မြန်မာနိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးမှုဆီသို့ အရှိန်ယူ လုပ်ဆောင်နေမှုနှင့်အတူ မရှိမဖြစ် ဒွန်တွဲပါလာရန် လိုအပ်သည့် အင်္ဂါရပ်တခု ဖြစ်သော စတော့ဈေးကွက်ကို အကောင်အထည်ဖော်ရန် ကြိုးစားနေပြီဖြစ်သည်။ အာဆီယံ ၁၀ နိုင်ငံတွင် မြန်မာတနိုင်ငံတည်းသာ မရှိသေးသော စတော့အိတ်ချိန်းကို ၂၀၁၅ ခုနှစ်တွင် အကောင်အထည်ဖော် စတင်မည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောဆိုထားသည်။
စတော့ဈေးကွက်ဟု ဆိုလိုက်သည်နှင့် ပါဝင်ပတ်သက်လာမည့် အဓိက ရင်းမြစ်များတွင် ထိပ်ဆုံးမှ ပါနေသည်မှာ စတော့ရှယ်ယာများကို ရောင်းချကြမည့် အများပိုင်ကုမ္ပဏီများဖြစ်သည်။ ယင်းအများပိုင် ကုမ္ပဏီများက မြန်မာအစိုးရ၊ ဂျပန် စတော့အိတ်ချိန်းနှင့် Daiwai ကုမ္ပဏီတို့ ဖက်စပ်စနစ်ဖြင့် တည်ထောင်မည် ဖြစ်သော ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်အောင်လုပ်၍ ရှယ်ယာများ ရောင်းချကြရမည်ဖြစ်သည်။
ထိုစတော့အိတ်ချိန်းတွင် စာရင်းဝင် ရောင်းချနိုင်ရန်အတွက် အများပိုင်ကုမ္ပဏီများဘက်မှ လိုအပ်မည့်အချက်များစွာ ရှိနေမည် ဖြစ်သည်။ အမြတ်ငွေအနည်းဆုံး ၂ နှစ်ဆက်တိုက် ရရှိထားသော ကုမ္ပဏီဖြစ်ခြင်း၊ အနည်းဆုံးထည့်ဝင် ရင်းနှီးငွေကျပ် သန်း ၅၀၀ ထည့်ဝင်ပြီး ကုမ္ပဏီဖြစ်ခြင်း၊ အနည်းဆုံး ရှယ်ယာရှင်အရေအတွက် ၁၀၀ ရှိရမည်ဖြစ်ခြင်း စသည်တို့ကို လက်တလောတွင် အကြမ်းဖျဉ်း လျာထားကြသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံတွင် စတော့ဈေးကွက် မပေါ်သေးသော်လည်း အများပိုင်ကုမ္ပဏီ တည်ထောင်ခွင့် ရှိလာသည့်အတွက် ထည်ထောင်သည့် အရေအတွက် များပြားလာသည်နှင့်အတူ ရှယ်ယာများကိုလည်း ရောင်းဝယ်ကြသည်။
အများပိုင်ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်ခြင်းဆိုင်ရာ အချက်များအရ ကနဦးရှယ်ယာရှင် ၇ ဦးနှင့် ဖွဲ့စည်းခွင့်ရှိခြင်းကြောင့် ထို ၇ ဦးဖြင့် တည်ထောင်ထားသည့် အများပိုင် ကုမ္ပဏီများကလည်း အများအပြားပင်ဖြစ်သည်။ လက်ရှိ အများပိုင်ကုမ္ပဏီ စုစုပေါင်းမှာ ၁၄၀ ကျော်ရှိနေပြီဟု ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောဆိုထားသည်။
ထို ၁၄၀ ကျော်သော အများပိုင်ကုမ္ပဏီများတွင် ရောင်းဝယ်မှု ရှိလာနေသည့် ရှယ်ယာ Share certificate များမှာ Risk ဆုံးရှုံးနိုင်ခြေ တန်ဖိုး (Risk) ကို တွက်၍ ရင်းနှီးမြှုပ်နှံရသကဲ့သို့ ခိုင်မာမှုတွင်လည်း များစွာအားနည်းသည်ကို တွေ့ရမည်ဖြစ်သည်။ စတော့အိတ်ချိန်း ပေါ်လာမည် ဆိုပါကသာ စံသတ်မှတ်ချက်များနှင့်အညီ စာရင်းဝင်ခြင်း၊ ဈေးကွက် ဝယ်လိုအား၊ရောင်းလိုအားနှင့်အညီ ရှယ်ယာတန်ဖိုး အတက်အကျနှင့် အရောင်းအဝယ်များ ပြုလုပ်ခြင်းကို စနစ်တကျ လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ထို့အတူ ငွေပေါ်လွယ်မှု Liquidity အပိုင်းအတွက်လည်း အရောင်းအဝယ်ကို ခလုတ်နှိပ်၍ အလျှင်အမြန် လုပ်ဆောင်နိုင်ကြမည် ဖြစ်သည်။
စတော့ ဈေးကွက် မပေါ်ပေါက်သေးဘဲနှင့် အများပိုင်ကုမ္ပဏီများ ပေါများလာခြင်း၊ ရှယ်ယာများ အရောင်းအဝယ် လုပ်ခြင်းတို့က အန္တရယ်များကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောဆိုဖူးသည်။
“စတော့အိတ်ချိန်း မပေါ်ဘဲနဲ့လည်း အခုရှယ်ယာတွေ ရောင်းနေတာ အများကြီးပဲ၊ သို့သော် အဲဒီကုမ္ပဏီက ဘယ်လောက် ခိုင်မာသလဲ၊ နောက်ဆုံးကုမ္ပဏီ သူဌေးက တာ့တာပြပြီး ထွက်သွားလို့ရတယ်။ စတော့အိတ်ချိန်း ပေါ်လာရင်တော့ စံချိန်စံညွှန်းတွေ သတ်မှတ်ပြီး ဒီဟာတွေနဲ့ညီတဲ့ ကုမ္ပဏီတွေကိုသာ အစုရှယ်ယာ ရောင်းပေးမှာဆိုတော့ တကယ်လုပ်မယ့် ကုမ္ပဏီလား၊ ညာသွားမယ့် ကုမ္ပဏီလားဆိုတာ စံနှုန်းတွေ သတ်မှတ်ထားမှာ ဖြစ်တဲ့အတွက် ဒီ စတော့အိတ်ချိန်းမှာ ရောင်းချခွင့်ရတဲ့ ကုမ္ပဏီတွေက အပြင်မှာရောင်းချတဲ့ ကုမ္ပဏီတွေထက် အများကြီး ခိုင်မာသွားပါပြီ” ဟု ပြောခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေအရ အများပိုင် ကုမ္ပဏီများအနေဖြင့် ရှယ်ယာများ ထုတ်ခွင့်ပြုထားသကဲ့သို့ တရားဝင် ရောင်းခြင်းဝယ်ခြင်းများလည်း ပြုလုပ်၍ရသည်။
ယင်းအပိုင်းနှင့် ဆက်စပ်၍ စတော့အိတ်ချိန်းတွင် ရှယ်ယာရောင်းချမည့် ကုမ္ပဏီများနှင့် ဝယ်ယူသူတို့ အပိုင်းတွင် ကြားခံဆောင်ရွက်ပေးရမည့် Security ကုမ္ပဏီတခုဖြစ်သော Myanmar Securities Exchange Centre (MSEC) မှ Deputy Director ဦးသက်ထွန်းဦးက “ရှယ်ယာက တရားဝင် ရောင်းလို့ရတယ်၊ ပြည်သူလူထုကလည်း တရားဝင် ဝယ်လို့ရတာပဲ၊ ဒါပေမဲ့ အနာဂတ်မှာ ခိုင်မာမှု ရှိလား မရှိလားဆိုတာ ကိုယ့်ဘာသာ သိထားဖို့လိုပါတယ်။ ကုမ္ပဏီတွေက အကုန်အသစ်တွေချည်းပဲ။ အသစ်တွေချည်းပဲဆိုတော့ အောင်မြင်သွားတာ ရှိနိုင်သလို ခြေချော် လက်ချော်လည်း ဖြစ်သွားနိုင်တာပဲ။ ဒါကတော့ ဝယ်သူမှာ သတိရှိဖို့ပဲ။ ရောင်းသူကတော့ အကောင်းဆုံးဖြစ်အောင် ရောင်းမှာပဲ” ဟု ပြောသည်။
အများပိုင် ကုမ္ပဏီများအနေဖြင် ရှယ်ယာများရောင်းချမှု အပိုင်းတွင် စည်းစနစ်ကျမှု၊ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်တို့တွင် တဖွဲ့နှင့် တဖွဲ့ ကွာခြားမှုများရှိပြီး ထိုအပိုင်းများတွင် လိုအပ်ချက်များ ရှိနေကြောင်း သက်တမ်းရင့် အများပိုင်ကုမ္ပဏီဖြစ်သည့် FMI ၏ ဥက္ကဌ ဦးသိမ်းဝေက ဆိုသည်။
“အများပိုင် ကုမ္ပဏီတွေကတော့ အုပ်ချုပ်ဖို့ ထိန်းချုပ်ဖို့အပိုင်းတွေ အများကြီးလိုပါတယ်။ သူတို့ရဲ့ Compliant ခွင့်ပြုလိုက်လျောမှုတွေ၊ Corporate governance အဖွဲ့အစည်းရဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်မှုအပိုင်းတွေပေါ့။ အဲ့ဒီအပိုင်းတွေ လိုပါတယ်လို့ မြင်တယ်၊ လက်ရှိရှယ်ယာတွေ ရောင်းနေတဲ့အပိုင်းက တဖွဲ့တဖွဲ့နဲ့ မူတည်ပါတယ်၊ ခြုံပြီးပြောလို့မရဘူးပေါ့။ အုပ်ချုပ်မှု ကောင်းတဲ့ အဖွဲ့လည်းရှိသလို အုပ်ချုပ်မှုပေါ့တဲ့ အဖွဲ့လည်းရှိမှာပါပဲ” ဟု ဦးသိမ်းဝေက ပြောသည်။
ရှယ်ယာဝယ်ယူမည့် သူများအပိုင်းမှလည်း ရှယ်ယာရောင်းချသည့် ကုမ္ပဏီများ၏ အချက်အလက်များ ထည့်သွင်းဖော်ပြသော လမ်းညွှန် Prospectus တွင် ဆုံးရှုံးနိုင်မှုအပိုင်း Risk sector များကို အသေအချာ လေ့လာပြီးမှသာ ရင်းနှီးမြှုပ်နှှံသင့်သည်ဟု ဗဟိုဘဏ် ဒု ဥက္ကဌ ဦးဆက်အောင်က ဆိုသည်။
ထို့ပြင် ရင်းနှီးမြှုပ်နှံသောသူများ အပိုင်းမှ ကြည့်မည်ဆိုပါက ရှယ်ယာ တန်ဖိုးများ အတက်အကျ ဖြစ်စဉ်တွင် ရှယ်ယာတန်ဖိုး တက်မှသာလျှင် အကျိုးအမြတ် ပိုမိုမည် ဖြစ်သည်။ သို့သော် ရှယ်ယာတန်ဖိုးတက်သည့် အခြေအနေက ငွေဖောင်းပွမှုတက်သည့် အခြေအနေကို မကျော်လွန်ပါက ထိုက်သင့်သည့် တန်ဖိုး ဖြစ်လာမည် မဟုတ်ကြောင်း သိရသည်။
“ရှယ်ယာက တက်သွားတယ်ဆိုပါတော့၊ ၁၀၀ ကနေ ၁၁၀၊ ဒါဆို တဖက်က ငွေကြေးဖောင်းပွမှုကလည်း တက်သွားမယ်ဆိုရင် ရှယ်ယာတက်သွားတာက တကယ်တမ်း Real value မဟုတ်ဘဲနဲ့ Inflation ငွေဖောင်းပွမှုနဲ့ တွက်လိုက်ရင် သိပ်မကိုက်ပါဘူးဆိုတာ ဖြစ်ရင် ဖြစ်သွားမယ်၊ တခုရှိတာက ရှယ်ယာက ဈေးကွက် ဝယ်လိုအား များရင်တော့ ငွေဖောင်းပွမှုနှုန်းထက် ပိုပြီးတက်သွားမှာပဲ၊ ဈေးကွက်ဝယ်လိုအားနည်းလို့ ရှယ်ယာတန်ဖိုး နည်းမယ်ဆိုရင်တော့ ရှယ်ယာဝယ်တဲ့သူက သိပ်မကိုက်ဘူးပေါ့။ ဒါက ကုမ္ပဏီကလုပ်ပေးလို့ရမယ့် ကိစ္စမဟုတ်ဘူး၊ ဈေးကွက်ပေါ်မူတည်ပြီး ပြောင်းလဲသွားမယ့် ကိစ္စပါ” ဟု ဗဟိုဘဏ်ဥက္ကဌ ဦးဆက်အောင်က ပြောသည်။
မြန်မာနိုင်ငံတွင် လက်ရှိငွေဖောင်းပွမှုနှုန်း ၆ ရာခိုင်နှုန်းအထက် ရှိနေပြီး ဆက်လက် မြင့်တက်ဖွယ် ရှိနေသည်ဟုလည်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ခန့်မှန်းထားသည်။
လက်ရှိ အများပိုင် ကုမ္ပဏီများ၏ အခန်းကဏ္ဍနှင့် ရှယ်ယာများ၏ ခိုင်မာမှုတို့ မည်သို့ပင် ဖြစ်နေဖြစ်နေ မြန်မာနိုင်ငံ၏ စီးပွားရေး အရှိန်မြှင့်တင်မှုတွင် မရှိမဖြစ် လိုအပ်လာသော အရင်းအနှီးဈေးကွက် ရှိလာရေးအတွက် စတော့ အိတ်ချိန်းကို မလွဲမသွေ လုပ်ဆောင်ရမည်သာ ဖြစ်သည်။
သို့သော် စတော့အိတ်ချိန်း မြန်မာနိုင်ငံတွင် ဖြစ်လာရန်ဆိုသည့် အပိုင်းတွင် လိုအပ်ချက်များစွာ ကျန်ရှိနေသည့် အနေအထားဖြစ်သည်။
စတော့အိတ်ချိန်း အကောင်းအထည် ဖော်နိုင်ရေးအတွက် လက်ရှိတွင် Share certificate ငွေကြေးသက်သေခံလက်မှတ် ဥပဒေကို ပြဌာန်းထားပြီး လုပ်ထုံးလုပ်နည်း ဥပဒေကို ပြဌာန်းရန် ကျန်ရှိနေသေးသည်။
ထို့အပြင် စတော့တွင် လုပ်ပိုင်ခွင့် အာဏအရှိဆုံးဟု ပြောရမည်ဖြစ်ပြီး စတော့အိတ်ချိန်းကို လိုင်စင်ချပေးခြင်း၊ Security ကုမ္ပဏီများကို လိုင်စင်ချပေးခြင်း စသော လုပ်ငန်းများကို လုပ်ဆောင်ရမည့် ငွေကြေးသက်သေခံ လက်မှတ် ကြီးကြပ်ရေးကော်မရှင် Stock Exchange Commission ကို ဖွဲ့စည်းရမည် ဖြစ်သည်။
ထိုကော်မရှင်တွင် အစိုးရမဟုတ်သော သူများလည်း ပါဝင်နိုင်သည်ဟု ဥပဒေတွင် ဖော်ပြထားရာ ယင်းကော်မရှင်တွင် ပါဝင်မည့် သူများ၏ ကျွမ်းကျင်မှု အရည်အချင်းပိုင်းဆိုင်ရာ လိုအပ်ချက်များလည်း ရှိနေပါမည်။
စတော့အိတ်ချိန်း အရောင်းအဝယ်များတွင် ကြားဝင်ဆောင်ရွက်ပေးရမည်ဖြစ်သော စတော့ကျွမ်းကျင်သည့် Security ကုမ္ပဏီ (နိုင်ငံတကာအခေါ် Broker) များလည်း ရှိလာဖို့လိုသည်။ လက်ရှိတွင် MSEC ကုမ္ပဏီတခုတည်းသာ ရှိသည်။ ထို့ပြင် စတော့တွင် စာရင်းဝင် ရောင်းချခွင့်ရှိလာမည့် Listed ကုမ္ပဏီများ ပေါများရန်အပိုင်းတွင်လည်း စတော့အိတ်ချိန်း၏ စံသတ်မှတ်ချက်များ အလျှော့အတင်းပိုင်းက လိုလာဦးမည် ဖြစ်သည်။
လက်ရှိအနေအထားအရ ပူးပေါင်းလုပ်ဆောင်မည့် ဂျပန်နိုင်ငံမှ Diawa ကုမ္ပဏီ၊ တိုကျိုစတော့ အိတ်ချိန်းတို့နှင့်လည်း ပူးပေါင်းဆောင်ရွက်ရန် Joint Venture လက်မှတ် မထိုးရသေးသည့် အခြေအနေဖြစ်သည်။
လိုအပ်ချက်များစွာ ကျန်ရှိနေသော စတော့အိတ်ချိန်း အခြေအနေနှင့် ပတ်သက်၍ သက်တမ်းရင့် အများပိုင်ကုမ္ပဏီ တခုဖြစ်သည့် FMI ဥက္ကဌ ဦးသိမ်းဝေက “ဖြစ်လာနိုင်မလား၊ မဖြစ်လာနိုင်မလားဆိုတာ လွယ်လွယ်ကူကူ ပြောလို့မရဘူး။ သူကဖြစ်လာဖို့ရာ လိုအပ်ချက်တွေ အများကြီးရှိတယ်။ အဲဒီလိုအပ်ချက်တွေ ပြည့်စုံလာရင်တော့ ဖြစ်သွားမှာပေါ့၊ မပြည့်စုံရင်တော့ နှောင့်နှေးသွားမှာပေါ့၊ ဒါကလည်း လာမယ့်တနှစ်၊ တနှစ်ခွဲမှာ စောင့်ကြည့်ရမယ့် အချက်တွေပါ” ဟု သုံးသပ်ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ၂၀၁၅ခုနှစ်တွင် စတော့အိတ်ချိန်း စတင် အကောင်အထည်ဖော်နိုင်မည်ဟု သတ်မှတ်ထားသော်လည်း လက်ရှိ ပြီးစီးမှု အခြေအနေများအရ ဝေးနေဦးမည် ဖြစ်သည်။ ထို့အတူူ စတော့ဈေးကွက် ပီပြင်စွာ ဖြစ်မလာသေးသ၍ အများပိုင်ကုမ္ပဏီများ၏ ရှယ်ယာများ ရောင်းဝယ်မှုတွင်လည်း ရင်းနှီးမြှုပ်နှံသူများဘက်မှ ဆုံးရှုံးမှု Risk များကိုတွက်၍ မြှုပ်နှံနေရသော၊ ခိုင်မာမှု မရှိသည့် အခြေအနေက ဆက်၍ ရှိနေဦးမည် ဖြစ်သည်။