အာရှဒေသမှ ကုမ္ပဏီကြီးများ၏ တဝက်က သူတို့၏ စီးပွားရေး လုပ်ငန်းများကို မြန်မာနိုင်ငံတွင် ချဲ့ထွင်နိုင်ရန် အခွင့် အရေးတခုကို ရှာဖွေနေကြသည်ဟု စင်္ကာပူမှ United Overseas Bank (UOB) က ၎င်းတို့၏ လေ့လာတွေ့ရှိချက်ကို ဒေသတွင်း ရင်းနှီးမြှုပ်နှံသူများအတွက် ပြုလုပ်သည့် ဖိုရမ်တခုတွင် ပြောကြား လိုက်သည်။
UOB က ဦးဆောင်ပြီး ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် “Unlocking Myanmar’s Potential” အမည်ရှိသည့် ဖိုရမ်သို့ တရုတ်၊ ဟောင် ကောင်၊ စင်္ကာပူ၊ ဗီယက်နမ်၊ အခြားနိုင်ငံများနှင့် မြန်မာနိုင်ငံမှ စီးပွားရေးသမားများ အပါအဝင် စုစုပေါင်း ၃၀၀ ကျော်တက် ရောက် ခဲ့ကြသည်။
မြန်မာနိုင်ငံတွင် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်နေပြီး အနောက်နိုင်ငံများကလည်း စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းလိုက်ခြင်းကြောင့် တိုင်းပြည်၏ ကာလရှည်ကြာစွာ ရပ်တန့်နေခဲ့ရသည့် စီးပွားရေးအပေါ် အကောင်းမြင်မှုများ ပေါ်ပေါက်လာသည့် အချိန်တွင် UOB က မြန်မာနိုင်ငံတွင်းမှ စီးပွားရေးလုပ်ငန်းများကို ငွေကြေးထောက်ပံ့မှု ပိုမိုပြုလုပ် နိုင်ရန် မျှော်လင့်ထားသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းလည်း ဖိုရမ်သို့ တက်ရောက်လာပြီး မြန်မာနိုင်ငံ၏ ဈေးကွက်သစ်သို့ ဝင်ရောက်နိုင်မည့် အခွင့်အရေးကို ရယူကြရန် ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်စကား ပြောကြားခဲ့သည်။
UOB ၏ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အဖွဲ့၏ အကြီးအကဲဖြစ်သူ Fredrick Chin က မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် စီးပွား ရေးလုပ်ငန်းများကို ထောက်ပံ့လိုကြောင်း ပြောသည်။
“ကျနော်တို့ရဲ့ ပွဲကို တက်ရောက်လာသူတိုင်း မြန်မာနိုင်ငံအတွင်း အလားအလာကောင်းတွေကို ဖော်ထုတ်ရာမှာ ကူညီဖို့ အမှန်တကယ် စိတ်ဝင်စားကြပါတယ်” ဟု သူကပြောသည်။
လတ်တလောပြုလုပ်ခဲ့သည့် UOB ၏ စစ်တမ်းကောက်ယူမှုအရ တနှစ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀ သန်းမှ ၁၆၀ သန်း ရှိသည့် အာရှစီးပွားရေးလုပ်ငန်းများ၏ တဝက်ခန့်က မြန်မာနိုင်ငံကို လုပ်ငန်းတိုးချဲ့ရန် အခွင့်အလမ်းတခုအဖြစ် ရှုမြင်နေ ကြကြောင်း တွေ့ရှိရသည်ဟု Fredrick Chin ကပြောသည်။ စစ်တမ်းကောက်ယူခဲ့သည့် နည်းစနစ်နှင့် ပတ်သက်၍ အသေးစိတ်ပြောကြားခြင်းမျိုးတော့ မရှိပေ။
UOB က မြန်မာနိုင်ငံ ဈေးကွက်သို့ ဝင်ရောက်လာသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို စတင်ကူညီရန် စီစဉ်နေပြီ ဖြစ်သည်။
မြန်မာနိုင်ငံ၊ မွန်ပြည်နယ်မော်လမြိုင်မြို့တွင် ဓာတ်အား ၂၃၀ မီဂါဝပ်ထုတ်လုပ်ပေးနိုင်မည့် ဓာတ်ငွေ့လောင်စာသုံး ဓာတ် အားပေး စက်ရုံဆောက်လုပ်ရန်အတွက် ငွေကြေးထောက်ပံ့ရေး သဘောတူညီချက်ရရှိခဲ့ပြီဖြစ်ကြောင်း စင်္ကာပူနိုင်ငံမှ Asiatech Energy က ယခင်အပတ်အတွင်းက ထုတ်ပြန်ကြေညာခဲ့သည်။ သို့သော် ငွေကြေးပမာန ကို ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိခဲ့ပေ။
UOB သည် အမေရိကန် အခြေစိုက် APR Energy နှင့်လည်း အလုပ်လုပ်နေပြီး မန္တလေးတိုင်း ကျောက်ဆည်မြို့တွင် မီဂါ ဝပ် ၁၀၀ ထွက်မည့် ဓာတ်ငွေ့လောင်စာသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် သဘောတူညီချက် ရရှိခဲ့ပြီး ဖြစ်သည် ဟု APR Energy က ကြေညာခဲ့သည်။
မြန်မာနိုင်ငံတွင် ၁၉၉၄ ခုနှစ်ကထဲက UOB ကိုယ်စားလှယ်ရုံးခန်းဖွင့်လှစ်ထားခဲ့သည်။