[irrawaddy_gallery]
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ၁၀ ရပ်ကွက် ဦးထွန်းငြိမ်းလမ်းသည် အင်းလျားကန်ဘေးတွင် တည်ရှိပြီး ဆိပ်ငြိမ် ရပ်ကွက်တခုဟု လူသိများခဲ့သည်။ သို့သော် အခန်းပေါင်း ၄၀၀ ကျော် ပါဝင်မည့် ၃၄ ထပ် အဆောက်အဦကြီးတခု လာရောက်ဆောက်လုပ်ရာမှ ရပ်ကွက်နေပြည်သူများနှင့် သဘာဝပတ်ဝန်းကျင်အတွက် စိုးရိမ်ကြောင့်ကြစရာ ဖြစ်လာနေခဲ့ရသည်။ သူတို့၏ စိုးရိမ်မှုများကို သက်ဆိုင်ရာအာဏာပိုင်များက လျစ်လျူရှုနေခဲ့သည်။
မြေအကျယ် ၁ ဒသမ ၈ ဧက ပေါ်တွင် Mandalay Golden Wing Construction(MGWC) ကုမ္ပဏီ လီမိတက်မှ Diamond Inya Palace ကွန်ဒိုမီယံ တည်ဆောက်နေခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့ခြင်း၊ လမ်းပျက်စီးခြင်း၊ ဆောက်လုပ်ရေး လုပ်ငန်းမှ လမ်းမပေါ်သို့ ရွှံ့ညွှန်များ စီးဆင်းခြင်း၊ အင်းယားကန်အတွင်းသို့ နုံးများပါဝင်သည့် ရေဆိုးများ ဝင်ရောက်ခြင်းတို့ တွေ့ကြုံနေရသဖြင့် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း အဆင့်ဆင့်သို့ တင်ပြခဲ့သော်လည်း အင်းလျားကန်ဘေးတွင် ရန်ကုန်တွင် အမြင့်ဆုံးဖြစ်မည့် အထပ်မြင့် အဆောက်အဦကြီးတခု ဆောက်လုပ်ခွင့် ရရှိနေခြင်းမှာ ဥပဒေနှင့်ညီရဲ့လားဟု ရပ်ကွက်အတွင်း နေထိုင်သူများက မေးခွန်းထုတ်ကြသည်။
၂၀၁၃ ခုနှစ်ထဲတွင် အင်းလျားကန်နှင့် လှော်ကားဥယျာဉ်တို့ကို စိမ်းလန်းစိုပြေရေး ဧရိယာများ အဖြစ် သတ်မှတ်လိုက်ပြီး ယင်းကန့်သတ် ဧရိယာအတွင်း အမြင့်ပေ ၆၂ ပေ ထက်ကျော်လွန်သော အဆောက်အဦများ မဆောက်လုပ်ရန် ထုတ်ပြန်ထားသော်လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ(YCDC)က အင်းလျားကန်ဘောင်နှင့် ပေ ၂၀၀ ခန့်သာ ကွာဝေးသော နေရာတွင် ၃၄ ထပ်အဆောက်အဦကို ဆက်လက်ဆောက်လုပ်ခွင့်ပေးထားသည်။ အဆိုပါ ပေ ၄၀၀ ဝန်းကျင်ရှိပြီး ရန်ကုန်မြို့တွင် အမြင့်ဆုံးဖြစ်လာမည့် ၃၄ ထပ် အဆောက်အဦကို ၂၀၁၂ ခုနှစ်တွင် ဆောက်လုပ်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ဧရာဝတီသတင်းဌာနက ထိုအထပ်မြင့် ဆောက်လုပ်မှုနေရာသို့ သွားရောက်ကြည့်ရှု့ခဲ့ရာ ဆောက်လုပ်ရေး လုပ်ငန်းခွင်နှင့် ကပ်လျက်လမ်းမှာ အလွန်ကျဉ်းမြောင်းနေသောကြောင့် ကားနှစ်စီးရှောင်ရန်ပင် အခက်အခဲများ ရှိနေခြင်း၊ ညအချိန်ထိ အလုပ်လုပ်နေသော လုပ်ငန်းခွင်မှ အသံကြောင့် ရပ်ကွက်နေပြည်သူများ စိတ်အနှောင့်အယှက်ဖြစ်နေခြင်း၊ လုပ်ငန်းခွင်မှ စွန့်ပစ်သော ရေဆိုးများ အင်းလျားကန်အတွင်းသို့ ဝင်ရောက်သွားသောကြောင့် ကန်စပ်တွင် နုံးများပြည့်လာပြီး ကန်၏ သဘာ၀ ပတ်ဝန်းကျင် ပျက်စီးနေသည်ကို တွေ့မြင်ခဲ့ရသည်။
ယင်း Diamond Inya Palace ကွန်ဒိုမီယံ တည်ဆောက်မှုတွင် EIA ၊ SIA ဟုခေါ်သော သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုများကို ထည့်သွင်းတွက်ချက်ခြင်း မရှိဟု ရပ်ကွက်နေလူထုက ပြောဆိုကြသည်။
“လမ်းကကျဉ်းကျဉ်းလေးမှာ ဘာရေမြောင်းမှ မရှိဘူး။ ဒီတိုင်း Waste တွေကို စွန့်ထုတ်တော့ လမ်းသွားရေးလာရေးခက်တယ်။ စလပ်လောင်းတဲ့အချိန်ဆို ဆူညံနေတာပဲ။ ကျနော်တို့ ဖြစ်စေချင်တာက သက်ဆိုင်တဲ့ လူကြီးတွေ ဒီနေရာကို ကွင်းဆင်းစစ်ပေးဖို့နဲ့ အထပ်လျှော့ပေးဖို့ တောင်းဆိုချင်တယ် ” ဟု ယင်းဆိပ်ငြိမ် ရပ်ကွက်အတွင်း နေထိုင်သူများက ဧရာဝတီနှင့် တွေ့ဆုံရာတွင် ပြောသည်။
အထပ်မြင့် ၃၄ ထပ်ဆောက်လုပ်မည့် Diamond Inya Palace ကွန်ဒိုမီယံကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောက်လုပ်ခွင့် ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရပ်ကွက်တွင် နေထိုင်သူများက ကွန်ဒိုမီနီယံ ဆောက်မည်ကို သိရှိသဘောတူကြောင်း လက်မှတ်ထိုးခိုင်းလာသည့်အခါတုန်းက ၃၄ ထပ် အထပ်မြင့် ဆောက်လုပ်မည်ကို မသိရှိခဲ့ရကြောင်း၊ သိရသောအခါ လက်မှတ်ထိုးထားမှုကို ပြန်လည်ရုတ်သိမ်းကြောင်းကို လွှတ်တော် ၊ သမ္မတရုံး ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် သက်ဆိုင်ရာ အာဏာပိုင် အဆင့်ဆင့်သို့ တင်ပြခဲ့သော်လည်း အကြောင်းမထူးကြောင်း ဧရာဝတီသို့ ပြောဆိုကြသည်။
MGWC ကုမ္ပဏီမှ Diamond Inya Palace ကွန်ဒိုမီယံဆောက်လုပ်နေခြင်းသည် အရောင်းစင်တာ အပါအဝင် လူနေတိုက်ခန်း ၅၀၀ ခန့် ပါဝင်သော ၃၄ ထပ် အမြင့်ရှိပြီး အလွန်မြင့်မားနေသဖြင့် ပတ်ဝန်းကျင်နှင့် ညီညွတ်မှု မရှိခြင်း၊ လမ်းအကျယ် ၁၇ ပေခန့်ရှိ ဦးထွန်းငြိမ်းလမ်း(လမ်းကျဉ်းလေး)ကို အသုံးပြုတည်ဆောက်ရခြင်းကြောင့် အန္တရာယ်များစွာဖြစ်နိုင်ခြင်း၊ ကွန်ဒိုတွင် လာရောက်နေထိုင်မည့် မိသားစုများ၏ မော်တော်ယဉ်များကြောင့် ယဉ်ကြောရှုပ်ထွေးမှု၊ ပိတ်ဆို့မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် ဈေးရောင်းခန်းများ မပါရှိဘဲ အထပ်နိမ့်ဆောက်လုပ်ရန်၊ ပတ်ဝန်းကျင်နေ မိသားစုများ၏ သဘောတူညီမှု ရယူဆောက်လုပ်ရန်နှင့် လမ်းများပျက်စီနေမှုတို့ကို စိစစ်အရေးယူပေးရန် ရပ်ကွက်နေပြည်သူများက ပြည်သူ့လွှတ်တော် စီမံခန့်ခွဲမှုကော်မတီသို့ ၂၀၁၃ ခုနှစ် ဇွန်လတွင် တင်ပြခဲ့ကြသည်။
ရပ်ကွက်တွင် နေထိုင်သူများ၏ တင်ပြချက်ကို ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီက ၂၀၁၃ ခုနှစ် အောက်တိုဘာလ ဒုတိယအပတ်တွင်း၌ MGWC ကုမ္ပဏီနှင့် ရပ်ကွက်နေ ပြည်သူများကို ခေါ်ယူတွေ့ဆုံပြီး နှစ်ဖက်စလုံးအား ကြားနာစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သို့သော် ကွန်ဒိုမီယံ တည်ဆောက်မှုမှာ ဖောင်ဒေးရှင်းအဆင့် ပြီးစီးလုချိန်ဖြစ်နေပြီဖြစ်သောကြောင့် အလွန်နောက်ကျနေပြီ ဖြစ်ကြောင်း၊ လွှတ်တော်တွင် နှစ်ဖက်စလုံးကို ခေါ်ယူကြားနာပြီး အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ကိုလည်း နှစ်ဖက်စလုံး၏ လက်ထဲသို့ ထည့်လိုက်ပြီ ဖြစ်သည့်အတွက် လွှတ်တော်ကိုယ်မတီတခုအနေဖြင့် ထိုမျှလောက်သာ လုပ်ပေးနိုင်ကြောင်း ပြည်သူ့လွှတ်တော် ပြည့်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဦးတင်မောင်ဦးက ဧရာဝတီသို့ ပြောသည်။
“လမ်းလေးက လမ်းကျဉ်းလေး ။ နိုင်ငံတကာမှာက EIA ၊ SIA လုပ်ပြီးမှ ဆောက်လုပ်ခွင့် ပြုတာလေ။ မြန်မာနိုင်ငံမှာက ဒီစနစ်က မရှိသေးဘူး။ တိုင်းပြည်ဖွံ့ဖြိုးဖို့ လုပ်တာ မှန်ပေမယ့် စနစ်ကျဖို့ လိုတယ်။ ပတ်ဝန်းကျင် လူထုကို မထိခိုက်ဖို့လည်း လိုတယ်။ ဒီလောက်အများကြီးဖြစ်တဲ့ ကားတွေ ဝင်မယ် ထွက်မယ်ဆိုရင်တော့ အခက်အခဲရှိတာတော့ အမှန်ပဲ။ သို့သော် ရပ်ကွက်လူထု အခက်အခဲရှိတာကို EIA ၊ SIA မလုပ်ဘဲနဲ့ ရန်ကုန်က ဝန်ကြီးချုပ်နဲ့ မြို့တော်ဝန်က သူတို့လုပ်တာ လုပ်ထုံးလုပ်နည်းနဲ့ ညီတဲ့အကြောင်း ပြောနေတယ်” ဦးတင်မောင်ဦးက ပြောသည်။
လွှတ်တော် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီမှ ပြည်ထောင်စုအစိုးရထံသို့ ယင်းကိစ္စကို ဖြေရှင်းပေးရန် တောင်းဆိုချက်အရ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်၏ ဖြေရှင်းချက်တွင် MGWC ကုမ္ပဏီက ဆောက်လုပ်ခွင့်တင်ြ့ပခဲ့စဉ်က EIA ၊ SIA တို့အား ရန်ကုန်စည်ပင်သာယာရေး ကော်မတီအနေဖြင့် ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိဘဲ ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် အထပ်မြင့် အဆောက်အဦများ စိစစ်ရေး ကော်မတီ ဖွဲ့စည်းပြီးမှသာလျှင် EIA ၊ SIA ကိစ္စရပ်များ ထည့်သွင်းစဉ်းစားပေးနေကြောင်း ၊ အဆိုပါ ၃၄ ထပ် အဆောက်အဦ ဆောက်လုပ်ခွင့် တင်ပြရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သတ်မှတ်မြေကျန်များ၊ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီသဖြင့် ပတ်ဝန်းကျင် နေအိမ်များ၏ သဘောထားကို တောင်းခံခဲ့ခြင်း မရှိကြောင်း၊ ယင်း အဆောက်အဦသည် YCDC ၏ လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များအရ အမြင့်ပေ ၄၁၇ ပေထက် ကျော်လွန်ခြင်း မရှိသောကြောင့် အထပ် လျှော့ချရန်နှင့် လုပ်ငန်းများ ရပ်ဆိုင်းထားရန် မလိုကြောင်း ဖော်ပြထားသည်။
ထို့ပြင် အင်လျားကန် အစပ်နှင့် ပေ ၂၀၀ ကွာဝေးသဖြင့် ကန်ရေပြင်အား ရွှံ့နွံ့များ ဖုံးလွှမ်းပျက်စီးနိုင်ခြင်း မရှိဘဲ ထွက်ရှိလာသော ရေများကို အင်းလျားကန်ဘက်သို့ စွန့်ပစ်ခြင်း မရှိဘဲ စည်ပင်သာယာမြောင်းအတွင်းသို့ စွန့်ပစ်မည်ဟုလည်း ဖော်ပြထားသည်။
ရပ်ကွက်လူထုကမူ မည်သည့်အာဏာပိုင်အဖွဲ့အစည်းကမျှ အောက်ခြေထိလာရောက်စုံစမ်းစစ်ဆေးခြင်း မရှိဟု ဆိုသည်။ ထို့ပြင် MGWC ကုမ္ပဏီလီမိတက်ကို သမ္မတရုံးနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့က အကာအကွယ်ပေးထားသည်ဟုပင် ယုံကြည်နေကြသည်။
“ရပ်ကွက်ထဲက ပြည်သူတွေက လွှတ်တော်မှာ အချက်အလက်နဲ့ ပြောခဲ့တယ်။ သူတို့ (ကုမ္ပဏီ)ဘက်က ဘာမှ ကန့်ကွက်စရာမရှိပါဘူးလို့ ပြောပြီး အစိုးရ အစီရင်ခံစာထွက်လာတော့ သူတို့ဘက်က ဖြစ်နေတယ်။ ကျနော်တို့ ထပ်တောင်းဆိုတော့မှ သူတို့ဘက်က ပိုခိုင်မာသွားတယ် ။ သူတို့ ဒီအထပ်မြင့်ကြီး လာဆောက်တုန်းကလည်း ပတ်ဝန်းကျင်ရဲ့ ထောက်ခံချက်ကို မယူခဲ့ဘူး။ လွှတ်တော်ကလည်း အောက်ခြေအထိဆင်း မစစ်ခဲ့ဘူး ” ဟု ယင်းဆောက်လုပ်ရေး လုပ်ငန်း၏ လမ်းတဖက်ခြမ်းတွင် နေထိုင်သူတဦးက ပြောသည်။