများဆုံးပါ၊ ရာခိုင်နှုန်းနဲ့ ပြောမယ်ဆို ၇၅ လောက် ထိရှိမယ်၊ ကျောက်စိမ်း ဈေးကွက် ဒီနေ့ ကောင်းပါတယ်၊ ဒါပေမယ့် ကျောက်စိမ်း ဆိုတာက တရုတ် အပေါ်ပဲ အဓိက မူတည် နေတယ်၊ ဒါကိုတော့ သိပ်မကြိုက်ဘူး”ဟု ပြောသည်။
ဦးတေဇသည် လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ ကျောက်မျက် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်နေသူလည်းဖြစ်သည်။
ကချင်ပြည်နယ်၊ ပူတာအို ဒေသတွင် ဧက ၃၀၀၀၀၀ ခန့် ရှိသည့် တောင်ပေါ် သစ်တောများတွင် သစ် ထုတ်လုပ်ခွင့် နှင့် ပူတာအို မြောက်ပိုင်းရှိ မလိခ မြစ်ကမ်းပါးတွင် ရွှေ တူးဖော်ရေး လုပ်ငန်း ဆောင်ရွက်ရန် အတွက် မြေဧက ၆၀၀၀၀၀ ခန့် ရရှိထားသည်ဟု သတင်းများထွက်ပေါ်လျက်ရှိသော ဦးတေဇက ပူတာအိုဒေသ ဖွံ့ဖြိုးရေးနှင့်လျှပ်စစ် မီးရရှိရေး ကျပ်သိန်းပေါင်း ၅ သောင်း အကုန်ကျခံ ပံပိုးကူညီမည်ဖြစ်ကြောင်း၊ စီမံကိန်း လုပ်ဆောင်ရန် ခွင့်ပြုချက်ရရှိထားပြီးဟု ပြောဆိုသည်။
စစ်အစိုးရလက်ထက်တွင် ချမ်းသာကြွယ်ဝခဲ့သူ ဦးတေဇက ယခင်စစ်အစိုးရခေတ်က အရာရှိအဖြစ် ရှိခဲ့သူများကိုယ်တိုင် ၎င်းကို ခရိုနီဟု ခေါ်ဝေါ် သုံးစွဲနေကြပြီး ယခင်က စည်သူဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့ရ စည်သူဝဏ္ဏကျော်ထင်တေဇသည် ခေတ်ပြောင်းလဲလာချိန်တွင် ခရိုနီ တေဇဟု အခေါ်ခံရကြောင်း၊ ယင်းသို့ စစ်အရာရှိဟောင်းများကိုယ်တိုင် ခရိုနီဟု ခေါ်ဆိုမှု အပေါ် မခံစားနိုင်ဟု ပြောဆိုသည်။
“ဒီဘက်ခေတ် ပြောင်းလာတယ်၊ပြောင်းတဲ့ အချိန်မှာ သူတို့လဲ ပြန်ပြီး ဝန်ကြီးတွေ ဖြစ်ကြတယ်ပေါ့၊ အပြင်လူတွေ ခရိုနီ ပြောတာ ကိုယ်တို့ လက်ခံ သေးတယ်၊ သူတို့တွေ ကိုယ်တိုင် ပြောတာကြ ခံစားလို့ မရဘူး။ အရင် အစိုးရ လက်ထက်မှာ အကို့ကို စည်သူဘွဲ့ ပေးခဲ့ပါတယ်၊ ဝဏ္ဍကျော်ထင်ဘွဲ့ ပေးခဲ့ပါတယ်၊ ခေတ်တခေတ် ပြောင်းသွားတယ်၊ ဒီလူတွေပဲ၊ စည်သူဝဏ္ဍ ကျော်ထင်တေဇ မှသည် ခရိုနီ တေဇ ဖြစ်သွားတဲ့ အချိန်မှာ ဒီနှစ်ခုကို ဘာလုပ်ရင် ကောင်းမလဲ ထိုင်စဉ်းစားနေတာ၊ အဲ့ဒီနှစ်ခုကို အကိုက ဘယ်နား သွားထား ရမှန်းကို မသိဘူး”ဟု ဦးတေဇက ဆိုသည်။
အမေရိကန်အစိုးရက ဦးတေဇကို စစ်အစိုးရအတွက် ရုရှားနိုင်ငံလုပ် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ အပါအဝင် စစ်လက်နက် ပစ္စည်းများ ဝယ်ယူမှုများနှင့်ဆက်စပ်၍ ၂၀၀၈ ခုနှစ်ကတည်းက စီးပွားရေးပိတ်ဆို့မှု ဒဏ်ခတ်မှုစာရင်းတွင် ထည့်သွင်းခဲ့သည်။