တယ်လီဖုန်းဆက်သွယ်ရေး ကဏ္ဍ၏ အလားအလာကောင်းများက နိုင်ငံခြား စီးပွားရေး လုပ်ငန်းရှင်များ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နေသည့် အတွက် လာမည့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) အမေရိကန် ဒေါ်လာ ၄ ဘီလီယံမှ ၅ ဘီလီယံ အတွင်း ရောက်ရှိလိမ့်မည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က မျှော်လင့် ထားသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အဖွဲ့ဝင်တဦး ဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးအောင်နိုင်ဦးက လာမည့်နှစ်အတွင်း တယ်လီဖုန်းဆက်သွယ်ရေးကဏ္ဍက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အတွက် အလားအလာကောင်းများပေးလိမ့်မည်ဟု ဧရာဝတီသို့ နေပြည်တော်တွင် ပြောကြားခဲ့သည်။
“တယ်လီဖုန်း ဆက်သွယ်ရေး ကဏ္ဍဝန်ဆောင်မှုပေးဖို့အတွက် Telenor နဲ့ Ooredoo ကုမ္ပဏီတွေလိုင်စင်ရရှိသွားပါပြီ။ ဒါပေမယ့် အားလုံးကို သူတို့ကိုယ်တိုင် အကောင်အထည် မဖော်နိုင်ပါဘူး။ သူတို့ စီမံကိန်းတွေကို ကူညီဖို့ တခြားကုမ္ပဏီတွေ လိုအပ်ပါတယ်။ ဥပမာ နိုင်ငံအနှံ့မှာ ဖိုင်ဘာကြိုးတွေ သွယ်ဖို့၊ တာဝါတိုင်တွေ တည်ဆောက်ဖို့။ ဒါကြောင့် သူတို့ကို ကူညီဖို့ သက်ဆိုင်ရာ နိုင်ငံခြား ကုမ္ပဏီတွေ နောက်နှစ်အတွင်း ရောက်လာကြမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်” ဟု သူက ဆိုသည်။
“ဒီနှစ်ထဲမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေရဲ့ ၂၀ ရာခိုင်နှုန်းက တယ်လီဖုန်း ဆက်သွယ်ရေး ကဏ္ဍကို ရောက်သွားတယ်လို့ ကျနော်ထင်ပါတယ်။ နောက်နှစ်မှာ ပိုများလာမယ်လို့ မျှော်လင့်ပါတယ်။ ဒီကဏ္ဍက မြန်မာနိုင်ငံရဲ့ နံပတ် ၁ ရင်းနှီးမြှုပ်နှံမှု ဖြစ်လာနိုင်ပါတယ်” ဟု ဦးအောင်နိုင်ဦးက ပြောသည်။
ဦးအောင်နိုင်ဦး ရည်ညွှန်းခဲ့သော နိုင်ငံတကာ တယ်လီဖုန်းကုမ္ပဏီ ၂ ခုက မြန်မာနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်ခွင့် တင်ဒါ အောင်မြင်ကြောင်း ၂၀၁၃ ခုနှစ် ဇွန်လနှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလ အတွင်းတွင်မှ တရားဝင်လိုင်စင် ရရှိခဲ့သည်။
နော်ဝေနိုင်ငံ အခြေစိုက် Telenor နှင့် ကာတာနိုင်ငံ အခြေစိုက် Ooredoo ကုမ္ပဏီတို့က မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း သုံးစွဲမှုနှုန်းကို စိတ်လှုပ်ရှားဖွယ်ရာ ကောင်းလောက်အောင် မြှင့်တင်ပေးမည်ဟု ကတိပြုခဲ့ကြသည်။ လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် လူ ၁၀ ဦး တွင် ၁ ဦးသာ မိုဘိုင်းဖုန်း သုံးစွဲနိုင်သေးသည်။
Telenor က ၅ နှစ်အတွင်း ၎င်း၏ ကွန်ရက်ကို မြန်မာနိုင်ငံ လူဦးရေ၏ ၉၀ ရာခိုင်နှုန်းကို လွှမ်းခြုံနိုင်သည်အထိ ဝန်ဆောင် ပေးသွားရန် ရည်ရွယ်ထားပြီး Ooredoo က 3G ကွန်ရက်တည်ဆောက်မှုကို စတင်လုပ်ဆောင်နေပြီဖြစ်သည်။
“ဒီနှစ်ကတော့ နော်ဝေနဲ့ ကာတာတို့ရဲ့နှစ်ပဲ။ ဒါပေမယ့် (ဆွီဒင်) Ericsson ကုမ္ပဏီလို တခြား အနောက်တိုင်း တယ်လီဖုန်း ကုမ္ပဏီတွေလည်း ရှိပါသေးတယ်။ ဂျပန်နဲ့ စင်္ကာပူ ကုမ္ပဏီတွေကလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားကြ ပါတယ်” ဟု ဦးအောင်နိုင်ဦးကပြောသည်။
ရွှေပြည်တံခွန် ဆက်သွယ်ရေးကုမ္ပဏီမှ မန်နေးဂျင်းဒါရိုတ်တာ ဦးလွင်နိုင်ဦးက ပြည်တွင်း တယ်လီဖုန်းဆက်သွယ်ရေး လုပ် ငန်းကဏ္ဍသို့ FDI အမြောက်အများ ဝင်ရောက်ခွင့်ပြုရာတွင် ချိန်ဆ၍ လုပ်ဆောင်ရန် လိုအပ်ပြီး ပြည်တွင်းလုပ်ငန်းရှင်များ အပေါ်သက်ရောက်လာနိုင်သည့် ဆိုးကျိုးများကို အစိုးရက သတိထားသင့်ကြောင်း ပြော သည်။
“ကျနော်တို့ ဒီလို နိုင်ငံခြားကုမ္ပဏီတွေဆီကနေ နည်းပညာကျွမ်းကျင်မှုတွေ သင်ယူနိုင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ အစိုးရရဲ့ အထောက်အပံ့ ပိုရဖို့လိုပါတယ်။ ဥပမာပြရရင် Telenor နဲ့ Ooredoo တို့အတွက် တာဝါတိုင်တွေကို ကျနော်တို့ကို ဆောက်ခွင့် ပေးသင့်ပါတယ်။ ဒီကိစ္စကို ကျနော်တို့ ပြည်တွင်း ကုမ္ပဏီတွေက နိုင်ငံခြား ကုမ္ပဏီတွေထက် လုပ်နိုင်ပါတယ်” ဟု ပြောသည်။
လာမည့်နှစ်များတွင် တယ်လီဖုန်းဆက်သွယ်ရေးနှင့် စပ်ဆိုင်သော ဝန်ဆောင်မှုများပေးရန်အတွက် နိုင်ငံခြား ကုမ္ပဏီ အမြောက်အများ မြန်မာနိုင်ငံသို့ ဝင်ရောက်လာမည်ဟု ဦးလွင်နိုင်ဦးက ခန့်မှန်းသည်။
“အဲဒီအချိန်ကျရင် ပြည်တွင်း ကုမ္ပဏီငယ် တချို့က နိုင်ငံခြား ကုမ္ပဏီတွေနဲ့ ပေါင်းလုပ်ကြမယ်လို့ ကျနော်ထင်ပါတယ်” ဟု ဖက်စပ်လုပ်ကိုင်ရန် အခွင့်အရေး ပေါ်ပေါက်လာဖွယ်ရှိသည်ကို ရည်ညွှန်း၍ သူက ပြောသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် လုပ်သားအင်အား အထူးပြုသည့် စက်မှုကုန်ထုတ်လုပ်ရေးကဏ္ဍသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံး ဝင်ရောက်လျက်ရှိသည်။ ၂၀၁၃-၁၄ ဘဏ္ဍာရေး နှစ်တွင် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံ ဝင်ရောက်ခဲ့ရာတွင် အဆိုပါ ကဏ္ဍသို့ တဝက်နီးပါးဖြစ်သည့် အမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံ ဝင်ရောက်ခဲ့သည်။
လာမည့်နှစ်တွင် တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်း ကဏ္ဍ၏ နောက်တွင် ကုန်ထုတ်လုပ်ရေး ကဏ္ဍရှိနေမည်ဖြစ်ပြီး ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းက တတိယနေရာတွင်ရှိမည်ဟု ဦးအောင်နိုင်ဦးက ခန့်မှန်းသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေး အခြေအနေတည်ငြိမ်မှုမရှိသေးသည့် အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံတွင် အရေးပါသည့် ရင်းနှီးမြှုပ်နှံမှုများ မပြုလုပ်ဘဲ ရှောင်ရှားနေကြပြီး ၂၀၁၅ ခုနှစ်တွင် ကျင်းပရန် စီစဉ်ထား သည့် အထွေထွေ ရွေးကောက်ပွဲ အလွန်အထိ စောင့်ဆိုင်းနေကြသည် ဆိုသည့် ထင်မြင်ယူထားခြင်းများကို သူလက်မခံ ကြောင်းလည်း ဦးအောင်နိုင်ဦးကပြောသည်။
အဆိုပါ ထင်မြင်ယူဆချက်မှားကြောင်း ကိန်းဂဏန်းများဖြင့်သက်သေပြနိုင်သည်ဟု သူကဆိုသည်။
၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်တွင် FDI အမေရိကန်ဒေါ်လာ သန်း ၃၀၀ ရှိခဲ့ရာမှ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ ၁.၃ ဘီလီယံအထိ မြင့်တက်သွားပြီး ၂၀၁၃-၁၄ ဘဏ္ဍာရေး နှစ်တွင် ၂ ဆနီးပါးတိုး၍ ဒေါ်လာ ၃.၅ ဘီလီယံ အထိ ရောက်ရှိ သွားခြင်းက ရင်းနှီးမြှုပ်နှံသူများ တွန့်ဆုတ်နေကြသည် ဆိုသည့်အချက် မမှန်ကြောင်း သက်သေပြနေ သည်ဟု ဦးအောင်နိုင်ဦးကပြောသည်။