မြန်မာနိုင်ငံ၏ စီးပွားရေးတွင် ရင်းနှီးမြုပ်နှံသူများအနေဖြင့် စိန်ခေါ်မှု ၆ ချက်နှင့်ရင်ဆိုင်နေရကြောင်း နေပြည်တော် MICC တွင်ကျင်းပခဲ့သည့် OXFORD Business Group မှ မြန်မာနိုင်ငံလုံးဆိုင်ရာ စီးပွားရေးထုတ်ပြန်ချက် Launch Of The Report 2014 အခမ်းအနားတွင် အယ်ဒီတာတဦးဖြစ်သော PAULIUS KUNCINAS က ပြောကြားလိုက်သည်။
အဆိုပါ စိန်ခေါ်ချက်များမှာ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်း ပြန်ကွေ့ခြင်း Reform Path Reversal၊ ငွေကြေးဖောင်းပွမှု Currency Inflation၊ ပညာရေးနှင့် အခြေခံကျသော အလှမ်းကွာဟချက်များ Education & Infrastructive Gaps၊ ဒေသတွင်း တင်းမာမှုများ Regional Tensions၊ လုပ်ငန်းစရိတ်ကြီးနေမှု Costs of Business၊ သယံဇာတ အခြေခံ အမျိုးသားရေးဝါဒ Resource Nationnalism တို့ဖြစ်ကြောင်းပြောကြားခဲ့သည်။
“နိုင်ငံတကာက ရင်းနှီးမြုပ်နှံဖို့အတွက် သတိကြီးကြီး နဲ့ စောင့်ဆိုင်းနေတာတွေ ရှိပါတယ်။ ရှိနေတဲ့လုပ်သားအင်အားဟာ အာရှနိုင်ငံတွေထဲမှာ အကောင်းဆုံး အနေအထားမှာ ရှိပါတယ်။ ဒါပေမယ့် ပညာရပ်ဆိုင်ရာ အားနည်းမှုတွေ ရှိနေပါတယ်။ ငွေကြေးနဲ့ လျှပ်စစ်ကဏ္ဍတွေမှာ စိန်ခေါ်မှု ကြီးကြီးမားမား ရှိနေပါတယ်”ဟု PAULIUS KUNCINAS က ပြောကြားခဲ့သည်။
ထုတ်ပြန်လိုက်သည့် စာတမ်းမှာ နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံမည့်သူများအတွက် အကောင်းဆုံး အထောက်အပံ့ဖြစ်နိုင်မည်ဟု မျှော်လင့်ကြောင်း၊ လက်ရှိမြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံစရာ အကောင်းဆုံးနေရာတစ်ခုဖြစ်ကြောင်းကို ကမ္ဘာမှ သိစေနိုင်ရန် ဖော်ပြသွားနိုင်မည်ဟု ထင်ကြောင်းလည်း ပြောသည်။
“ဆက်သွယ်ရေးကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ ဘဏ်လုပ်ငန်း၊ ဆောက်လုပ်ရေးကဏ္ဍ၊ အိမ်ခြံမြေစတာတွေမှာ ပိုမိုရင်းနှီးလာနိုင်မယ်။ ခုချိန်မှာ ဆက်သွယ်ရေးကဏ္ဍက အကောင်းဆုံး ရင်းနှီးနိုင်တဲ့ကဏ္ဍတစ်ခု ဖြစ်နေတယ်။ ၂၀၁၄ မှာ မြန်မာနိုင်ငံဟာ အာရှမှာ ရင်းနှီးဖို့ အကောင်းဆုံးနေရာတစ်ခု ဖြစ်လာနိုင်တယ်”ဟု PAULIUS KUNCINAS က ထုတ်ဖော်ပြောကြားခဲ့သည်။
၁၂ လကြာ ကောက်ယူခဲ့သည့် အဆိုပါစစ်တမ်းတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတရုံးဝန်ကြီးဦးစိုးသိန်း၊ ငွေကြေးကဏ္ဍ၊ သတ္ထုရှာဖွေခြင်းကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ ပို့ဆောင်ရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍတို့မှ ပြည်ထောင်စု ဝန်ကြီးများ၊ အဆိုပါ ကဏ္ဍများတွင် လုပ်ဆောင်နေသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံမေးမြန်းမှုများပြုထားသည့် အမေးအဖြေကဏ္ဍများကို ထည့်သွင်းဖော်ပြထားသည်။
လက်ရှိတိုင်းပြည်၏ စိုက်ပျိုးရေးကဏ္ဍတွင် ဆန်စပါးကိုသာ အားကိုးနေသည့်အတွက် စိုက်ပျိုးရေးကဏ္ဍမှာ ကျဆင်းနေကြောင်း၊ အခြားသောသီးနှံများကိုလည်း စိုက်ပျိုးထုတ်လုပ်ရန် လိုအပ်ကြောင်း ၎င်းကပြောကြားခဲ့သည်။
“စိုက်ပျိုးရေးကဏ္ဍတစ်ခုကို ကောင်းကောင်းထူထောင်နိုင်ဖို့ လိုပါတယ်။ ဒီကဏ္ဍကို ပြောင်းလဲဖို့ လိုတယ်။ ရာဘာနဲ့ ပဲတို့ကိုပါ စိုက်ပျိုးထုတ်လုပ်နိုင်တဲ့အလားလာတွေ ရှိပါတယ်။ ဆန်စပါးတစ်ခုထဲကို အားကိုးတာ မဖြစ်သင့်ပါဘူး။ အဲဒီလို အားကိုးနေတဲ့အတွက် စိုက်ပျိုးရေးကဏ္ဍပိုင်းက ပိတ်နေတာ ဖြစ်တယ်”ဟု ပြောသည်။
စက်မှုကဏ္ဍတိုးတက်ရေးတွင် ရင်းနှီးမြုပ်နှံမှုဥပဒေမှာ အကောင်းဆုံး ပံ့ပိုးပေးထားကြောင်း၊ အထည်ချုပ်လုပ်ငန်း၊ ရိုးရာရက်ကန်းလုပ်ငန်းများအတွက် ဈေးကွက်ရှာရန် လိုအပ်ကြောင်း၊ ကုန်ကြမ်းရရှိမှုအပေါ်အလေးထားစိုက်ထုတ်ရန် လိုအပ်ကြောင်းလည်း ပြောကြားသည်။
“ငွေကြေးကဏ္ဍတွင် အခြေခံအဆောက်အဦများ ခေတ်မီစေရေး၊ ပုဂ္ဂလိက အာမခံလုပ်ငန်းများ ကြီးထွားလာရေးနှင့် အာဆီယံအတွင်း ယုံကြည်စိတ်ချရမှု အနိမ့်ဆုံးဖြစ်နေခြင်းမှ ရုန်းထွက်ရေးတို့ လိုအပ်နေပါတယ်”ဟုလည်း ဆိုသည်။
လက်ရှိတွင် တိုင်းပြည်၏ GDP ဖွံ့ဖြိုးမှုနှုန်းမှာ ၂၀၁၃ ခုနှစ်တွင် ၆ရာခိုင်နှုန်းရှိရာမှ ၂၀၁၄ တွင်ထပ်မံတိုးလာနိုင်ကြောင်း OXFORD Business Group မှ PAULIUS KUNCINAS က သုံးသပ်ပြောကြားသည်။
“GDP က ၂၀၁၄ မှာ ၈ ရာခိုင်နှုန်းထိဖြစ်လာနိုင်တယ်။ ၂ ရာခိုင်နှုန်းလောက် တိုးနိုင်မယ်လို့ သုံးသပ်နိုင်ပါတယ်။ ဒါပေမယ့် ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ပဋိပက္ခတွေကြောင့် FDI ဝင်လာတာ နှောင့်နှေးနိုင်ပါတယ်”ဟု ပြောကြားသည်။
ပါရမီ စွမ်းအင်ထုတ်လုပ်ရေးလုပ်ငန်းစုမှ CSR မန်နေဂျာ ဦကျော်မျိုးရှိန်က “နှစ်ပေါင်း ၅၀အတွင်းမှာ ဒီလိုထွက်လာတာက အတိုင်းတာတခု ထိတော့ အကျိုးသက်ရောက်မှု ရှိပါတယ်။ သူတို့ကောက်တဲ့စစ်တမ်းဟာ ဘယ်ကရတဲ့အချက်အလက်ပေါ် မူတည်လည်း ရှိပါသေးတယ်။ ဒါပေမယ့် ဒီစာအုပ်ကနေ ဘာတွေလုပ်သင့်တယ်ဆိုတာ သိပြီး လုပ်ဆောင်ကြဖို့ လိုပါတယ်။ ဒါမှပိုအကျိူးရှိပါလိမ့်မယ် ”ဟု ပြောကြားသည်။
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦး စီးဌာန မှဦးဆောင်ညွှန်ကြားရေးမှုး ဦးအောင်နိုင်ဦးကမူ “ပြည်တွင်းငြိမ်းချမ်း ရေးနဲ့ ပဋိပက္ခတွေကြောင့် FDI ဝင်လာတာ နှောင့်နှေးနိုင်ပါတယ် ဆိုတာကိုတော့ လေ့လာသလောက် မတွေ့ရပါဘူး။ ခုချိန်ထိ FDI က ဝင်နေတာပါပဲ။ ဝင်လာတဲ့ပမာဏလည်း တိုးလာတယ်။ ဒီနှစ်ဆို FDI ဝင်လာတာက အမေရိကန်ဒေါ်လာ ဘီလီယံ ၃.၅ လောက် ဝင်လာပါတယ်။ မနှစ်က ၁.၄ ဘီလီယံပဲ ဝင်ခဲ့တယ်”ဟု ပြောသည်။
စစ်တမ်းကို OXFORD Business Group မှ စတာလင်ပေါင် ၁၀၄ ပေါင်ဖြင့်ရောင်းချမှာဖြစ်ပြီး စာအုပ်ရေ ခုနှစ်သောင်းမှ တစ်သိန်းအတွင်း ရောင်းချရန် စီစဉ်ထားကြောင်း သိရသည်။