စီးပွားရေး

အစိုးရ၏ မော်တော်ယာဉ် မှတ်ပုံတင်ခ လျှော့ချမှု ကားဈေး သိန်း ၂၀ ကျော် ထပ်ကျမည်

This article has been converted from Zawgyi One to Unicode

ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ပြည်ပမှ တင်သွင်းလာသော မော်တော်ယာဉ်များ အပေါ် ကောက်ခံလျက်ရှိသော ယာဉ်မှတ်ပုံတင်ခများကို ဧပြီလ ၁ ရက်နေ့မှစတင်၍ လျော့ချမည် ဖြစ်ရာ ယင်းသို့ လျှော့ချမှုသည် ကားတစီးလျှင် သိန်း ၂၀ ကျော် ဈေးနှုန်း ထပ်မံကျဆင်းနိုင်ကြောင်း မော်တော်ယာဉ် အရောင်းပြခန်း ဖွင့်လှစ်သူများနှင့် ဝါရင့်ကားပွဲစားများထံမှ သိရှိရသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက မော်တော်ယာဉ် အမျိုးအစားအလိုက် မူလတန်ဖိုး( FOB) ပေါ်မူတည်၍ မှတ်ပုံတင် နှုန်းထားများ သတ်မှတ်ကောက်ခံလျက်ရှိရာ  အင်ဂျင်ပါဝါ(စက်စွမ်းအား) ၁၃၅၀ စီစီနှင့်အောက် ယာဉ်များ အတွက် ယခင်က မော်တော်ယာဉ် မှတ်ပုံတင်ခ ၅၀ ရာခိုင်နှုန်း ကောက်ခံခဲ့ရာမှ ယခုအခါ မှတ်ပုံတင် ၃၀ ရာခိုင်နှုန်းသို့ လည်းကောင်း၊ အင်ဂျင်ပါဝါ(စက်စွမ်းအား) ၁၃၅၁ စီစီမှ ၂၀၀၀ စီစီ အထိ ယာဉ်များကို ယခင်က မှတ်ပုံတင်ခ ၈၀ ရာခိုင်နှုန်း ကောက်ခံခဲ့ရာမှာ  ၅၀ ရာခိုင်နှုန်းသို့လည်းကောင်း၊ အင်ဂျင်ပါဝါ ၂၀၀၁ မှ ၅၀၀၀ စီစီအထိ ယာဉ်များကို ယခင် က မှတ်ပုံတင်ခ ၁၀၀ ရာခိုင်နှုန်းကောက်ခံခဲ့ရာမှ ၈၀ ရာခိုင်နှုန်းသို့လည်းကောင်း အသီးသီးလျှော့ချကောက်ခံမည် ဖြစ် ကြောင်း ထုတ်ပြန်ကြေညာလိုက်ရာ ယင်းကြေညာချက်ကြောင့် တပတ်ရစ်ကားတစီးလျှင် ငွေကျပ်သိန်း ၂၀ ကျော် ကျဆင်း လိမ့်မည်ဟု ကားဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်ပြောဆိုသည်။

နေပြည်တော် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ယခုကဲ့သို့ မော်တော်ယာဉ် မှတ်ပုံတင် ခများ လျှော့ချခြင်းသည် ပြည်တွင်းတွင် ကားဈေးနှုန်းကြီးမြင့်မှုကို လျှော့ချရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဧရာဝတီ သို့ ပြောဆိုသည်။

လူနှင့် ကုန် ၂ မျိုးစလုံး တင်ဆောင်နိုင်သော Pick Up ၊ Double Cup ကားများ၏ မှတ်ပုံတင်ခများကိုလည်း ယခင်က အင်ဂျင်ပါဝါအလိုက် ၅၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်း ကောက်ခံ ခဲ့သော်လည်း ယခုအခါ ၄၀ ရာခိုင်နှုန်း လျှော့ချကောက်ခံ မည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ပြည်တွင်းကားဈေးကွက်ကျွမ်းကျင်သူလည်းဖြစ်၊ အွန်လိုင်းကားဝယ်ရောင်းဝန်ဆောင်မှုပေးနေသော Rocket Internet ကုမ္ပဏီ၏ ဈေးကွက်မန်နေဂျာ ဦးအောင်ခမ်းက “ဒီလိုမျိုး FOB နှုန်းတွေ ပြောင်းလဲလိုက်တာက ပြည်တွင်း ကားဈေးကွက် ကျလာနိုင်တယ်။ ကားတွေတော့ ပိုများ လာနိုင်တယ်။ ပြောင်းလဲမယ့် အခွန်နှုန်းတွေကို ပြန်ကြည့်ရင် ၂၀ရာခိုင်နှုန်း လောက် လျှော့ကောက်တာ တွေ့ရတယ်။ ခရီးသည်ယာဉ်တွေတော့ အပြောင်းအလဲ သိပ်မရှိဘူး။ အခွန် အပြောင်း အလဲ ကြောင့် ဈေးကွက်ထဲမှာ ရှိတဲ့ ကျပ်သိန်း ၁၀၀ ဝန်းကျင်ရှိတဲ့ ကားတွေကတော့ သိန်း၈၀ ဝန်းကျင်အထိ ဖြစ်လာနိုင်တယ်။ ဒါပေမယ့် ပြည်တွင်းရဲ့ ကားဈေးကွက် အခြေအနေကိုက အကျဘက်ကို ဦးတည်နေပါတယ်” ဟု ဧရာဝတီသို့ သုံးသပ် ပြောဆိုသည်။

သို့ရာတွင်မူ လုပ်ငန်းသုံးယာဉ်များ၊ ကုန်တင်ယာဉ်များ၊ Pick Up ယာဉ်များ Light Truck, Truck ကားများ၊ ခရီးသည်တင်ယာဉ် (၁၀)ဦး နှင့် အထက် (Bus, Mini Bus , Micro Bus) ယာဉ်များအတွက် မော်တော်ယာဉ် မှတ်ပုံတင်ခ နှုန်းထားအတိုင်းများကို မူလအတိုင်း ၅ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ပြီး  စက်စွမ်းအား ၅၀၀၁ စီစီ နှင့် အထက် ယာဉ်များ အတွက် မှတ်ပုံတင်ခနှုန်းထားကိုလည်း မူလအတိုင်း ၁၂၀ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်း သိရှိရသည်။

ဝါရင့် ကားဝယ်ရောင်းဦးစိုးနိုင်က “ပြောင်းလဲကောက်ခံမယ်ဆိုတဲ့ နှုန်းထားတွေက ၂၀ ရာခိုင်နှုန်းလောက်ကို ကျသွားတယ်။ အရင်က ၁၀၀ ရာခိုင်နှုန်းကို အခု ၈၀ ရာခိုင်နှုန်းလောက်ပဲ ကောက်ခံတော့တယ် ဆိုတော့ ဈေးနှုန်းကျလာရင် ဝယ်လိုအား များလာမှာပါ။ ဒါပေမယ့် အခြား နိုင်ငံတွေ မှာတော့ ဒီလို စနစ်မျိုးနဲ့ မသွားတော့ပဲ လေလံစနစ်နဲ့ သွားကြတာတွေ ရှိတယ်” ဟု သုံးသပ်သပ်သည်။

မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် တင်သွင်း ရောင်းချသူများ အသင်းမှ တွဲဖက် အတွင်းရေးမှူး ဦးအေးထွန်းက ကားဈေးနှုန်းသည် လူတိုင်း လက်လှမ်းမီသော ဈေးနှုန်း အထိ မကျဆင်းလာနိုင်သော်လည်း ကားဈေးကျမည်မှာ အသေအချာ ဖြစ်ကြောင်း၊ ကားဈေးကျဆင်းမှုကြောင့် ကားဝယ်လိုအား ပြန်လည်မြင့်တက်လာနိုင်ကြောင်း သုံးသပ်ပြောဆိုသည်။

“ဒီမှာက တဦးချင်းရဲ့ ဝင်ငွေကို ပြန်ကြည့်ရင် မခိုင်မာသေးဘူး။ ဝင်ငွေနည်းပါးနေသေးတယ်။ ဒီလို ပြောင်းလဲလိုက်တဲ့ အခွန် နှုန်းထားတွေက တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေနဲ့ ပြန်ယှဉ်ကြည့်မယ်ဆိုရင် အလယ်အလတ် အခြေအနေပဲ ရှိနေသေးပါတယ်။ သိန်းတရာလောက် ရှိမယ်ဆိုရင် သိန်း၈၀လောက်နဲ့ ကားဝယ်စီးနိုင်လာမယ်။ ဒါကလည်း လူတိုင်း မဟုတ်သေးဘူး။ ကားစီးနိုင်တဲ့ လူတန်းစား တရပ်အတွက်ပဲ ဖြစ်နေဦးမယ်” ဟု ဦးအေးထွန်းက ပြောသည်။

လတ်တလော အခြေအနေတွင်ပင် ရန်ကုန်မြို့တွင် ယာဉ်ကြောကျပ်တည်းမှု ဆိုးရွားစွာ တွေ့ကြုံနေရသဖြင့် ကားဈေးနှုန်း ကျဆင်းမှုကြောင့် ထပ်မံဝင်ရောက်လာမည့် ဂျပန်တပတ်ရစ်ကားများကြောင့် ယာဉ်ကြော ကျပ်တည်းမှု ယခုထက်ပိုမို ဆိုးရွားလာနိုင်သဖြင့် အစိုးရအာဏာပိုင်များ၏ တိကျရေရာသော ကားမူဝါဒသစ်တရပ် ရှိသင့်ကြောင်း၊ ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းနိုင်သော အခြေခံအဆောက်အဦများ ထပ်မံတည်ဆောက် ပြင်ဆင်ဖြေရှင်းမှုများ အချိန်မီလုပ်ဆောင်ရန် လိုအပ်ကြောင်း မြို့ပြကျွမ်းကျင်သူ ပညာရှင်တချို့၏ သုံးသပ်ပြောဆိုချက်အရ သိရှိရသည်။

Loading