ကျောက်ဖြူ-ယူနန် ရေနံပိုက်လိုင်း အပြီးသတ်ရန် နှောင့်နှေးဖွယ်ရှိ
This article has been converted from Zawgyi One to Unicode
မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံက ဒေါ်လာ ဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံ၍ တည်ဆောက်နေသော ရေနံဆိပ်ကမ်းနှင့် ရေနံသယ်ပို့ ပိုက်လိုင်း စီမံကိန်း၏ အနာဂတ်သည် တရုတ်နိုင်ငံမှ အဓိက ကျသည့် ရေနံချက်စက်ရုံ စီမံကိန်းတခု နှောင့်နှေးနေခြင်းကြောင့် မရေမရာဖြစ်နေသည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ မြို့တော် ကူမင်းတွင် တည်ဆောက်မည့် ရေနံချက်စက်ရုံကြောင့် လေထုညစ်ညမ်းမှု ဖြစ်ပေါ်လာမည်ကို စိုးရိမ်သူများက ယမန်နှစ်က လမ်းပေါ်တွင် ဒေါသတကြီး ဆန္ဒပြခဲ့ကြသည်။ ထို့ကြောင့် အစောဆုံး ၂၀၁၆ ခုနှစ်အထိ တည်ဆောက်လိမ့်ဦးမည် မဟုတ်ကြောင်း တရုတ်စွမ်းအင်ကဏ္ဍဆိုင်ရာ သတင်းများ အရ သိရသည်။
တရုတ်အစိုးရပိုင် China National Petroleum Coporation (CNPC) က အကောင်အထည်ဖော်နေသည့် တနေ့လျှင် စည် ၂၀ဝဝဝ၀ ထုတ်လုပ်မည့် စီမံကိန်းကို ယခုနှစ်အတွင်း လုပ်ငန်းစတင် လည်ပတ်နိုင်ရန် မျှော်လင့်ထားသည်။ သို့သော်လည်း ၎င်းမှာ တရုတ်ပြည်၏ စီးပွားရေး နှေးကွေးကျဆင်း လာမှုကြောင့် ရွှေ့ဆိုင်းထားရသည့် တရုတ်နိုင်ငံ တလွှားမှ ရေနံချက်လုပ်ငန်း စီမံကိန်းသစ်များထဲမှ တခုသာဖြစ်သည်။
တရုတ်နိုင်ငံက အရှေ့အလယ်ပိုင်းနှင့် အာဖရိက မှ နှစ်စဉ်တင်သွင်းနေရသည့် ရေနံစိမ်း တန်ပေါင်း ၂၂ သန်းအနက်မှ တဝက်နီးပါးကို ရခိုင်ပြည်နယ် ကျောက်ဖြူဒေသမှ တဆင့် ကူမင်းအနီးမှ Anning ရှိ ရေနံချက်စက်ရုံသို့ ပိုက်လိုင်းမှတဆင့် ပို့ဆောင်ပြီး ဓာတ်ဆီနှင့် ဒီဇယ်ထုတ်လုပ်ရန် စီစဉ်ထားသလို ကပ်လျက်ရှိသော ရေနံဓာတုပစ္စည်းစက်ရုံအသစ်ဆီ သို့လည်း ပေးပို့နိုင်ရန် စီစဉ်ထားသည်။
ဘေးကင်းလုံခြုံရေးဆိုင်ရာ အငြင်းပွားဖွယ်ရာ အဖြစ်အပျက်များနှင့် မြေသိမ်းယူမှု စွပ်စွဲချက်များ ရှိနေသည့်ကြားမှ တည်ဆောက်ဆဲဖြစ်သည့် မြန်မာ နိုင်ငံမှ တရုတ်နိုင်ငံအထိ သွယ်တန်းထားသော CNPC ၏ ရေနံပိုက်လိုင်းသည် ကီလိုမီတာ ၉၀ဝ ရှည်လျားပြီး တနေ့လျှင် ရေနံစည်ပေါင်း ၄၄၀ဝဝဝ ပို့ဆောင်ပေးနိုင်မည်ဖြစ်သည်။
“ကူမင်းက ရေနံချက်စက်ရုံ စီမံကိန်းကို ရွှေ့ဆိုင်းလိုက်ရတာက အခုအချိန် တရုတ်နိုင်ငံမှာ စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှု အကြီးအကျယ် ကျဆင်းနေ ခြင်းရဲ့ တစိတ်တပိုင်းပဲ ဖြစ်ပါတယ်။ ဒီစီမံကိန်းက တရုတ်နိုင်ငံမှာ ရွှေ့ဆိုင်းလိုက်ရတဲ့၊ ဒါမှမဟုတ် ပယ်ဖျက်လိုက်ရတဲ့ အဓိက ရေနံချက်စက်ရုံတွေနဲ့ ရေနံဓာတုစီမံကိန်း အမြောက်အမြားထဲက တခုပါ” ဟု စွမ်းအင်ကဏ္ဍဆိုင်ရာ အတိုင်ပင်ခံနှင့် လေ့လာ သုံးသပ်သူ Collin Reynolds က ဧရာဝတီသို့ပြောသည်။
“တရုတ်နိုင်ငံမှာ ကြီးမားတဲ့ ရေနံနဲ့ ဓာတ်ငွေ့ သုံးစွဲမှုကရှိနေတုန်းပဲ။ ဒါက တညတည်းနဲ့ ပြောင်းလဲသွားမှာ မဟုတ်ဘူး။ ကျဆင်းမှုအားလုံးကြောင့် မြန်မာနိုင်ငံထဲက ဒေါ်လာဘီလီယံ ပေါင်းများစွာတန်တဲ့ ဆိပ်ကမ်းနဲ့ ပိုက်လိုင်းစီမံကိန်းက အခုအချိန်မှာ အရမ်းကြီး အရေးမပါတော့ပါဘူး။ ဒီလိုအချိန်မှာ CNPC က ပိုက်လိုင်းတွေကို အလောတကြီးတည် ဆောက်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေးက လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ကျဆင်းနေခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်အတွင်းမှာပဲ နိုင်ငံပိုင်စွမ်းအင် လုပ်ငန်းကြီးတွေက ၁၉၉၀ နှစ်တွေတုန်းကလိုပဲ တိုးချဲ့နေခဲ့တယ်” ဟု Reynolds က သုံးသပ်သည်။
တရုတ်နိုင်ငံ၏ နှစ်စဉ် ဓာတ်ဆီနှင့် ဒီဇယ်သုံးစွဲ နှုန်း ကြီးထွားမှုက ၂၀၁၃ ခုနှစ်တွင် နှစ်ပေါင်း ၂၀ အတွင်း အနှေးကွေးဆုံး ဖြစ်နေသည်ဟု Reuters သတင်းဌာနက ဆိုသည်။
“လောင်စာဈေးကွက် အေးနေတဲ့အချိန်မှာ ရေနံချက်စက်ရုံတွေကို မြန်မြန်ဆောက်ခဲ့တာကြောင့် ထုတ်လုပ်မှုမှာ ပိုလျှံမှုတွေကြောင့် ထိခိုက်မှုတွေ ရှိလာပြီး ၂၀၁၃ ခုနှစ်မှာ တရုတ်ရဲ့ နိုင်ငံခြား လောင်စာတင်ပို့မှုက ချက်ချင်း မြင့်တက်လာခဲ့ပါ တယ်” ဟု Reuters သတင်းဌာနက ရေးသားခဲ့သည်။
မကြာသေးမီက Bloomberg စီးပွားရေး သတင်းဌာနက စစ်တမ်းတခု ကောက်ယူလေ့လာပြီး တရုတ်၏ ဓာတ်ဆီနှင့် ဒီဇယ် နိုင်ငံခြားတင်ပို့မှု ကြီး ထွားလာခြင်းကြောင့် အာရှဒေသ၏ ရေနံချက်လုပ် ငန်းကိုလည်း ယခုနှစ်အတွင်းတွင် ထိခိုက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံ ပြင်ပဒေသမှ ရေနံချက်လုပ်ငန်း များ၏ အမြတ်အစွန်းသည် ၂၀၁၄ ခုနှစ်တွင် ပျမ်းမျှ ၁၁ ရာခိုင်နှုန်း ကျဆင်းသွားလိမ့်မည် ဟုလည်း Bloomberg က ခန့်မှန်းထားသည်။ စင်ကာပူနိုင်ငံမှ ရေနံချက်လုပ်ငန်းများ၏ အမြတ်အစွန်းသည် ၂၀၁၃ ခုနှစ်က ၁၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဖြစ်သည်ဟု ၎င်းတို့က ပြောသည်။
တရုတ်နိုင်ငံ၏ ရေနံချက်စက်ရုံ ဆောက်လုပ် ခြင်းနှင့် တိုးချဲ့ခြင်းများကို ရပ်နားခြင်းမပြုပါက ၂၀၁၅ ခုနှစ်တွင် ဓာတ်ဆီနှင့်ဒီဇယ် ပိုလျှံမှုတန်ပေါင်း သန်း ၁၄၀ ရှိလိမ့်မည်ဟု China Petroleum and Chemical Industry Federation က ထုတ်ပြန်ခဲ့သည့် လေ့လာမှုတရပ်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံကို ဖြတ်ကျော်သွယ်တန်းထားသော CNPC ၏ရေနံပိုက်လိုင်းသည် သတ်မှတ်ချိန်အတိုင်း ပြီးစီးရန် မဖြစ်နိုင်သည့်တိုင် ၇၅ ရာခိုင်နှုန်းခန့် ပြီးစီး နေပြီဟု ယူဆရကြောင်း စွမ်းအင်ဆိုင်ရာ လေ့လာ စောင့်ကြည့်သည့်အဖွဲ့အစည်းတခုဖြစ်သော Platts ကဆိုသည်။ သို့သော် ပိုက်လိုင်းဖြတ်သန်းရာ လမ်း ကြောင်းတလျှောက်တွင် ထိုက်သင့်သည့် လျော်ကြေးမပေးဘဲ မြေများသိမ်းယူခြင်း၊ ဒေသခံပြည်သူများကို အတင်းအဓမ္မ နေရာရွှေ့ပြောင်းစေခြင်းများ ပြုလုပ်ခဲ့သည်ဟု လူ့အခွင့်အရေး အဖွဲ့များ၏ စွပ်စွဲမှု အမြောက်အမြားနှင့် ရင်ဆိုင်နေရသည်။
ရေနံပိုက်လိုင်းနှင့် အပြိုင်တည်ရှိသော သဘာ ဝဓာတ်ငွေ့ ပိုက်လိုင်းသည် လုပ်ငန်းစတင်ခဲ့ပြီးဖြစ် ကာ ဘင်္ဂလားပင်လယ်အော်အတွင်းရှိ ‘ရွှေ’ ကမ်း လွန် သဘာဝဓာတ်ငွေ့တွင်းမှ ဓာတ်ငွေ့များကို တရုတ် နိုင်ငံသို့ ပို့ပေးနေသည်။ သို့သော်လည်း ယခုအပတ် အတွင်းမှာပင် ပိုက်လိုင်းကွဲအက်ခြင်း အပါအဝင် ဘေးကင်းလုံခြုံရေးဆိုင်ရာ ပြဿနာများနှင့် ပတ် သက်၍ လွှတ်တော်တွင် ဝေဖန်ပြောဆိုမှုများ ရှိခဲ့ သည်။
CNPC က ကျောက်ဖြူဆိပ်ကမ်းတွင် ရေနံ သိုလှောင်ကန်များလည်း တည်ဆောက်နေသည်။ တလုံးလျှင် ရေနံ ကုဗမီတာ ၁၀ဝဝဝ၀ သိုလှောင် နိုင်သည့် ကန်ပေါင်း ၁၂ ကန် တည်ဆောက်မည်ဖြစ် သည်။ အဆိုပါ သိုလှောင်မှုပမာဏသည် ရေနံစည် ၇ ဒသမ ၅ သန်းအထိရှိပြီး ပိုက်လိုင်းအတိုင်းတရုတ် ပြည်သို့ ၁၇ ရက်ကြာ အပြည့်အဝပေးပို့နိုင်သည့် ပမာဏနှင့်ညီမျှသည်။
“သီအိုရီအရတော့ CNPC က ပိုက်လိုင်းက ရောက်လာတဲ့ ရေနံတွေကို တရုတ်နိုင်ငံ အနောက် တောင်ပိုင်းက တခြားနေရာတွေကို ဆက်ပြီးပို့ပေးရုံ ပါပဲ။ အဲဒီမှာရှိတဲ့ ပြဿနာကတော့ ယူနန်ပြည်နယ် ထဲက ပိုက်လိုင်းအနေအထားက အခုချိန်အထိ အကန့်အသတ်ရှိနေသေးတာပဲ” ဟု Reynolds က ဆိုသည်။
“CNPC က မြန်မာနိုင်ငံတွင်းက ပိုက်လိုင်း တလျှောက် ရေနံတွေကို လျင်လျင်မြန်မြန် ပို့မပေး နိုင်ရင် ကမ်းရိုးတန်းက ဆိပ်ကမ်းမှာ ကုန်ကြမ်းတွေ စုပုံသွားပါလိမ့်မယ်” ဟုလည်း သူကပြောသည်။
ကျောက်ဖြူ ရေနံဆိပ်ကမ်းသည် ရခိုင်ကမ်းရိုး တန်းဒေသတွင် အကောင်အထည် ဖော်ရန်ရှိသည့် အထူးစီးပွားရေးဇုန်၏ အချက်အချာနေရာတွင် ရှိ သည်။
ကူမင်းတွင် ရေနံချက်စက်ရုံတည်ဆောက်ရန် စီစဉ်ရခြင်းမှာ ကုန်းတွင်းပိတ် ဒေသတခုဖြစ်သည့် ယူနန်ပြည်နယ်တွင် လောင်စာပြတ်တောက်မှု ပုံမှန် ကြုံတွေ့နေရခြင်းကြောင့် ဖြစ်သည်။
CNPC နှင့် တရုတ်နိုင်ငံမှ အစိုးရပိုင် အခြား ကုမ္ပဏီများကလည်း ယူနန်ပြည်နယ်နှင့် ကျန်ဒေသ များကို ပိုက်လိုင်းများသွယ်တန်းရန် စီစဉ်နေသည်။ သို့သော်လည်း အဆိုပါ စီမံကိန်းများအတွက် ကျောက်ဖြူမှ ရေနံများ ရောက်ရှိလာရေးက မသေ မချာ ဖြစ်နေသည်။
“တရုတ်နိုင်ငံက ရေနံချက်စက်ရုံတွေ ဆက်ပြီးတည်ဆောက်မယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။ နောက်နှစ်အနည်းငယ်အတွင်းမှာတော့ အရှိန်ကျ ဆင်းလာဖွယ် ရှိပါတယ်။ လုပ်ငန်းအသစ်တွေဟာ ရန်ပုံငွေရရှိဖို့အတွက် တခြားစီမံကိန်းတွေနဲ့ ယှဉ် ပြိုင်ကြရပါတော့မယ်။ ဆိုလိုချင်တာကတော့ ရေနံ ချက်လုပ်ငန်း စီးပွားရေးမှာ စရိတ်ကြီးတဲ့စက်ရုံတွေ တည်ဆောက်ရေးနဲ့ လုပ်ငန်းလည်ပတ်ရေးကို ပိုပြီး မျှတအောင်လုပ်ဖို့ လိုအပ်လာပါလိမ့်မယ်” ဟု ဟောင်ကောင်မှ South China Morning Post သတင်းစာက ရေးသားခဲ့သည်။