စီးပွားရေး

ဖွံ့ဖြိုးဖို့ တာစူနေတဲ့ မြန်မာ့ ဇိမ်ခံကားဈေးကွက်

This article has been converted from Zawgyi One to Unicode

ယခင် စစ်အစိုးရ လက်ထက်က သိန်းထောင်သောင်းချီ ဈေးပေါက်ပြီး ကန့်သတ်မှုတွေနဲ့ ထိန်းချုပ်ထားခဲ့တဲ့ ကားတင်သွင်းမှု ပါမစ် စနစ်ကို အစိုးရသစ်က ဖျက်သိမ်းပြီး ကားတွေ လွတ်လပ်စွာ တင်သွင်း ရောင်းချ ခွင့်ပြုလိုက် တာကြောင့် ပြည်တွင်း ဈေးကွက်ထဲကို တပတ်ရစ် ဂျပန်ကားတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့အပြင် ကမ္ဘာကျော် ကားကုမ္ပဏီ တွေဖြစ်တဲ့ Ford ၊ Mercedes၊ KIA ၊ Chevrolet တို့က ရန်ကုန်မြို့မှာ အရောင်းပြခန်း တွေ ဖွင့်လှစ် လာကြတာမို့ မြန်မာနိုင်ငံရဲ့ ဇိမ်ခံကားဈေးကွက်က ဖွံ့ဖြိုးဖို့ တာစူနေပြီလို့ စီးပွားရေး အသိုင်းအဝိုင်းက သုံးသပ်ပါတယ်။

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက မြန်မာ့ဈေးကွက်မှာ ကားရောင်းဖို့ ဝင်လာတဲ့ Mercedes ၊ Scania ၊ KIA ၊ Ford ၊ Chevrolet ၊ Mazda ၊ Nissan ၊ Solo ကားကုမ္ပဏီတွေကို အပြိုင်အဆိုင် ကားရောင်းချခွင့် ပါမစ် တွေ ချပေးခဲ့ တဲ့အပြင် နောက်ထပ် ဝင်လာမယ့် နိုင်ငံတကာ ကားကုမ္ပဏီတွေကိုလည်း  ကားရောင်းချခွင့်တွေ ထပ်မံ ထုတ်ပေးဖို့ရှိ တာကြောင့် မြန်မာ့နိုင်ငံမှာ ပေါ်ထွန်းလာမယ့် ဇိမ်ခံကားဈေးကွက်က ပြိုင်ဆိုင်မှုပြင်းထန်မယ့် အခြေအနေ ရှိနေပါတယ်။

စီးပွားရေး ဖံွ့ဖြိုးတိုးတက်မှုနှေးကွေးလွန်းပေမယ့် မြန်မာ့ဈေးကွက်မှာ ဇိမ်ခံကားတွေက တဖြည်းဖြည်းစိမ့်ဝင်လာပြီး ကမ္ဘာကျော် အမေရိကန်ကားကုမ္ပဏီ ရန်ကုန်မြို့မှာ ကားအရောင်းပြခန်း ဖွင့်လှစ်ဖို့ ပြင်ဆင်နေတဲ့ ကာလ ၁၄ ရက်အတွင်း ကားသစ်စီးရေ ၁၀၀ ရောင်းချခဲ့ရတယ်လို့ Ford ကားကုမ္ပဏီ၏ အာရှပစိဖိတ်ဈေးကွက်ဌာန၏ မန်နေဂျာ Mr. David Westerman က ၂၀၁၃ ခုနှစ် အောက်တိုဘာ ၄ ရက်နေ့ ရန်ကုန် Ford ကားကုမ္ပဏီအရောင်းပြခန်းဖွင့်ပွဲ အခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။

မြန်မာ့ဈေးကွက်ထဲ ဝင်ရောက်လာတဲ့ နာမည်ကျော် ကားကုမ္ပဏီကြီးတွေရဲ့ ဒေါ်လာသိန်းချီတန် ကားသစ်တွေက ရန်ကုန်မြို့ လမ်းမတွေပေါ်မှာ တွေ့မြင်လာရပြီး ဒေါ်လာ ၅သိန်းနီးပါး တန်ဖိုးရှိတဲ့ ခေတ်ပေါ် ဇိမ်ခံကားတွေပါ လမ်းမ တွေထက်မှာ သွားလာ မောင်းနှင်နိုင်လာကြပါတယ်။ တန်ဖိုးကြီးနောက်ဆုံးပေါ် ဇိမ်ခံကားတွေကို ဝယ်ယူစီးနင်း နိုင်ကြတဲ့သူတွေမှာ ယခင်စစ်အစိုးရခေတ် ငွေကို လွယ်လွယ်ကူကူ ရှာဖွေနိုင်ခဲ့တဲ့ စီးပွားရေးသမားတွေ၊ အာဏာရှင် အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့သူတွေ အများစုပါဝင်နေတယ်လို့ စီးပွားရေး အသိုင်းအဝိုင်းက ဆိုပါတယ်။

တနိုင်ငံလုံး အတိုင်းအတာ နဲ့ ခြုံကြည့်ရင်တော့ ဇိမ်ခံကားဈေးကွက်က သိပ်မတွင်ကျယ် လှပေမယ့် အလားအလာ ကောင်းတွေ ရှိနေပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာတာနဲ့အမျှ မြန်မာနိုင်ငံရဲ့ ဇိမ်ခံကားဈေးကွက်လည်း တွင်ကျယ်စွာ ဖွံ့ဖြိုးဖို့ တာစူလာပြီလို့ ကားအရောင်းစင်တာ ဖွင့်လှစ်ထားသူတွေ အများစုကသုံးသပ် ကြပါတယ်။

Farmer Auto Showroom မှ ဒေါက်တာစိုးထွန်းက ဇိမ်ခံ ကားသစ်တွေ ဝယ်ယူစီးနင်းနေတဲ့သူတွေက လူတန်းစား တရပ်သာရှိပြီး အဲဒီလူတန်းစားကလည်း ဝင်ငွေခိုင်မာပြီးသား ချမ်းသာကြွယ်ဝသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

“ကားသစ်တွေပဲစီးနေတဲ့ လူတန်းစားတရပ်က နည်းနေသေးတယ်။ စီးတဲ့လူကလဲဝင်ငွေခိုင်မာတဲ့လူတွေပဲ။ တနည်းအား ဖြင့် ရှိပြီးသား လူတွေပဲစီးနေကြတာလေ။ အများစုကတော့ အသစ်တွေကိုစိတ်ဝင်စားမှု နည်းနေကြသေးတယ်။ မြန်မာ လူမျိုး အများစုကတော့ ကားသစ်တွေ ဝယ်မယ်ဆိုရင်ဈေးနှုန်းကိုအရင်ကြည့်ကြတဲ့အတွက် သိန်းထောင်ကျော်တန် ဇိမ်ခံကားဈေးကွက်တွေက မဖြစ်လာနိုင်သေးဘူး။ တဦးချင်းဝင်ငွေဟာ အိမ်နီးချင်း နိုင်ငံတွေလို ဖြစ်လာမှ အဲ့ဒီကားတွေရဲ့ ဈေးကွက် အခြေအနေက တမျိုးပြောင်းလဲ သွားနိုင်တယ်။ မြန်မာ့ကျေးလက်ဒေသတွေမှာတော့ ဘာမှ မပြောင်းလဲ သေးဘူး။ အမှန်ကလူတိုင်းနီးပါး ကားစီးနိုင်လောက်တဲ့ စီးပွားရေးအခြေအနေတရပ် မရှိသေးလို့ပါ။ အဲ့ဒီအချိန် ရောက်လာ ပြီဆိုရင် ဇိမ်ခံကား ဈေးကွက် လည်း ဦးမော့လာနိုင်မယ်” လို့ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

ပြည်ပနိုင်ငံအသီးသီးက မြန်မာနိုင်ငံအတွင်းစီးပွားရေးအရရင်းနှီးမြှုပ်နှံကြတဲ့အထဲမှာ ဇိမ်ခံကားဈေးကွက် အတွင်း ရင်းနှီးမြှုပ်နှံမှုကလည်း ပြည်ပကုမ္ပဏီတွေ စိတ်ဝင်တစားရင်းနှီးမြှုပ်နှံတဲ့ စီးပွားရေးဈေးကွက် တခုဖြစ်လာပါတယ်။

သို့ပေမယ့် ဇိမ်ခံကားတွေ ဈေးကွက်တခုအဖြစ် ရေရှည် ရပ်တည် လည်ပတ်နိုင်ဖို့အတွက် အခြေအနေများစွာကို ကြိုးစား ဖြတ်ကျော် ကြရဦးမယ်လို့ ကားအရောင်းစင်တာကြီးအများစုကတော့ မှတ်ချက်ပြု ဆိုလာကြပါတယ်။ အကြောင်းကတော့ မြို့ပြမှာရှိတဲ့ လူအများစုက ကားမျိုးစုံကိုကိုယ်တိုင်လည်းစီး၊ ပြည်ပကနေကိုယ်တိုင်မှာယူတင်သွင်းနေကြလို့ပါပဲ။

ဈေးနှုန်းသက်သာတဲ့ တပတ်ရစ်ဂျပန်ကားဟောင်းတွေရောင်းချနေတဲ့ ကားအရောင်းစင်တာကြီးတွေတောင် အထူးဈေး လျှော့ရောင်းချတာ ၊ အရစ်ကျ ရောင်းချပေးတာမျိုးတွေနဲ့ ကားဝယ်သူတွေကို ဆွဲဆောင်နေရတာမို့  ဇိမ်ခံကား ကုမ္ပဏီတွေ အနေနဲ့လည်း စီးပွားရေးကောင်းမွန်ပြီး ဖွံ့ဖြိုးလာမယ့် ဇိမ်ခံကားဈေးကွက် ဖြစ်ပေါ်ဖို့ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းရဖို့ ရှိနေတယ် လို့ စီးပွားရေးကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

စီးပွားရေး ကောင်းမွန်လာရင်တောင်မှ ဈေးနှုန်းသက်သာပြီး အကြမ်းခံတဲ့ ဂျပန်ကားတွေကိုသာ အစဉ်အဆက် သုံးစွဲခဲ့တဲ့ မြန်မာ ပြည်သူတွေကြားမှာ နာမည်ကျော် အမှတ်တံဆိပ် ဇိမ်ခံကားသစ်တွေ နေရာရယူဖို့ အတော် ကြိုးစား ရုန်းကန်ရလိမ့်လို့ ကားတင်သွင်းရောင်းချသူတွေက ဆိုပါတယ်။

“ပြည်တွင်းရဲ့ လက်ရှိအခြေအနေမှာဟွန်ဒါနဲ့ တိုယိုတာအုပ်စုတွေလို ဂျပန် ကားတွေသာအဝယ်လိုက်နေတယ်။ ကားဈေး ကျ လို့သာအဝယ်လိုက်နေတာ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေက မတိုးတက်သေးဘူး။ ပြည်တွင်းမှာ ကား အရေ အတွက် သာများလာတာ ကားစီးနိုင်တဲ့ လူဦးရေကလူတိုင်းစေ့ မဖြစ်သေးဘူး။ ဒါကတိုင်းပြည်အတွက် အလားအလာ သိပ်မကောင်းဘူး” ဟု အွန်လိုင်းကားရောင်းဝယ်မှု ဝန်ဆောင်ပေးနေသော Rocket Internet ကုမ္ပဏီလီမိတက်မှ ဈေးကွက် မန်နေဂျာ ကိုအောင်ခမ်းက သုံးသပ်ပါတယ်။

နာမည်ကျော် အမှတ်တံဆိပ် ဇိမ်ခံကားသစ်တွေရဲ့ဈေးနှုန်းက ငွေကျပ် သိန်းထောင်ချီရှိနေတာမို့ သိန်းရာဂဏန်း ကျော်သာရှိတဲ့ ဂျပန်ကားဟောင်းတွေက နောက်ထပ် ဆယ်စုနှစ် တခုလောက်ထိ မြန်မာနိုင်ငံမှာ ရေပန်းစား လူကြိုက်များနေဦးမှာ သေချာတယ်လို့ ကားအရောင်းစင်တာမှ တာဝန်ရှိသူတွေက သုံးသပ်ပါတယ်။

“ဆိုရှယ်လစ်စနစ်အောက်မှာ၊ အာဏာရှင်စနစ်အောက်မှာ မသေရုံတမယ် ရုန်းကန်စားသောက်ခဲ့ရတဲ့ လူမျိုးတွေ ဖြစ်တော့ ဘာကို ဇိမ်ခံရမလဲဆိုတာမသိဘူး။ ပိုက်ဆံအရမ်းချမ်းသာတဲ့သူတွေထဲမှာတောင် ပစ္စည်းကောင်း၊ Brand ပစ္စည်း ကောင်းတွေကို သုံးရမှန်း မသိသေးဘူး။ တနည်းအားဖြင့်ပြောရရင် ဇိမ်မခံတတ်သေးတော့ ဇိမ်ခံကားသစ်တွေ အရောင်း အဝယ်များ လာဖို့ကတော့ အချိန်စောင့်ရမယ်´´ လို့ ဝါရင့်ကားဝယ်ရောင်း ဦးမြင့်မောင်က ဆိုပါတယ်။

ပြည်တွင်းကုမ္ပဏီတွေကတော့  နာမည်ကျော် အမှတ်တံဆိပ် ဇိမ်ခံကားသစ်တွေကို မြန်မာ့ဈေးကွက်ထဲမှာ ဈေးကွက် ချဲ့ထွင်ဖို့ အပြိုင်အဆိုင်ကြိုးစားနေကြပါတယ်။

အမေရိကန် Ford ကားတွေကို တဦးတည်းကိုယ်စားလှယ်အဖြစ် တင်သွင်းရောင်းချနေတဲ့ Diamond Star ကုမ္ပဏီ လက်အောက်မှ Capital Automotive ကုမ္ပဏီက ဗြိတိန်မှ နာမည်ကျော် Jaguar Land Rover  ကားတွေကို တင်သွင်း ရောင်းချဖို့ရှိနေပါတယ်။ နာမည်ကျော် စီးပွားရေးလုပ်ငန်းရှင် ဦးမြတ်သင်းအောင်ပိုင် AA ကုမ္ပဏီလုပ်ငန်းစုကတော့ အမေရိကန် Chevrolet ကားတွေကို ပြည်တွင်းမှာစတင်ရောင်းချနေပါတယ်။

သိန်းထောင်ချီ ဈေးပေါက်နေတဲ့ ဇိမ်ခံကားတွေမှာ အားနည်းချက်တွေရှိနေပြီး အပိုပစ္စည်းနဲ့ ပြုပြင်ရေးအတွက် Service စင်တာ ကြီးတွေ ပြည်တွင်းမှာတွင်တွင်ကျယ်ကျယ် မရှိသေးတာကလည်း အဲဒီကားဈေးကွက်ကို မတွင်ကျယ်စေတဲ့ အတား အဆီး တခုဖြစ်နေပါတယ်။

ဇိမ်ခံကားဈေးကွက် တွင်တွင်ကျယ်ကျယ်ဖြစ်ပေါ်လာစေဖို့ အစိုးရပိုင်းအနေနဲ့ တိကျ ခိုင်မာသောမူဝါဒတွေ ချမှတ်ဖို့ လိုအပ်သလို ခေတ်မီတဲ့ ငွေကြေးနဲ့ ဘဏ်စနစ်တွေ ပေါ်ထွန်းဖို့ လိုအပ်တယ်လို့ ုမော်တော်ယာဉ် ထုတ်လုပ်မှုနှင့် တင်သွင်းရောင်းချသူများအသင်းမှ တွဲဖက်အတွင်းရေးမှူးဦးအေးထွန်းက သုံးသပ်ပါတယ်။

“ဒီမှာက Banking စနစ်အားမကောင်းသေးဘူး။ တဦးချင်းရဲ့ Income ကလဲအားကောင်းဖို့ လိုနေသေးတယ်။ အိမ်နီးချင်း အာဆီယံနိုင်ငံတွေမှာလဲဒီလိုလုပ်ငန်းတွေ ရှိတာပဲ။ အများစုက Income အားကောင်းတော့ Banking စနစ်နဲ့ လုပ်ငန်း လည်ပတ်လို့ ရတယ်။ ပြည်တွင်းမှာအလုပ်အကိုင် အခွင့်အလမ်းတွေ ရှိဖို့လိုပါသေးတယ်”လို့ ဦးအေးထွန်းက ဆိုပါတယ်။

အာရှဖွံ့ဖြိုးရေးဘဏ် ADB ရဲ့ ခန့်မှန်းချက်အရ  မြန်မာနိုင်ငံဟာ ၂၀၃၀ခုနှစ် လောက်မှာ နိုင်ငံရင်းနှီးမြှုပ်နှံမှု တနှစ်လျှင် ၇ ဒဿမ ၈ ရာခိုင်နှုန်း အထိ ၃ဆ နီးပါးလောက် တိုးတက်လာမယ်လို့ဆိုထားပြီး  နိုင်ငံသားတွေရဲ့ တဦးချင်းဝင်ငွေ ဟာလည်း တိုးတက်လာမှာဖြစ်တဲ့အတွက် အဲဒီအချိန်မှာ ဇိမ်ခံမော်တော်ကားဈေးကွက် ဖြစ်ထွန်းတွင်ကျယ်လာမယ်လို့ စင်ကာပူ အခြေစိုက် Channel News Asia သတင်းတခုမှာ ရေးသားဖော်ပြထားပါတယ်။

“မြန်မာနိုင်ငံက စီးပွားရေးပိတ်ဆို့မှုဒဏ်ကို နှစ်အတော်ကြာခံခဲ့ရတယ်။ ဈေးကွက်ဖွင့်လာတာအချိန်သိပ်မကြာသေးဘူး။ နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ များလာရင်တော့ ဇိမ်ခံကားဈေးကွက်ကလဲစတင်နိုင်ပါတယ်”လို့ Jaguar Land Rover ရဲ့ အာရှ ပစိဖိတ်ဆိုင်ရာ စီးပွားရေး မန်နေဂျာမစ္စတာ Steve Martin က စင်ကာပူအခြေစိုက် Channel News Asia သတင်းဌာနသို့ ပြောဆိုပါတယ်။

Loading