သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံ၏ ပထမဆုံး စားသုံးသူကာကွယ်ရေး ဥပဒေကို အတည်ပြုပေးလိုက်ပြီဖြစ်၍ နိုင်ငံအတွင်း တွင် ရောင်းချနေသော စားသောက်ကုန်နှင့် အဖျော်ယမကာ များမှ ပါဝင်ပစ္စည်းများ၏ ဘေးကင်းလုံခြုံမှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများပြားနေရခြင်းကို ဖြေရှင်းပေးနိုင်မည်ဟု မျှော်လင့်ရပါသည်။
ယမန်နှစ် စက်တင်ဘာလက တင်သွင်းခဲ့သော ဥပဒေကို ပြည်ထောင်စုလွှတ်တော်က မတ်လ ၁၄ရက်နေ့တွင် အတည်ပြု ပေးခဲ့ပြီး သမ္မတဦးသိန်းစိန်ကလည်း လက်မှတ်ရေးထိုး ပြဌာန်းလိုက်ပြီဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာများက မတ်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြသည်။
အခန်း ၁၂ ခန်းနှင့် အပိုဒ် ၃၁ ခု ပါဝင်သော စားသုံးသူကာကွယ်ရေး ဥပဒေတွင် စားသုံးသူနှင့် ထုတ်လုပ်သူ နှစ်ဘက်လုံး အတွက် အခွင့်အရေးနှင့် ရယူရမည့်တာဝန်များ ပါဝင်ပြီး ထုတ်လုပ်သူများအတွက် တားမြစ်ချက်များ စာရင်းလည်း ပါ ဝင် သည်။ စားသုံးသူကာကွယ်ရေး ကော်မတီ၏ လုပ်ငန်းများကိုလည်း သတ်မှတ်ပေးထားသည်။ထို့ပြင် အငြင်းပွားမှုများ ဖြေရှင်းခြင်းနှင့် ခွင့်ပြုချက်ပေးခြင်းများကိုလည်း ရှင်းလင်းဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ယခုအချိန်အထိ စားသုံးသူ ကာကွယ်ရေး ဥပဒေ တခုမျှမရှိသည့် အတွက် ဘေးကင်းလုံခြုံမှုမရှိသော စား သောက်ကုန်ပစ္စည်းများနှင့်ပတ်သက်လျှင် ပြည်သူများ စိုးရိမ်ကြောက်လန့်ခဲ့ကြသည်။ အစိုးရမဟုတ်သော အဖွဲ့အစည်းတခုဖြစ် သည့် စားသုံးသူကာကွယ်ရေး အသင်း (CPA) က ကုန်ပစ္စည်းများကို ၎င်းတို့ဖာသာ စစ်ဆေးပြီး နိုင်ငံခြားမှ တင်သွင်းလာ သော စားအုံးဆီများ၏ အရည်အသွေး နိမ့်ကျမှု၊ ငါးပိများတွင် ယူရီးယား မြင့်မားစွာပါဝင်နေမှု နှင့် ပြည်တွင်းထုတ် အာလူးကြော်များနှင့် အချိုရည်များတွင် အန္တရယ်ရှိသည့် မှိုပါဝင်နေမှုများကို ဖော်ထုတ်ခဲ့သည်။
ကျန်းမာရေးဝန်ကြီး ဌာနလက်အောက်တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနကို ဖွဲ့စည်းထားသော်လည်း နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ် အလွန်နည်းပါးသည့်အတွက် မြန်မာနိုင်ငံဈေးကွက်တွင် ရောင်းချနေသော ပြည်တွင်းဖြစ် နှင့် နိုင်ငံခြားမှ တင်သွင်းလာသော စားသောက်ကုန်ပစ္စည်း ပမာဏအမြောက်အများကို စောင့်ကြည့်စစ်ဆေးရန် အခက်အခဲရှိနေရသည်။ ရန်ကုန် အခြေစိုက် စားသုံးသူ ကာကွယ်ရေး အသင်း၏ ဥက္ကဌ ဦးဗအုပ်ခိုင်က စားသုံးသူ ကာကွယ်ရေး ဥပဒေ ပြဌာန်းလိုက် သည့်အတွက် ကောင်းသော်လည်း မည်သို့ ကျင့်သုံးဖော်ဆောင်မည်နည်းဆိုသည့် အချက်ကို စိုးရိမ်မိ ကြောင်း ဧရာဝတီသို့ ပြောသည်။
“အခုဆိုရင် စားသုံးသူကာကွယ်ရေး ဥပဒေကို သမ္မတကြီးက လက်ခံအတည်ပြုလိုက်ပြီ။ ဒါကြောင့် ဘာမှ မရှိတာထက်စာ ရင် ကောင်းပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှ အစိုးရက ဥပဒေ အမြောက်အများ အတည်ပြုပေးခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ အတွက်က ဥပဒေတွေချည်းပဲ ပြဌာန်းနေတာထက်စာရင် ဥပဒေကို ကောင်းကောင်းဖော်ဆောင် ပေးနိုင်ဖို့ ပိုပြီး လိုအပ်ပါတယ်။ အစိုးရက စားသုံးသူကာကွယ်ရေးကိစ္စတွေကို အလေးထားပြီး အရေးယူဆောင်ရွက်စေချင်ပါတယ်” ဟု သူကဆိုသည်။
အထူးသဖြင့် မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ တင်သွင်းနေသည့် စားသောက်ကုန်များ အတွက် စိုးရိမ်မိကြောင်း ဦးဗအုပ်ခိုင် ကပြောသည်။ တရုတ်နိုင်ငံတွင် ထုတ်လုပ်သူများကို အစားအစာဘေးကင်းလုံခြုံမှုဆိုင်ရာ စံချိန်စံညွှန်းများအတိုင်း လိုက်နာရန် တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားခြင်းမရှိသဖြင့် အန္တရယ်ရှိသော အစားအစာများ မြန်မာဈေးကွက်သို့ ဝင် ရောက်နေသည်။
ပြဌာန်းလိုက်သည့် ဥပဒေသစ်တွင် စားသုံးသူ ကာကွယ်ရေး ကော်မတီ၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး က ဥက္ကဌအဖြစ်ခန့်ထားဆောင်ရွက်မည်ဖြစ်ပြီး၊ သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးမှ အဆင့်မြင့်တာဝန်ရှိသူများ၊ အရပ်ဖက် လူ့အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ နှင့် ကျွမ်းကျင်သူများ ပါဝင်ရမည်ဟု ဖော်ပြထားသည်။
“တကယ်လို့ အစိုးရက သူတို့နဲ့အတူ စားသုံးသူကာကွယ်ရေး ကိစ္စတွေလုပ်ဖို့ ဖိတ်ခေါ်မယ်ဆိုရင် ကျနော်တို့ကလည်း သူတို့ နဲ့ အလုပ် လုပ်ဖို့ အဆင်သင့်ပါပဲ” ဟု ဦးဗအုပ်ခိုင်ကပြောသည်။ ကော်မတီတွင်ပါဝင်ရေး အတွက် အစိုးရက သူတို့ အသင်းကို ယခုထက်ထိ ဆက်သွယ်လာခြင်း မရှိသေးကြောင်းလည်း သူက ထပ်ပြောသည်။
ဥပဒေအရ စားသုံးသူများအတွက် ထုတ်လုပ်သူများထံမှ ဘေးကင်းလုံခြုံသည့် ကုန်ပစ္စည်းများ မျှော်လင့်နိုင်သည့် အခွင့် အရေးတခုရှိလာပြီး ကုန်ပစ္စည်းတခုနှင့် ပတ်သက်၍ ကျေနပ်မှု မရှိလျှင်လည်း စားသုံးသူကာကွယ်ရေး ကော်မတီသို့ တိုင်ကြားနိုင်ကြောင်း သိရသည်။ ထို့ပြင် စားသုံးသူများ အနေဖြင့် ကုန်ပစ္စည်းတခုအပေါ် ၎င်းတို့၏ စိုးရိမ်ပူပန်မှုကို ခိုင်လုံသည့် အထောက်အထား မရှိဘဲနှင့် အများပြည်သူသိရှိအောင် (အင်တာနက် လူမှုကွန်ယက်များ အပါအဝင်) ဖြန့်ဝေခြင်း မပြုရန်လည်း ဥပဒေထဲတွင်တားမြစ်ထားသည်။
ဘေးကင်းလုံခြုံမှု မရှိသည့် ကုန်ပစ္စည်းတခုကို ဖြန့်ဖြူးရောင်းချခဲ့သော ထုတ်လုပ်သူသည် ထောင်ဒဏ် ၃ နှစ်အထိ နှင့် ဒဏ်ငွေ ကျပ် သိန်း ၅၀၊ သို့မဟုတ် ပြစ်ဒဏ်နှစ်ခုလုံး အထိချမှတ်ခံရမည်ဟု ဥပဒေတွင်ဖော်ပြထားသည်။
ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တဦး ဖြစ်သော ဒေါက်တာ ညိုညိုသင်းက အခွင့်အရေး ကာကွယ် ပေး ခံရမှုတွင် မြန်မာနိုင်ငံမှ စားသုံးသူများ သည် အခြားဒေသတွင်းနိုင်ငံများထက် အခြေအနေဆိုးရွား ခဲ့သည် ဟုဆိုသည်။
“ဒီက ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ကျမတို့မှာ အခွင့်အရေးမရှိဘူး။ အိမ်နီးချင်း နိုင်ငံတွေက စားသုံးသူ ကာကွယ်ရေး အခြေအနေနဲ့လည်း ကျမတို့ ယှဉ်လို့မရဘူး။ ဒါပေမယ့် အခု ဥပဒေပြဌာန်းလိုက်ပြီဆိုတော့ မကြာခင် တဖြည်းဖြည်း ကောင်းသွားနိုင်ပါတယ်” ဟု သူကပြောသည်။
“ဒါပေမယ့် ဥပဒေကို အကောင်အထည်ဖော်နိုင်ဖို့က မြန်မာနိုင်ငံမှာ ပိုပြီးလိုအပ်တယ်။ ဥပဒေကို ချိုးဖောက်နေတဲ့ ထုတ် လုပ် သူတွေက ကြောက်ရွံ့မယ့် အပြစ်ဒဏ်မျိုးဖြစ်သင့်တယ်။ တရုတ်နိုင်ငံမှာတောင် စားသုံးသူ ကာကွယ်ရေး ဥပဒေ တွေကို ချိုးဖောက်တဲ့ သူအတွက် အမြင့်ဆုံး ထောင်ဒဏ် တသက်အထိ ချမှတ်ခံရနိုင်တယ်။ ဒီမှာတော့ အပြစ်ဒဏ်က တကယ်ကို အားနည်းနေတုန်းပဲ” ဟု ဒေါက်တာညိုညိုသင်းက ပြောသည်။