ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ငွေဆောင် ကမ်းခြေ၌ နိုင်ငံခြားသား ခရီးသွား တဦးအား မတ်လ ၁၀ ရက်က လုယက်မှု ဖြစ်ပွားပြီး နောက် ပြည်ထဲ ရေး ဝန်ကြီးဌာနက ခရီးသွား လုပ်ငန်းဆိုင်ရာ ရဲတပ်ဖွဲ့ (Tourism Police) စခန်းများကို ငွေဆောင်နှင့်ချောင်းသာ ကမ်းခြေတို့တွင် ဖွင့်လှစ် လိုက်ကြောင်း သိရှိရသည်။
ငွေဆောင် ကမ်းခြေသို့ လာရောက် လည်ပတ်သည့် ပိုလန်နိုင်ငံသူ Ms.Katarzyna Joanna အား မတ်လ ၁၀ ရက် ညပိုင်းက မြန်မာနိုင်ငံသား ၂ ဦးက ထိုးကြိတ် လုယက်မှု ဖြစ်ပွားပြီးနောက် တပတ်ခန့်အကြာတွင် ခရီးသွား လုပ်ငန်းဆိုင်ရာ ရဲစခန်းများ ဖွင့် လှစ်ခဲ့ခြင်း ဖြစ်ကြောင်း ငွေဆောင် ရဲစခန်းမှ ဒုရဲအုပ် မင်းထက်သူက ဧရာဝတီကို ပြောသည်။
“လုယက်မှု ဖြစ်ပြီးနောက်ပိုင်း Tourism Police တွေ ချထားပါတယ်၊ အခင်းဖြစ်ပွားပြီးတော့ နောင် မဖြစ်အောင် ကြိုတင်ကာကွယ် တာပါ၊ အမြဲတမ်း စခန်းအဖြစ် ထားရှိတာပါ၊ ချောင်းသာမှာလည်း ဖွင့်ထားတယ်လို့ သိရပါတယ်”ဟု ၎င်းက ပြောပြသည်။
ငွေဆောင်ရှိ ခရီးသွား လုပ်ငန်းဆိုင်ရာ ရဲတပ်ဖွဲ့တွင် ရဲအုပ် တဦးနှင့် အခြားအဆင့် ရဲဝန်ထမ်း ၃ ဦး တာဝန် ထမ်းဆောင်နေပြီး ငွေဆောင် ရဲစခန်း၏ အုပ်ချုပ်မှု လက်အောက်တွင် ထည့်သွင်းထားသည်ဟုလည်း ဆိုသည်။
ထိုးကြိတ် လုယက်မှု ဖြစ်စဉ်မှာ ပိုလန်နိုင်ငံသူ Ms.Katarzyna Joanna သည် မတ်လ ၁၀ ရက် ည ၉ နာရီခန့်က ၎င်းတည်းခိုသည့် ပုလဲငွေဆောင် ဟိုတယ်သို့ ကမ်းခြေအတိုင်း လမ်းလျှောက် ပြန်လာစဉ် Silver Coast ဟိုတယ် အနီး၌ အမျိုးသား ၂ ဦး အနောက် မှ လိုက်လာပြီး မျက်နှာကို လက်သီးဖြင့် ထိုး၍ လက်စွဲအိတ် အပြာရောင်အား လုယူမှု ဖြစ်ပွားခဲ့သည်။
လုယူခံခဲ့ရသည့် ပစ္စည်းများ အနက် Ipad ကွန်ပျူတာအား မင်းချစ်ကို ဆိုသူက မတ်လ ၂၀ ရက်တွင် ငွေဆောင်မြို့ အမှတ် ၂ ရပ် ကွက်၊ ၁ လမ်းရှိ သုတ မိုဘိုင်းဖုန်းဆိုင်၌ လာရောက် ရောင်းချခဲ့ရာ ဆိုင်ရှင် ကိုဝင်းထွဋ်အောင်မှ မသင်္ကာသဖြင့် ရဲစခန်းသို့ ဖုန်း ဆက် အကြောင်းကြားခဲ့ရာမှ ရဲများက Ms Joanna အား လုယက်ခဲ့ကြသည့် မင်းချစ်ကို အပါအဝင် တရားခံများကို ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ငွေဆောင်ကို ရောက်လာတဲ့ တိုးရစ်တွေကို သူတို့(Tourism Police) က Record ယူထားတယ်၊ ဘယ်ဟိုတယ်မှာ ဘယ်နိုင်ငံ သား တွေ ရှိနေတယ်၊ အရေအတွက် ဘယ်လောက်ဆိုတဲ့ အချက်အလက်တွေ ရယူထားတာပေါ့၊ တိုးရစ်တွေ အနေနဲ့ အခက်အခဲ ဖြစ်လာတဲ့ အခါ သူတို့နဲ့ ကျနော်တို့ နယ်မြေခံ ရဲတပ်ဖွဲ့ ပူးပေါင်း ကူညီ်ကြမှာ”ဟု ဒုရဲအုပ် မင်းထက်သူက ပြောသည်။
ငွေဆောင် ရဲစခန်းက ကမ်းခြေသို့ လာရောက်လည်ပတ်သည့် ခရီးသွား မြန်မာနိုင်ငံသားများကို ကူညီနေသော်လည်း နိုင်ငံခြားသား များကို ကူညီရန် ဘာသာစကား အခက်အခဲ ဖြစ်နေသဖြင့် ယခုကဲ့သို့ Tourism Police များ ချထားပေးခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။
ခရီးသွားလုပ်ငန်းဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ ချထားပြီးနောက် ငွေဆောင် ကမ်းခြေတလျှောက်တွင် လုံခြုံရေး ကင်းလှည့်ခြင်းများ တွေ့ရပြီး ညပိုင်းအချိန် ကမ်းခြေ တလျှောက် ဗျောက်အိုး ရောင်းချခြင်းများကိုပါ ပိတ်ပင်ခဲ့ကြောင်း ငွေဆောင် ကမ်းခြေရှိ ရေဝတီ တည်းခိုခန်း ပိုင်ရှင် ဦးဆန်းရွှေက ပြောသည်။
“သူတို့ ဆိုင်ကယ်တွေနဲ့ ကင်းလှည့်တာ တွေ့တယ်၊ သူတို့က Tourism Police ဆိုတော့ ခရီးသွားတွေရဲ့ ဘ၀ လုံခြုံမှု အတွက် ပိုကောင်းတာပေါ့၊ ကမ်းခြေ စည်းကမ်းပိုင်းလည်း ပိုကောင်းသွားတယ်၊ အရင်ကတော့ ညဘက်တွေမှာ ဟိုတယ်နားတွေကပ်ပြီး ဗျောက်အိုး ရောင်းတာတွေ ရှိတယ်၊ အခုတော့ အဲဒီ ရဲတွေက ပိတ်ပစ်လိုက်ပြီ၊ လုယက်မှု ဖြစ်တာက ညဘက် အချိန်မတော် သွားရာ ကနေ ဗျောက်အိုး ရောင်းနေတဲ့ ကောင်တွေက လုပ်လိုက်တာပေါ့”ဟု ၎င်းက ပြောသည်။
ပိုလန်နိုင်ငံသူ Ms Joanna ကို လုယက်ခဲ့သူများမှာ ဆံရှည်(ခေါ်) မြင့်လွင်နှင့် ဖိုးအောင်တို့ဖြစ်ပြီး ၎င်းတို့သည် ငွေဆောင် ကမ်းခြေ ၌ ဗျောက်အိုး ရောင်းချသူများ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
လက်ရှိတွင် ၎င်းတို့ ၂ ဦးအား ပုသိမ်ထောင် သို့ ပို့ဆောင် ချုပ်နှောင်ထားပြီး ပုသိမ်မြို့နယ် တရားရုံးသို့ ပို့၍ တရားစွဲဆိုနိုင်ရန် စီစဉ် နေကြောင်း ငွေဆောင် ရဲတပ်ဖွဲ့က ပြောသည်။