မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်းကဏ္ဍတွင် ယခုအချိန်အထိ မရှိသေးသည့် ကျန်းမာရေးအာမခံနှင့် ချေးငွေအာမခံများ ၂၀၁၄- ၁၅ ဘဏ္ဍာရေးနှစ်အတွင်း စတင် ဝန်ဆောင်ပေးတော့မည်ဖြစ်ကြောင်း အစိုးရပိုင် မြန်မာ့အာမခံလုပ်ငန်း၏ အဆိုအရ သိရသည်။
“လာမယ့် ဘဏ္ဍာရေးနှစ်မှာ ကျန်းမာရေးအာမခံနဲ့ ချေးငွေ အာမခံတွေ ကျနော်တို့ စပြီး ဝန်ဆောင်ပေးတော့မှာ ဖြစ်ပါ တယ်” ဟု မြန်မာ့ အာမခံလုပ်ငန်း၏ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်း ကပြောသည်။ ဧပြီလ ၁ ရက်နေ့တွင် ဘဏ္ဍာရေး နှစ်သစ် စတင်မည်ဖြစ်သည်။
အစိုးရက ပြီးခဲ့သော နှစ်ကစ၍ နှစ်ပေါင်း ၆၀ ကျော် အတွင်း ပထမဆုံးအကြိမ်အဖြစ် ပုဂ္ဂလိက ကုမ္ပဏီများကို အာမခံလုပ်ငန်းဈေးကွက်သို့ ဝင်ရောက်ခွင့်ပြုခဲ့ပြီး အစိုးရက သတ်မှတ်ထားသော အာမခံ အမျိုးအစား ၄၆ ခုထဲမှ အသက်အာမခံနှင့် အထွေထွေ အာမခံ ၆ မျိုးကို လုပ်ကိုင်ခွင့်ပြုခဲ့သည်။
အစိုးရပိုင် မြန်မာ့ အာမခံလုပ်ငန်းက ဆယ်စုနှစ်ပေါင်းများစွာ လက်ဝါးကြီးအုပ်ထားခဲ့သဖြင့် မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်းသည် ဒေသတွင်းနိုင်ငံများထဲတွင် ဖွံဖြိုးမှု အနည်းဆုံးနိုင်ငံတခု ဖြစ် ခဲ့ရသည်။
“နိုင်ငံပိုင် မြန်မာ့အာမခံလုပ်ငန်းက ဒီအာမခံ အမျိုးအစားသစ်တွေကို စပြီး ဝန်ဆောင်ပေးပါမယ်။ ပြီးရင်တော့ ပုဂ္ဂလိက ဘဏ်တွေကိုလည်း ခွင့်ပြုပေးသွားပါမယ်” ဟု ဦးအေးမင်းသိန်း ကပြောပြသည်။
အသစ်ခွင့်ပြုမည့် အာမခံများတွင် ကျန်းမာရေး အာမခံထားရှိသူများအတွက် ဆေးဝါးကုသမှု ကုန်ကျစားရိတ်ကို ကာမိစေမည့် အစီအစဉ်များကို ခွင့်ပြုပေးမည်ဖြစ်ပြီး ချေးငွေအာမခံကိုလည်း အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ချေးငွေ အလွယ်တကူရရှိစေနိုင်ရန် စီစဉ်ရေးဆွဲထားသည်ဟု သိရသည်။
ပုဂ္ဂလိက အာမခံလုပ်ငန်းတခုဖြစ်သည့် Grand Guardian Insurance Public Company၏ ပြောရေးဆိုခွင့်ရှိသူ ဦးဌေးပိုင်က မြန်မာနိုင်ငံတွင် အာမခံထားသူ အရေအတွက် ယခုထိ နည်းနေရခြင်းမှာ အစိုးရက တင်းတင်းကျပ်ကျပ် ချုပ်ကိုင် ထားသော ပြည်တွင်း အာမခံလုပ်ငန်းဈေးကွက်ကို ယမန်နှစ်ကမှ စတင်ဖြေလျှော့ပေးခဲ့သည့် အတွက်ကြောင့် ဖြစ်သည်ဟု ပြောသည်။
“ပြည်တွင်း အာမခံလုပ်ငန်းကဏ္ဍက လူတွေနဲ့ အကြာကြီး ဝေးကွာနေခဲ့ရတယ်။ ခုချိန်မှာတော့ ဘာကြောင့် အာမခံထားဖို့ လိုအပ်သလဲဆိုတာကို ပြည်သူတွေ သိလာကြပါပြီ။ ဒါပေမယ့် ကျနော်တို့ အချိန်ယူဖို့ လိုအပ်နေတုန်းပါပဲ” ဟု သူက ဆို သည်။
ပုဂ္ဂလိက အာမခံလုပ်ငန်းတခုမှ အမည်မဖော်လိုသူ ကြီးကြပ်ရေးမှူး တဦးက မြန်မာနိုင်ငံမှ လူအများစုသည် အာမခံများ အကြောင်းနှင့် ၎င်းတို့၏ အကျိုးရှိမှုကို ပြည့်ပြည့်၀၀ နားလည်မှု မရှိသေးကြောင်း နှင့် သူတို့ ကုမ္ပဏီက အလား အလာ ကောင်းသည့် ဖောက်သည်များကို ဆွဲဆောင်နိုင်ဖို့ ကြိုးစားနေကြောင်း ပြောပြသည်။
“လူတွေက အသက်အာမခံထက်စာရင် ကျန်းမာရေးအာမခံထားဖို့ ပိုပြီး စိတ်ဝင်စားကြတယ်။ တကယ်လို့ ပုဂ္ဂလိက အာမခံ ကုမ္ပဏီတွေကို ဝယ်လိုအားမြင့်တဲ့ ကျန်းမာရေး အာမခံလိုမျိုး အာမခံ အမျိုးအစားတွေ ပိုပြီးလုပ်ကိုင်ခွင့် ပေးလိုက်ရင် အာမခံ ထားတဲ့သူတွေလည်း ပိုများလာပါလိမ့်မယ်” ဟု သူက ထပ်ပြောသည်။
မြန်မာ့ အာမခံလုပ်ငန်း၏ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ထားရှိနိုင်သော အာမခံအမျိုးအစားများ တိုးချဲ့ပေးခြင်းအားဖြင့် ပြည်သူများအတွက် လုံခြုံ စိတ်ချမှု ပိုရှိလာလိမ့်မည် ဖြစ်ကြောင်းပြောသည်။
“စီးပွားရေး လုပ်ငန်းတခုအတွက်ပဲဖြစ်ဖြစ် လူပုဂ္ဂိုလ် အနေနဲ့ပဲဖြစ်ဖြစ် အာမခံထားခြင်းကြောင့် ဆုံးရှုံးမှုကို လျှော့ချနိုင်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေအတွက်၊ မိသားစုတွေအတွက်၊ တနိုင်ငံလုံး အတွက် မျှော်လင့်မထားတဲ့ ဆုံရှုံးမှုတွေကနေ အရေးပါတဲ့ အကူအညီ ပေးနိုင်ပါတယ်” ဟု သူကဆိုသည်။
လက်ရှိ အချိန်၌ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက အာမခံကုမ္ပဏီ ၁၂ ခုရှိပြီး ၎င်းတို့ထဲက အချို့သည် မြန်မာနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိက ဘဏ်ကြီးများ၏ လုပ်ငန်းခွဲဖြစ်သည်။ အစိုးရက ပုဂ္ဂလိက ကုမ္ပဏီများကို အသက်အာမခံ၊ မီးအားမခံ၊ ငွေပို့ငွေသယ် အာမခံ၊ ငွေသားလုံခြုံမှုအာမခံ၊ သမာဓိအာမခံ၊ အလုံးစုံမော်တော်ယာဉ် အာမခံ စသော အာမခံ ၆ မျိုး လုပ် ကိုင်ခွင့်ပြုထားသည်။