ဆက်သွယ်ရေး လိုင်စင်ရထားသည့် အော်ပရေတာ (ကုမ္ပဏီ) များ၏ ဖုန်းခေါ်ဆိုခ နှုန်းထားများ အပါအဝင် ဝန်ဆောင်မှုများနှင့် ပတ် သက်ပြီး ဝန်ကြီးဌာန အနေဖြင့် ဝင်ရောက် စွက်ဖက်မည် မဟုတ်ကြောင်း ဆက်သွယ်ရေး၊ သတင်း အချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးသောင်းတင် က ဧရာဝတီကို ပြောသည်။
“အခုလက်ရှိမှာ ဘယ်လိုမျိုး လုပ်ဆောင်မှုတွေနဲ့မှ ဝန်ကြီးဌာန အနေနဲ့ အော်ပရေတာတွေကို ချုပ်ကိုင်မှာ မဟုတ်ဘူး၊ ဝန်ကြီးဌာန က ပေါ်လစီပိုင်းပဲ ကိုင်တော့မယ်၊ ဘယ်သူက သတ်မှတ်ထားတဲ့ ဥပဒေကို မလိုက်နာလဲ၊ ဒါပဲစစ်မယ်၊ ဘာမလုပ်ရ၊ ဘယ်ဈေး၊ ဘယ်ခေါ်ဆိုခ စတဲ့ အပိုင်းတွေက သက်ဆိုင်တဲ့ ကုမ္ပဏီရဲ့ သဘော အတိုင်းပဲ”ဟု ၎င်းက ဆိုသည်။
အစိုးရပိုင် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း(MPT)၏ နှုန်းထားများနှင့်ဆက်စပ်ပြီး လုပ်ကိုင်ခွင့်လက်ရှိရထားသော အော်ပရေတာများကို အဆိုပါ နှုန်းထားဖြင့်သာ ဆက်လက် ကောက်ယူခွင့် ပြုမည်ဟု သတင်းများ ထွက်ပေါ်နေသည့်အပေါ် မေးမြန်းစဉ် ယင်းသို့ ပြန် လည် ဖြေကြားခြင်း ဖြစ်သည်။
“သူတို့ လုပ်ဆောင်မယ့် ဈေးက ပြည်သူတွေ လက်ခံနိုင်မလား၊ ဘယ်လို အခက်ခဲတွေ ရှိမလဲ ဆိုတာကို သိချင်လို့ တင်ပြခိုင်းတာ ပါ၊ ကျန်တာကတော့ သူတို့က ဆက်သွယ်ရေး ဥပဒေကို လိုက်နာရမယ်၊ မလိုက်နာရင် သူတို့ကို သတ်မှတ်ထားတဲ့ အတိုင်း မလုပ် ပေးနိုင်ရင် သူတို့ တင်ထားတဲ့ စပေါ်ငွေထဲက ဖြတ်သွားမယ်”ဟုလည်း ဦးသောင်းတင်က ပြောသည်။
ဆက်သွယ်ရေး ခေါ်ဆိုခ နှုန်းထားများနှင့် ပတ်သက်ပြီး လက်ရှိ တဦးတည်းလုပ်ကိုင်ခွင့် ရထားသည့် MPT က တမိနစ် ခေါ်ဆိုခကို ၅၀ ကျပ်နှုန်း၊ မက်ဆေ့ချ် ပို့ပါက တစောင်လျှင် ၂၅ ကျပ် နှုန်း ကောက်ခံလျက် ရှိသည်။
တဦးတည်း ချုပ်ကိုင်မှုဖြင့်သာ ရပ်တည်ခဲ့သည့် မြန်မာ့ဆက်သွယ်ရေး ကဏ္ဍမှာ မကြာတော့သည့် ရက်ပေါင်း ၂၀၀ ကျော် ကာလတွင် ပြောင်းလဲတော့မည် ဖြစ်ကြောင်းလည်း ဒု ဝန်ကြီးက ဆက်ပြောသည်။
ယင်းသို့ ဆယ်စုနှစ်များစွာ ပြိုင်ဆိုင်မှု မရှိခဲ့သည့် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍတခုကို မကြာမီ ပြိုင်ဆိုင်မှု ပြင်းထန်သည့် ကဏ္ဍတခု အဖြစ် မြင်တွေ့နိုင်ရန် အတွက် ဝန်ကြီးဌာနအနေဖြင့် ဆက်သွယ်ရေး အော်ပရေတာများကို တန်းတူ အခွင့်အရေးပေး ပြိုင်ဆိုင်ခွင့် ပေးမည် ဖြစ်ကြောင်း သိရသည်။
“မြန်မာ့ဆက်သွယ်ရေးလို့ ဆိုရင် လူတိုင်းကို ခွဲခြား စေချင်တယ်၊ ဆက်သွယ်ရေး ဝန်ကြီးဌာန နဲ့ MPT ကို ခွဲခြား မြင်စေချင်တယ်၊ သူက လွတ်လွတ်လပ်လပ် လုပ်ခွင့်ရတော့မှာ ဆိုတော့ သူဈေးမချရင် သူရပ်တည်ဖို့ မလွယ်ဘူး၊ သူမလျှော့ရင် သူမရပ်တည်နဲ့၊ ဒီအထဲမှာ နေချင်ရင် သူလည်း အပြိုင်အဆိုင် လျှော့ရတော့မယ်”ဟု ဒုဝန်ကြီး ဦးသောင်းတင်က ပြောသည်။
ယခင်က တဦးတည်း ချုပ်ကိုင်ခဲ့သည့် MPT သည် ပြိုင်ဆိုင်မှုများ၌ ရတနာပုံ တယ်လီပို့စ် အနေဖြင့် ဝန်ကြီးဌာန လက်အောက်မှ ခွဲထွက်ပြီး သီးခြားရပ်တည်ရန် စီစဉ်ထားသော်လည်း လက်ရှိ အချိန်အထိ ၎င်းနှင့်ပူးတွဲ လုပ်ဆောင်မည့် ကုမ္ပဏီကို မရွေးချယ်နိုင် သေးသောကြောင့် လုပ်ငန်းလိုင်စင် ချပေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
“ဂျပန်ကုမ္ပဏီ တခုနဲ့ ဆွေးနွေး နေတာတော့ မှန်တယ်၊ ဝန်ကြီးဌာန အနေနဲ့ လုပ်ဆောင်တော့မှာ မဟုတ်တဲ့ အတွက် သူ့ရပ်တည်မှု အတွက် သူလည်း ပြိုင်ဆိုင် ရလိမ့်မယ်၊ ဒီနှစ်ထဲမှာ သူလည်း ခွဲထွက်ပြီး ပြိုင်ဆိုင် နိုင်မှာပါ”ဟု ဒု ဝန်ကြီးက ဆက်ပြောသည်။
“ခေါ်ဆိုခလို့ ဆိုရင် ကောက်ခံတာက မိနစ်နဲ့ ကောက်မလား၊ စက္ကန့်နဲ့ ကောက်မလား၊ စိတ်ကြိုက် လုပ်ပိုင်ခွင့် ပေးထားပါတယ်၊ ဒီအပေါ်မှာ ပြိုင်တဲ့သူ သဘောပါပဲ၊ သူက စက္ကန့်နဲ့ ကောက်မယ်ဆိုလဲ ကောက်၊ မိနစ်နဲ့ ကောက်မယ်ဆိုလည်း ကောက်၊ ဒီသဘောပါပဲ”ဟုလည်း ၎င်းက ဆိုသည်။
MPT က ခေါ်ဆိုခနှုန်းထား ကောက်ယူရာတွင် စက္ကန့်ဖြင့် ကောက်ယူနေခြင်း ဖြစ်ပြီး မက်ဆေ့ချ်(SMS) ဝန်ဆောင်ခကို ထပ်တိုး ကောက်ခံ နေခြင်း ဖြစ်ပြီး မည်သည့် ဝန်ဆောင်မှုကိုမှ ထပ်တိုးပေးခြင်း မရှိပေ။ နိုင်ငံတကာ ဆက်သွယ်ရေး တချို့တွင် SMS ဝန်ဆောင်ခကို ကောက်ခံခြင်း မပြုခြင်း အပြင် အခြားသော ဝန်ဆောင်မှု အမျိုးမျိုးကို ထပ်ဆောင်း ပေးမှုများ ရှိကြောင်း သိရသည်။
လက်ရှိတွင် အော်ပရေတာ လိုင်စင်ရရှိထားသည် အော်ရီးဒူးက တမိနစ်လျှင် ၄၅ ကျပ်နှုန်း၊ တယ်လီနောက တမိနစ်လျှင် ၂၅ ကျပ်နှုန်း ကောက်ခံမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း မည်သည့် ဝန်ဆောင်မှုများ ပေးသွားမည်၊ မည်သည့် ဈေးဖြင့် ကောက် ခံသွားမည်ကို တရားဝင် ပြောကြားခြင်း မရှိသေးကြောင်း သိရသည်။
“ဆက်သွယ်ရေး ဖုန်းလို့ ပြောရင် Package တခုကို မြင်ရတော့မယ်၊ ဥပမာ ဈေးနှုန်း အရဆို ဖုန်းကတ် ဝယ်တာနဲ့ ဘာတွေ ပါမလဲ၊ အင်တာနက် ပါမလား၊ ခေါ်ဆိုခကို ဘယ်လောက် အလကား ခေါ်ခွင့်ရမယ်၊ မက်ဆေ့ချ် အလကား ပို့ခွင့် ရမယ်၊ ဒီလိုတွေ ပါမယ်၊ ဒါမှမဟုတ် ခေါ်ဆိုခနှုန်း အရ ဆိုရင် ခေါ်ဆိုခ မချဘူး၊ ဒီမှာ မက်ဆေ့ချ်က အလကား ပေးမလား၊ အချိန်နဲ့ ပေးမလား၊ မီဂါဘိုက်နဲ့ ပေးမလား၊ ဒါကတော့ အော်ပရေတာတွေရဲ့ပြိုင်ဆိုင်မှုပဲ၊ အကုန် ခွင့်ပြု ထားပါတယ်”ဟု ဒုဝန်ကြီး ဦးသောင်းတင်က ဆိုသည်။
လက်ရှိတွင် အော်ရီဒူးမှ ရန်ကုန်မြို့တွင်းရှိ ဖုန်းအရောင်းဆိုင်များတွင် ၎င်းတို့၏ ဖုန်းကတ် ဝယ်ယူလိုသူများ စာရင်းကို ကောက်ခံ နေမှုများ ရှိကြောင်း၊ နေ့စဉ် ဖုန်းကတ်ဝယ်ရန် လာရောက် စာရင်းသွင်းသူ ဦးရေမှာ ၅၀ ကျော်ကြောင်း ဖုန်းအရောင်းဆိုင်များက ပြောသည်။
“အော်ပရေတာ အသစ်တွေ ရောက်လာပေမယ့် အစိုးရဘက်က ဆက်သွယ်ရေးပိုင်း လုပ်နေတော့ ခေါ်ဆိုခနဲ့ ဝန်ဆောင်မှုတွေကို အစိုးရနဲ့ ညှိရမယ် ထင်တယ်၊ နို့မို့ဆို သူတို့ဆီမှာ သုံးစွဲသူတောင် ရှိမယ်မထင်ဘူး၊ Voice mailတို့ ဘာတို့ရော ပေးမှာလား၊ အင်တာနက်ကရော ဒီတိုင်းပဲ ရှိနေမလား။ ဒီတိုင်းပဲ ဆိုရင်တော့ ဒီဈေးကွက်က ထူးခြားတာ မရှိပါဘူး၊ နိုင်ငံတကာလို အားလုံးပြိုင်ဆိုင်ခွင့် ရရင်တော့ ကောင်းမယ်”ဟု ဖုန်းရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူ တဦးဖြစ်သည့် ကိုနိုင်ဇော်က ပြောပြသည်။
မြန်မာ့ဆက်သွယ်ရေးက လိုင်စင်ရ အော်ပရေတာများ လုပ်ဆောင်နိုင်ရန် အတွက် ရှိရင်းစွဲ တာဝါတိုင်များကို ဈေးနှုန်းတခုဖြင့် ငှားရမ်း လုပ်ကိုင်ခွင့် ပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။
“ဆက်သွယ်ရေး ဝန်ကြီးဌာန အနေနဲ့ ရှိရင်းစွဲ တာဝါတိုင်တွေကို ငှားရမ်းမယ်၊ ဥပဒေမှာလည်း ပါတယ်၊ တာဝါတိုင်တွေ ငှားရမ်းသုံးစွဲခွင့် ပေးရမယ် ဆိုတာ၊ ဒီတော့ ရတနာပုံ တယ်လီပို့ကို ငှားရင်လည်း ငှားမယ်၊ ဘယ်အော်ပရေတာပဲ ငှားငှား၊ ငှားခွင့် ပေးမယ်၊ ဝန်ကြီးဌာနက ဒါနဲ့ ရပ်တည်သွားမယ်”ဟု ဒုဝန်ကြီး ဦးသောင်းတင်က ဧရာဝတီသို့ ပြောပြသည်။
တယ်လီနော မြန်မာ ကုမ္ပဏီမှ တာဝါတိုင် တည်ဆောက်ရေး အတွက် Apollo ကုမ္ပဏီ၊ Ayarwaddy Green ကုမ္ပဏီတို့နှင့်အတူ ညှိနှိုင်းသွားမည် ဖြစ်ကြောင်း၊ ယင်းကုမ္ပဏီ နှစ်ခုလက်အောက်တွင် ပြည်တွင်း ကုမ္ပဏီ ၁၂ ခုခန့် ပါဝင်ကြောင်း တယ်လီနော ကုမ္ပဏီ မြန်မာပြည် ကိုယ်စားလှယ် Mr.Petter Furberg က ပြောသည်။
လက်ရှိတွင် ၂၀၁၄ မတ်လဆန်း အထိ မိုဘိုင်းဖုန်း သုံးစွဲမှု အရေအတွက်မှာ စုစုပေါင်း ၈ သန်းနီးပါး ရှိကြောင်း မြန်မာ့ဆက်သွယ် ရေး၏ သတင်း ထုတ်ပြန်ချက်များ အရ သိရသည်။