မိမိတို့၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ သတင်းအချက်အလက်များကို အများပြည်သူသိရှိအောင် ထုတ်ပြန်ပေးခြင်း မရှိသော မြန်မာကုမ္ပဏီများကို နာမည်ပျက် စာရင်းသွင်းမည့် အစီအစဉ်တခု မကြာမီ ပေါ်ပေါက်လာတော့မည် ဖြစ်သည်။
မြန်မာနိုင်ငံသို့ လာရောက်ကြသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် လုပ်ငန်းအချက်အလက်များနှင့် ပတ်သက်၍ ၎င်းတို့၏ မိခင်နိုင်ငံများသို့ သတင်းပို့ရမည့် တာဝန်ရှိသလို ကုမ္ပဏီကို စာရင်းသွင်းမှတ်ပုံတင်ထားသည့် စတော့ အိတ်ချိန်းသို့ သတင်းပို့ရန်လည်း လိုအပ်သည်။
မြန်မာနိုင်ငံမှ ပြည်တွင်း ကုမ္ပဏီများကမူ ပွင့်လင်းမြင်သာမှု မရှိခြင်းကြပေ။ သို့သော် ကုန်သွယ်ရေး၊ စီးပွားရေးတွင် အလေ့အကျင့်ကောင်းများကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ အနောက်တိုင်းမှ အလှူရှင်များ၏ ထောက်ပံ့မှုဖြင့် တည်ထောင်ထားသော အဖွဲ့အစည်းတခုဖြစ်သည့် “တာဝန်သိ စီးပွားရေး မြန်မာစင်တာ” Myanmar Center for Responsible Business (MCRB) က မြန်မာကုမ္ပဏီများအတွက် ညွှန်းကိန်းတခု ယခုနှစ် နှောင်းပိုင်းတွင် ထုတ်ပြန်ပေးရန် စီစဉ်နေသည်။
Transparency in Myanmar Enterprises သို့မဟုတ် TIME ဟုအမည်ရှိသည့် လုပ်ဆောင်ချက်နှင့် ပတ်သက်၍ MCRB ၏ ဒါရိုက်တာ ဗစ်ကီဘိုးမန်းက မတ်လ ၄ ရက်နေ့က ရန်ကုန်မြို့တွင် Organization of Economic Cooperation and Development (OECD) က လက်ခံကျင်းပခဲ့သည့် ဆွေးနွေးပွဲတခု၌ ရှင်းပြခဲ့သည်။
MCRB က အင်တာနက်တွင် တင်ထားသည့် မြန်မာနိုင်ငံတွင် အကြီးဆုံး ကုမ္ပဏီ ၅၀ ၏ အချက်အလက်များကို စစ်တမ်း ကောက်ယူ စုဆောင်းပြီး ကုမ္ပဏီများက ၎င်းတို့၏ ပွင့်လင်းမြင်သာမှုကို မြှင့်တင်လာအောင် လှုံ့ဆော်သည့် အနေဖြင့် ရလဒ်များကို ထုတ်ဝေဖြန့်ချီပေးမည် ဟု ဗစ်ကီဘိုးမန်းက ပြောသည်။
“သူတို့ အကြောင်းကို ထုတ်ပြတဲ့နေရာမှာ ဘယ်သူက ပိုင်ဆိုင်ကြောင်း၊ သူတို့ကုမ္ပဏီရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ အကြောင်း၊ သူတို့ရဲ့ လုပ်ငန်းခွဲတွေ အကြောင်း ထုတ်ဖော်ပြောသလား၊ သူတို့မှာ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး မူဝါဒ တွေရှိသလား၊ စီးပွားရေး ဆောင်ရွက်တဲ့နေရာမှာ ရိုးသားဖြောင့်မှန်မှုရှိသလား ဆိုတာကို ကြည့်ပါမယ်” ဟု ဗစ်ကီဘိုးမန်းက စစ်တမ်း ကောက်ယူမှုတွင် အလေးထားမည့် အချက်များကို ရှင်းပြသည်။ “လူ့အခွင့်အရေး မူဝါဒတွေ နဲ့ ပတ်သက်လို့ သူတို့ ဘာပြောသလဲ၊ သူတို့ရဲ့ လူ့အခွင့်အရေး ကိစ္စတွေ၊ မြေယာ ကိစ္စတွေလည်း ပါဝင်ပါတယ်” ဟု သူက ဆိုသည်။
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ဟောင်း တဦးဖြစ်သော ဗစ်ကီဘိုးမန်းက စစ်တမ်းကောက်ယူမှု၏ ရလဒ်များ ဇူလိုင်လတွင် အသင့်ဖြစ်မည်ဟု ပြောသည်။ ကုမ္ပဏီများက ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပို၍ပွင့်လင်း မြင်သာမှု ရှိစေရန် အားပေးသည့်အနေဖြင့် စစ်တမ်းကောက်ယူ ထုတ်ပြန်မှုကို နှစ်စဉ်ပြုလုပ်ပေးသွားမည်ဟုလည်း သိရ သည်။
“ကျမတို့ ကုမ္ပဏီ ၅၀ နဲ့ သူတို့ရဲ့ အဆက်အသွယ် အသေးစိတ်တွေကို ရှာဖွေနေပါတယ်။ အဲဒါက ခက်သင့်တာထက်တောင် ပိုခက်နေပါတယ်” ဟု သူက ပြောပြသည်။ မည်သည့်ကုမ္ပဏီကို စစ်တမ်းကောက်ယူသင့်ကြောင်း သိရှိနိုင်ရန် အတွက် အစိုးရက ထုတ်ပြန်ပေးခဲ့သော အခွန်အများဆုံးပေးဆောင်သူ ၁၀၀ ဦး စာရင်းမှ စတင်ပြီး ရှာဖွေနေသည်ဟုလည်း ပြောသည်။
မြန်မာကုမ္ပဏီများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ရရှိနိုင်မှု အားနည်းခြင်းကလည်း ပြည်တွင်းတွင် စီးပွားဘက် ရှာဖွေလိုသော နိုင်ငံခြား ကုမ္ပဏီများအတွက် အတားအဆီး ဖြစ်နေနိုင်သည်။ အထူးသဖြင့် မြန်မာနိုင်ငံ၌ လူ့အခွင့်အရေး ချိုးဖောက်မှု သမိုင်းကြောင်းများရှိနေသည့်အတွက် အရဲစွန့်လုပ်ရမှာတွေ ရှိနေသည်။ ယခင်စစ်အစိုးရနှင့် နီးကပ်စွာ ဆက်သွယ်ရေးရှိခဲ့သော မြန်မာ စီးပွားရေး လုပ်ငန်းရှင် အချို့ကို အမေရိကန် အစိုးရ ဘဏ္ဍာရေးဝန်ကြီး ဌာန က နာမည်ပျက်စာရင်းတွင် ထည့်သွင်းထားဆဲဖြစ်သည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည့် အမေရိကန် ကုမ္ပဏီများသည် ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးသို့ ၎င်းတို့ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် သက်ဆိုင်သော လူ့အခွင့်အရေး၊ အလုပ်သမား အခွင့်အရေး၊ အကျင့်ပျက်ခြစားမှု နှင့် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ အခြေအနေများကို သတင်းပို့ အစီရင်ခံကြရမည် ဖြစ်သည်။
သူ ပြုစုနေသော စစ်တမ်း၏ ရလဒ်များသည် ကုမ္ပဏီတခုက ပွင့်လင်းမြင်သာမှုရှိစေရန် မည်သို့ဆောင်ရွက်နေကြောင်းကို ပြသသည့် အသုံးဝင်သော ညွှန်းကိန်းတခု ဖြစ်လာမည်ဟု ဗစ်ကီဘိုးမန်းက ပြောသည်။ “တကယ်လို့ ကျမက စီးပွားဘက် ရှာနေသူ တယောက်ဖြစ်ပြီးတော့ စီးပွားဘက်ဖြစ်မယ့်သူကလည်း ဝက်ဘ်ဆိုတ်လဲ မရှိဘူးဆိုပါတော့။ ဒါဆိုရင် ဒီစာရင်းကို ကြည့်လိုက်တာ အရှင်းဆုံးနည်းလို့ ကျမထင်ပါတယ်” ဟုလည်း သူကဆိုသည်။
မြန်မာနိုင်ငံမှ အကြီးဆုံးကုမ္ပဏီကြီး အချို့သည် အင်တာနက်ပေါ်တွင် အကန့်အသတ်ဖြင့်သာရှိနေသည်။ ဆောက်လုပ်ရေး ကုမ္ပဏီကြီး တခုဖြစ်သည့် Asia World နှင့် စစ်တပ်က ပိုင်ဆိုင်သည့် မြန်မာ့ စီးပွားရေး ဦးပိုင် လီမီတက် တို့တွင် ဝက်ဘ်ဆိုက် ရှိပုံ မရပါ။ နာမည်ကျော် လုပ်ငန်းရှင်ကြီး ဖြစ်သည့် ဦးတေဇပိုင်ဆိုင်သော Htoo Group ၏ ဝက်ဆိုက်မှာလည်း လက်ရှိအချိန်တွင် တည်ဆောက်ဆဲ ဟုသာတွေ့ရသည်။ သို့သော်လည်း အခြား ကုမ္ပဏီကြီးများဖြစ်သည့် ကမ္ဘောဇဘဏ်၊ ဦးဇော်ဇော်၏ Max Myanmar Group နှင့် သမဝါယမ ဘဏ်တို့ တွင် ဝက်ဘ်ဆိုတ်များ ရှိပြီး ဆက်သွယ်ရန် လိပ်စာ အပြည့်အစုံ အပြင် ကုမ္ပဏီ၏ အခြား အချက်အလက်များကိုလည်း ဖော်ပြထားသည်။