စီးပွားရေး

အစိုးရ ဘတ်ဂျက် ရေးဆွဲမှု စနစ် ပြောင်းမည်

This article has been converted from Zawgyi One to Unicode

နိုင်ငံတော် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဘတ်ဂျက်ငွေ စာရင်းရေးဆွဲမှုကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်၍ ၃ နှစ်စာ ကြိုတင် ခန့်မှန်း ရေးဆွဲသော ကာလလတ် မူဘောင်စနစ်ဖြင့် ပြောင်းလဲ ကျင့်သုံးသွားမည် ဖြစ်ကြောင်း သိရသည်။

အစိုးရ ဘတ်ဂျက် ရေးဆွဲရာတွင် ပုံမှန်အားဖြင့် တနှစ်စာ အရအသုံး စာရင်းများကို ရေးဆွဲ တင်ပြလေ့ရှိပြီး ယခု ပြောင်းလဲ ကျင့်သုံး မည့် မူဘောင်မှာ သုံးနှစ်စာ အရအသုံးစာရင်းများကို ကြိုတင်ခန့်မှန်းခြင်းဖြင့် ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ဘဏ္ဍာရေး ဝန်ကြီး ဌာန ရသုံးမှန်းခြေ ငွေစာရင်းဦးစီး ဌာန ညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်ဝင်းက ပြောပြသည်။

“ဘတ်ဂျက် ရေးဆွဲရာမှာ အရင်တုန်းက တနှစ်စာပဲ ရေးဆွဲပါတယ်၊ အခုဟာတော့ ရှေ့လာမယ့် ဘဏ္ဍာနှစ် သုံးနှစ်စာ အတွက်ကို ရေးဆွဲတဲ့ ကာလလတ် ဘတ်ဂျက် မူဘောင်ဆိုပြီး ၂၀၁၅ – ၂၀၁၆ ဘဏ္ဍာရေးနှစ်က စပြီး ရေးဆွဲ ပါမယ်၊ရှေ့ သုံးနှစ်စာကို ကြိုတင် ခန့်မှန်းတဲ့ မူဘောင်ပါ”ဟု ၎င်းက ဆိုသည်။

ယင်းသို့ ၃နှစ်စာ အရအသုံး ဆိုင်ရာများကို ကြိုတင် ခန့်မှန်းရေးဆွဲသည့် မူဘောင် ကျင့်သုံးမည် ဖြစ်သော်လည်း ထုတ်ပြန်သည့် အခါတွင် ပုံမှန်အတိုင်း တနှစ်စာ ဘတ်ဂျက် စာရင်းကိုသာ ဥပဒေပြု ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။

“ဥပဒေကတော့ တနှစ်စာပဲ ဆွဲမှာပါ၊ သုံးနှစ်စာကို ကြိုတင် ခန့်မှန်းတာ ဖြစ်ပေမယ့် ထုတ်ပြန်တာကတော့ တနှစ်စာပဲ ထုတ်ပြန်မှာပါ”ဟု ဒေါ်နွယ်နွယ်ဝင်းက ပြောသည်။

ကာလလတ် ဘတ်ဂျက်မူဘောင် ရေးဆွဲနိုင်ရေး အတွက် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ် သည်ဟုလည်း ၎င်းက ပြောသည်။

စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကိုက“နိုင်ငံတော်တော် များများမှာ တနှစ်စာပဲ ရေးဆွဲလေ့ ရှိပါတယ်၊ သုံးနှစ်စာ ဆွဲပြီ ဆိုမှတော့ အရအသုံးတို့ ငွေကြေး ဖောင်းပွမှုနှုန်းတို့ အဲဒါတွေကို ခန့်မှန်းထား နိုင်ရမယ်ပေါ့၊ နောက် ဒီဘတ်ဂျက် လုပ်လိုက်တဲ့ အတွက် Positive Impact(အကျိုးသက်ရောက်မှု) ကလည်း ဘယ်လောက် အထိ ရှိနိုင်မလဲ ဆိုတာ ကြိုတင် တွက်ချက်ထားနိုင်မယ် ဆိုရင် တော့ ကောင်းပါတယ်”ဟု ပြောဆိုသည်။

နိုင်ငံတော် ဘတ်ဂျက် ရေးဆွဲမှု ပုံစံတွင် ပြည်ထောင်စု အစိုးရ ဘတ်ဂျက်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဘတ်ဂျက် ဟူ၍ နှစ်ပိုင်း ခွဲခြားထားကြောင်း၊ လက်ရှိ ကျင့်သုံးမှု အရ ပြည်ထောင်စု ဘတ်ဂျက်မှာ ၉၀ ရာခိုင်နှုန်း ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ဘတ်ဂျက်မှာ ၁၀ ရာခိုင်နှုန်းသာ ရှိသည်ဟု ဒေါ်နွယ်နွယ်ဝင်းက ဆိုသည်။

ယင်းအခြေအနေကြောင့် ဘတ်ဂျက် ခွဲဝေမှု စနစ်မှာ ဗဟို ချုပ်ကိုင်မှုများနေသည့် အနေအထား ဖြစ်သည်ဟုလည်း လွှတ်တော် ကိုယ်စားလှယ် တချို့နှင့် စီးပွားရေး ပညာရှင်များက ပြောဆို ကြသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ဇယား ၅ ပါ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရမှ ရပိုင်ခွင့် ရှိသည့် အခွန်အခ ဘဏ္ဍာငွေများတွင် ပြည်ထောင်စု အစိုးရ ဘတ်ဂျက်သို့သာ အများဆုံး ရောက်ရှိသည်ဟု ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းကလည်း ပြောသည်။

အစိုးရက နှစ်စဉ် ဘဏ္ဍာနှစ်ကုန်၌ ဦးဆောင် တင်သွင်း ထုတ်ပြန်သည့် ဘတ်ဂျက်ကို ကြည့်ပါက တိုင်းဒေသကြီးနှင့် ပြည်နယ်များ အပေါ်တွင် ပြန်လည် ချပေးသည့် ပမာဏမှာ လွန်စွာ နည်းပါးပြီး ယင်းငွေကြေးများကို ထောက်ပံ့ကြေးနှင့် ချေးငွေ အဖြစ် ဘတ်ဂျက်တွင် ပြန်လည် ခွဲတမ်း ချပေးသည်ကို တွေ့ရသည်။

“ဇယား ၅ အရ ရသင့်ရထိုက်တဲ့ အခွန်တွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက မရဘူး၊ အရင်အတိုင်းပဲ ပြည်ထောင်စု ဝန်ကြီး ဌာနကို ရောက်တယ်၊ ဒါနဲ့ ပတ်သက်ပြီး အတိအကျ ဥပဒေတွေ ပြဌာန်းပေးဖို့ လိုပါတယ်၊ အခွန်ကို ဗဟို အစိုးရက သိမ်းပြီးရင် ရာခိုင်နှုန်း ဘယ်လောက်ဆိုတဲ့ တိကျတဲ့ ခွဲတမ်းနဲ့ တိုင်းဒေသကြီး ပြည်နယ်တွေကို မဖြစ်မနေ ပြန်ပေးစေချင် ပါတယ်၊ ပြည်နယ် တွေမှာ သူတို့ တွင်းထွက် သယံဇာတက ပိုက်ဆံရတယ်၊ ဥပမာ ရခိုင်လိုမျိုး ရေနံကရတာ ရှိမယ်၊ ဒီလို မိမိရဲ့ဒေသက ရတဲ့ ငွေကို လည်း ပြည်ထောင်စု အစိုးရက အားလုံး ယူတယ်၊ ပြီးတော့ ဘတ်ဂျက်မှာ ထောက်ပံ့ကြေး ဆိုပြီး ပြန်ချပေးတယ်”ဟု ဒေါ်ညိုညိုသင်းက ပြောသည်။

ယင်းကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဘတ်ဂျက် ခွဲတမ်းရရှိမှု နည်းပါးနေခြင်း ဖြစ်စဉ်နှင့် ပတ်သတ်၍ ဗဟို ချုပ်ကိုင်မှု လျှော့ချနိုင်ရေး လုပ်ငန်းစဉ်များနှင့် အစီအစဉ်များ ရှိကြောင်း ဒေါ်နွယ်နွယ်ဝင်းက ပြောသည်။

“ပြည်ထောင်စု ဘတ်ဂျက်နဲ့ တိုင်းဒေသကြီး ဘတ်ဂျက် ခွဲခြားထားတာ ဖြစ်တဲ့ အတွက် ကျမတို့ အသုံးစရိတ် Sharing(ခွဲဝေ) လိုအပ်ပါတယ်၊ ဥပမာ ပြောရမယ် ဆိုရင် တနင်္သာရီ တိုင်းဒေသကြီးမှာ ထားဝယ် အထူးစီးပွားရေးဇုန် ရှိမယ်၊ ဒါကို လုပ်တာက ဝန်ကြီးဌာန ဖြစ်ပြီး၊ အရအသုံးက ပြည်ထောင်စု ဘတ်ဂျက် ဖြစ်နေတယ်၊ သွားရောက် လုပ်နေတာက တနင်္သာရီ ဖြစ်တဲ့ အတွက် သူတို့ တိုင်းဒေသကြီး အနေနဲ့ ဝင်ငွေ ရသင့်ပါတယ်၊  ဒါအပြင် ရရှိတဲ့ ဝင်ငွေကို ဘယ်လို Sharing လုပ်မယ် ဆိုတာ ကျမတို့မှာ အတွေ့အကြုံ နည်းသေးတဲ့ အတွက်ကြောင့် နိုင်ငံတကာ အတွေ့အကြုံတွေ ကြည့်ပြီး Revenue Sharing(ဘဏ္ဍာရေး ခွဲဝေမှု) တွေလုပ်ဖို့ ရည်ရွယ်ထားတာ ရှိပါတယ်၊ ဒါကြောင့်လည်း Decentralization Workshop(ဗဟိုချုပ်ကိုင်မှု လျှော့ချဖို့ ဆွေးနွေးမှု) တွေ ကျင်းပ နေပါတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။

လက်ရှိတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် အတွက် အစိုးရက တင်သွင်းသော ပြည်ထောင်စု ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ ဥပဒေ ကို လွှတ်တော်တွင် ဆွေးနွေးနေပြီး ယခုလမကုန်ခင် အတည်ပြု ထုတ်ပြန်မည် ဖြစ်သည်။

Loading