စစ်အစိုးရလက်ထက်တွင် ချမ်းသာကြွယ်ဝလာသော ခရိုနီစီးပွားရေးလုပ်ငန်းရှင်များလည်းဖြစ်၊ လွှတ်တော် ကိုယ်စားလှယ် များ ဖြစ်သော ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေ၊ ပတ္တမြားနဂါးကုမ္ပဏီပိုင်ရှင် ဦးနေဝင်းထွန်းအပါအဝင် ခရိုနီ လုပ်ငန်းရှင် တချို့က လတ်တလော ကောက်ခံ နေသော အခွန်တချို့လျှော့ချပေးရန် လွှတ်တော်သို့ တင်ပြကြကြောင်း သိရှိရသည်။
မတ်လ ၁၀ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အခွန်ဥပဒေကြမ်းများ အတည်ပြုရေး ဆွေးနွေးနေစဉ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရန်ကုန်တိုင်းဒေသကြီးမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေ၊ ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၉ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ပတ္တမြားနဂါးဦးနေဝင်းထွန်း၊ လှိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့် တို့က လုပ်ငန်းရှင်များအပေါ် ကောက်ခံနေသော အခွန်များ လျော့ချပေးရန် တောင်းဆိုခဲ့ကြောင်း၊ ယင်းသို့ တောင်းဆိုရာတွင် လွှတ်တော်တွင် ဆွေးနွေးရန် ကြိုတင် စာရင်းပေးသွင်းခြင်းမရှိဘဲ ရုတ်တရက် ထတောင်းဆိုခဲ့ကြောင်း၊ ခရိုနီတချို့၏ တောင်းဆိုမှုကြောင့် မတ်လ ၁၀ ရက်နေ့ လွှတ်တော်အစည်းအဝေးသည် စံချိန်တင် အချိန်ကြာမြင့်ခဲ့ပြီး ည ၈ နာရီဝန်းကျင်မှ သာ အစည်းအဝေး အဆုံးသတ်ခဲ့ ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရှိရသည်။
“စီးပွားရေး လုပ်ငန်းရှင် အမတ်တွေက သူတို့ အမည်စာရင်း ပေးမထားဘဲနဲ့ ထဆွေးနွေးကြတယ်။ ဇေကမ္ဘာဦးခင်ရွှေက ဆောက်လုပ်ရေး လုပ်ငန်းတွေကို အခွန်လျှော့ပေးဖို့ ထပြောတယ်။ လှိုင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်က ဆီလုပ်ငန်း လုပ်တဲ့သူကိုး။ နိုင်ငံခြားက သွင်းလာတဲ့ ဆီတွေကို အခွန်အကောက်များများကောက်ဖို့ တင်ပြတယ်။ ပတ္တမြားနဂါးကုမ္ပဏီပိုင်ရှင်ဦးနေဝင်းထွန်းက သူ့ကျောက်ချော ပစ္စည်းတွေ အပေါ်မှာ အခွန်ကောက်တာတွေ လျှော့ပေးဖို့ ပြောကြတယ်။ အဲဒီလူတွေက စာရင်းမပေးဘဲ ထဆွေးနွေးတော့ မနေ့က(မတ်လ ၁၀ ရက်နေ့) လွှတ်တော်မှာ မိုးချုပ်သွားတယ် ” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။
ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ရန်ကုန်မြို့တွင် သမ္မတဦးသိန်းစိန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံစဉ်ကလည်း ဦးတေဇ အပါအဝင် စီးပွားရေးလုပ်ငန်းရှင်များက အခွန်လျှော့ပေးရန်၊ လျှပ်စစ်မီးနှင့် လိုအပ်ချက်များ ဖြည့်ဆည်းပေးရန်တညီတညာ တည်း တင်ပြတောင်းဆိုခဲ့ကြပြီး နိုင်ငံနှင့်တိုင်းပြည်ဖွံ့ဖြိုးရေး လုပ်ငန်းရှင်များဘက်က တစုံတရာ လုပ်ဆောင် ပေးချင်ပါသည်ဟု ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပေ။
မတ်လ ၁၁ ရက်နေ့ နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်မူ အခွန်ဥပဒေသစ်တရပ် အတည်ပြုနိုင်ခဲ့ပြီး တနှစ်လျှင် ဝင်ငွေ သိန်း ၂၀ ရှိသူတိုင်း အခွန်ဆောင်ရမည်ဖြစ်ကြောင်း သိရှိရသည်။
မူလဥပဒေတွင် တလ ဝင်ငွေ ငွေကျပ် ၁၂၀၀၀၀ နှင့် အထက်၊ တနှစ်လျှင် ၁၄၄၄၀၀၀ ကျပ် ဝင်ငွေရှိသူတိုင်း ဝင်ငွေရှိပါက ဝင်ငွေခွန် ပေးဆောင်ရမည်ဟု ပြဋ္ဌာန်းထားရာမှ ဥပဒေသစ်တွင်မူ တနှစ် ဝင်ငွေ ကျပ် သိန်း ၂၀ ဝင်ငွေရှိမှသာ ဝင်ငွေခွန်
ပေးဆောင်ရန် ပြောင်းလဲ ပြင်ဆင်ပြဋ္ဌာန်းလိုက်ခြင်းဖြစ်ကြောင်း၊ ယခင် ဥပဒေတွင် လစာဝင်ငွေ ၊ အသက်မွေးဝမ်းကျောင်း ဝင်ငွေ ၊ ပစ္စည်းပေါ်တွင်ရရှိသော ဝင်ငွေ စသည်ဖြင့် ဝင်ငွေအမျိုးအစားပေါ်လိုက်၍ အခွန်သီးခြား ဆောင်ရမည်ဟု ပြဋ္ဌာန်း ခဲ့သော်လည်း ယခုဥပဒေသစ်တွင်မူ ဝင်ငွေအားလုံး၏ စုစုပေါင်း ဝင်ငွေအပေါ်တွင် အခွန် စည်းကြပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းလိုက်သော ဥပဒေအရ တစ်နှစ် ဝင်ငွေ သိန်း ၂၀ နှင့် အထက်ရှိလျှင် ဝင်ငွေ၏ ၁ ဒသမ ၆ ရာခိုင်နှုန်း (ငွေကျပ် တစ်သိန်းခြောက်သောင်းခန့်) ဝင်ငွေခွန် ပေးဆောင်ရမည် ဖြစ်ပြီး ဝင်ငွေခွန်ပေးဆောင်မည့်သူသည်
သားသမီးများရှိပါက သားသမီး ဦးရေပေါ် မူတည်၍ အခွန်လျှော့ပေါ့ပေးမည်ဖြစ်ကြောင်း၊ သားသမီးရှိသော အိမ်ထောင် သည် များသည် ဝင်ငွေ တရာခိုင်နှုန်းခန့်သာ ဝင်ငွေခွန် ပေးဆောင်ရမည် ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရှိရသည်။
အစိုးရက ဝင်ငွေခွန်ကောက်ခံရာတွင် ကုမ္ပဏီ၊ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို သက်ဆိုင်ရာ မြို့နယ် ပြည်တွင်းအခွန်များ ဦးစီးဌာန က အခွန်စည်းကြပ်လိမ့်မည် ဖြစ်ပြီး မြို့နယ်အခွန်ဦးစီးအရာရှိများကို လုပ်ပိုင်ခွင့် ပေးထားကြောင်း၊ သားသမီး မရှိသော လူပျိုကြီး၊ အပျိုကြီးများမှာ ဝင်ငွေခွန် အပြည့်အ၀ ပေးဆောင်ရမည် ဖြစ်ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရီက ပြောသည်။
“ပြည်သူတွေကလည်း ဝင်ငွေခွန် ပေးသင့်တယ်ဆိုတဲ့ အသိရှိရမယ်။ ဒါပေမယ့် သူတို့ထမ်းဆောင်နိုင်တဲ့ နှုန်းဖြစ်ဖို့လိုတယ်။ ဥပမာ အိမ်ရောင်းရင် အခွန်ကအရမ်းများတော့ အခွန်ရှောင်ကြတယ် ။ အခွန်က မျှတတဲ့နှုန်း ဖြစ်ဖို့လိုတယ် ”ဟု ဦးခင်မောင်ရီက ပြောသည်။
ဝင်ငွေခွန် မဆောင်ဘဲ အခွန်တိမ်းရှောင်လျှင် ဝင်ငွေခွန်၏ ၁၀ ရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ် ပေးဆောင်ရမည်ဖြစ်ပြီး တနှစ်ဝင်ငွေသိန်း ၂၀ နှင့် အထက်ရှိသော အစိုးရအရာရှိများလည်း အခွန်းစည်းကြပ်ခံရမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးကပြောသည်။
ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသင်းထွဋ်ဟန်က ဦးသိန်းစိန် အစိုးရလက်ထက်တွင် ယခင်အစိုးရထက် အခွန်ဆောင်သူ ပိုမိုများပြားလာကြောင်း၊ ဝန်ထမ်းများလည်း လစာဝင်ငွေခွန် ပေးဆောင်လာပြီး ပုဂ္ဂလိက ဝန်ထမ်းများကိုလည်း သက်ဆိုင်ရာ ကုမ္ပဏီများမှ တဆင့် အခွန်ပေးဆောင်လျက်ရှိကြောင်း ၊ အခွန်ရှောင်သူများလည်း ရှိသော်လည်းအရေးယူသည့်ပုံစံ မဟုတ်ဘဲ ပညာပေးသည့်နည်းဖြင့် စည်းရုံးလျက်ရှိကြောင်း ပြောသည်။
“ အခွန်က အမျိုးမျိုးှရှိတယ်။ လစာအပေါ်မှာ ဆောင်ရတာရှိတယ်။ စီးပွားရေး လုပ်ငန်းတွေအပေါ်မှာ ဆောင်ရတာရှိတယ် ။ ဒီအစိုးရ လက်ထက်မှာတော့ အခွန်ပိုရလာတယ်။ ဒါပေမယ့် ၁၀၀ ရာခိုင်နှုန်း ဆောင်လာတာမျိုးတော့ မဟုတ်သေးဘူး။ အခွန် ရှောင်နေတဲ့သူတွေလည်း ရှိသေးတယ် ” ဟု ဦးသင်းထွဋ်ဟန်က ပြောသည်။
မတ်လ ၁၁ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က အရက် ၊ ဘီယာ ၊ စီးကရက်များကို အခွန်စည်းကြပ် ရာတွင် စီးကရက်ကို အခွန် ၁၀၀ ရာခိုင်နှုန်း ကောက်ခံသော်လည်း အရက်နှင့် ဘီယာကို ၅၀ ရာခိုင်နှုန်းသာ အခွန်စည်းကြပ်သည့်အတွက် ၁၀၀ ရာခိုင်နှုန်းအထိ အခွန် စည်းကြပ် ရန် လွှတ်တော်သို့ တင်ပြခဲ့ရာ အစိုးရက ငြင်းပယ်ခဲ့ပြီး လွှတ်တော်တွင်လည်း သူ၏ အဆိုမှာ ရှုံးနိမ့်ခဲ့ကြောင်း သိရှိရသည်။
“ဘဏ္ဍာရေးဝန်ကြီးက အရက် ဘီယာကို အာဆီယံနှုန်းထားအတိုင်း ကောက်ခံတာ ဖြစ်တဲ့အတွက် မပြောင်း နိုင်ဘူးလို့ ပြောတယ်။ ကျမကလည်း လူငယ်တွေ အရက်ကို အလွယ်တကူ ဝယ်သောက်လို့ ရနေတဲ့အတွက် ရာဇဝတ်မှုတွေ များလာတာကို ထောက်ပြပြီး တောင်းဆိုခဲ့တာ ” ဟု ဒေါ်ခင်စန်းလှိုင်က ဧရာဝတီသို့ ပြောသည်။