မလေးရှားကုမ္ပဏီများက မြန်မာနိုင်ငံသို့ လာရောက်လုပ်ကိုင်သည့် စီးပွားရေး လုပ်ငန်းများ၏ တန်ဖိုးသည် ၂၀၁၄ ခုနှစ် ဇန်နဝါရီလကုန်အထိ အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံရှိသဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွင် မလေးရှား နိုင်ငံက အဆင့် ၇ တွင် ရှိနေခဲ့သည်။
မြန်မာအစိုးရက ကားလမ်းများ၊ ရထားလမ်းများ အစရှိသည့် အခြေခံအဆောက်အဦးများကို အဆင့်မြှင့်တင်ရန် စီမံကိန်း များကို ဆွဲဆောင်နေသည့် အပြင် တိုးတက်လာသည့် မြို့ပြလူဦးရေအတွက် အိမ်များလည်း ပိုမိုဆောက်လုပ်ရန် ရှိနေ ချိန်တွင် မလေးရှား ဆောက်လုပ်ရေးကုမ္ပဏီများကလည်း အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်တန်ဖိုး ရှိမည့် စီမံကိန်း များကို စိတ်ဝင်စားကြောင်း ပြသခဲ့ကြသဖြင့် မြန်မာနိုင်ငံတွင် မလေးရှားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အနည်းငယ် ထပ်တိုးလာ ဖွယ် ရှိသည်။
“၂၀၁၁ ခုနှစ်က မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ စတက်တဲ့ အချိန်ကစလို့ မလေးရှား ကုမ္ပဏီတွေက မြန်မာနိုင်ငံ ကို အလွန်စိတ်ဝင်စားခဲ့ကြတာကို ကုန်သွယ်ရေး ဆိုင်ရာ ကိန်းဂဏန်းတွေကို ကြည့်ရင်သိနိုင်ပါတယ်” ဟု မလေးရှား နိုင်ငံပိုင် ကုန်သွယ်ရေး အဖွဲ့အစည်းတခုဖြစ်သည့် Malaysia External Trade Development Corporation (Matrade) ၏ လက်ထောက်ကော်မရှင်နာ Sadat Foster ကပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်၏ ပထမ ၁၁ လ အတွင်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၃.၆ သန်းရှိခဲ့ရာ ယမန်နှစ်ကထက် ၂ ဆ တိုးလာခြင်းဖြစ်သည်။ လတ်တလောထုတ်ပြန်ခဲ့သည့် The Organization for Economic Co-operation and Development အဖွဲ့၏ ရင်းနှီးမြှုပ်နှံမှု မူဝါဒ လေ့လာသုံးသပ်ချက်၌ “မြန်မာနိုင်တွင် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံသူများ ကိုဆွဲဆောင်နိုင်သည့် သဘာဝအရင်းအမြစ်ကြွယ်ဝခြင်း၊ လူငယ် အရေအတွက်များပြားခြင်း၊ ယဉ် ကျေးမှု အမွေအနှစ်များရှိခြင်း နှင့် ဗျူဟာမြောက်သည့် နေရာတွင်တည်ရှိခြင်းစသည့် အားသားချက် အမြောက်အများရှိနေ သည်” ဟုဖော်ပြထားသည်။
မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်သည့် လူသိများသော မလေးရှား ကုမ္ပဏီ များထဲတွင် Marrybrown စားသောက်ဆိုင် လုပ်ငန်းများ နှင့် Petronas ကုမ္ပဏီတို့ပါဝင်သည်။ မြန်မာ့ကမ်းလွန်ပင်လယ်ပြင်မှ ရဲတံခွန် ဓာတ်ငွေ့တွင်းကို ဖက်စပ် လုပ်ကိုင်နေသော Petronas ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီကို မလေးရှား အစိုးရက ပိုင်ဆိုင်ပြီး မလေးရှားနိုင်ငံ ဘတ်ဂျက်၏ ၃ပုံ ၁ပုံ ကိုရှာဖွေပေးနေသော ကမ္ဘာ့အဆင့် ကုမ္ပဏီလည်းဖြစ်သည်။
မလေးရှားနိုင်ငံသည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ရန် အစိုးရ၏ ဦးဆောင်တိုက်တွန်းမှုဖြင့် ကြိုးစားလာသည့် ပထမ ဆုံး နိုင်ငံမဟုတ်ပါ။ ဂျပန်နိုင်ငံကလည်း ဘီလီယံနှင့် ချီသော မြန်မာ့ကြွေးမြီများကို လျှော်ပေးခြင်း၊ အဆင့် မြင့် စီးပွားရေး ကိုယ်စားလှယ် အဖွဲ့များ စေလွှတ်ခြင်းနှင့် ရန်ကုန်မြို့အနီးရှိ သီလဝါ အထူးစီးပွားရေးဇုန်ကို ကျောထောက် နောက်ခံပေး ခြင်း အစရှိသည့် အားထုတ်မှုများပြုလုပ်ပြီး အလားအလာကောင်းသည့် မြန်မာ့စီးပွားရေးတွင် ပါဝင်နိုင်ရန် ၂၀၁၂ ခုနှစ် ကထဲက စတင်ကြိုးစားခဲ့သည်။
သို့သော်လည်း ယခုအချိန်၌ ရင်းနှီးမြှုပ်နှံမှုတွင် မလေးရှားနိုင်ငံက ဂျပန်ထက် အဆင့်အတန်းမြင့်နေသည်။ ထို့ပြင် မလေးရှား အစိုးရက မလေးရှားကုမ္ပဏီများကို မြန်မာကုမ္ပဏီများ နှင့်ပူးပေါင်း၍ လမ်းဖောက်လုပ်ရန် သို့မဟုတ် အဆင့်မြှင့်ပြုပြင် ရန် နှင့် ဟိုတယ်သစ်များ၊ ဈေးဝယ်စန်တာ အသစ်များ ဆောက်လုပ်ရန် တိုက်တွန်းခဲ့သည်။ မလေးရှား အစိုးရက ကျော ထောက်နောက်ခံ ပေးထားသည့် ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့ကလည်း ရန်ကုန်မြို့မှ လူသိများသည့် ဆောက်လုပ် ရေး လုပ်ငန်းရှင်ကြီးများ နှင့် ယခင်အပတ်အတွင်းက တွေ့ဆုံခဲ့သည်။
ပြီးခဲ့သော နှစ်များအတွင်း မလေးရှား ကုမ္ပဏီများမှ ဆောက်လုပ်ခဲ့သော သို့မဟုတ် ကျောထောက်နောက်ခံ ပေးထား သည့် နိုင်ငံခြား ကုမ္ပဏီများက ဆောက်လုပ်ခဲ့သော တည်ဆောက်ရေးများမှာ ကမ္ဘောဒီးယားနိုင်ငံမှ Siem Reap လေဆိပ်၊ အာရပ်စော်ဘွားများပြည်ထောင်စုနှင့် ဘာရိန်းရှိ ဖော်မြူလာဝမ်း ပြိုင်ကားလမ်းများ နှင့် လက်ရှိတည်ဆောက်နေသည့် ဒူဘိုင်းရှိ ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦး Burj Khalifa တို့ဖြစ်သည်။ အဆိုပါ စီမံကိန်းများသည် ယခင်အပတ်က ရန်ကုန် မြို့တွင်ပြုလုပ်ခဲ့သည့် မလေးရှားနိုင်ငံ၏ ဦးဆောင်ပြုလုပ်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကွန်ဖရင့် တွင် အပြောများခဲ့သည့် အမည်များ ဖြစ်သည်။ တက်ရောက်သူများထဲတွင် မလေးရှား ဆောက်လုပ်ရေး ကုမ္ပဏီ ၉ ခုလည်းတက်ရောက်ခဲ့သည်။
မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်လည်း ကွန်ဖရင့်သို့ တက်ရောက် မိန့်ခွန်း ပြောကြားခဲ့သည်။ ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်တွင် ပြုလုပ်သည့် အဆိုပါ အခန်းအနားတွင် မိန့်ခွန်း ပြောပြီး နောက် ဒုတိယဝန်ကြီး နှင့် မိနစ်အနည်းငယ်မျှ တွေ့ဆုံခွင့်ရရှိရေးအတွက် အပြင်ဖက် အခန်းငယ်လေးတခုထဲတွင် ကိုယ် စားလှယ်များ တန်းစီ စောင့်ဆိုင်းနေခဲ့ကြရသည်။
“ခုချိန်မှာ မြန်မာနိုင်ငံက နိုင်ငံခြားအကူအညီ၊ ချေးငွေနဲ့ ပြည်တွင်းနဲ့ ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေကို ဘဏ္ဍာရေး အရင်း အမြစ် အဖြစ် အားထားနေပါတယ်။” ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက မတ်လ ၁၈ ရက်နေ့က ပြုလုပ် ခဲ့သည့် ကွန်ဖရင့်တွင် စစ်အစိုးရခေတ်နောက်ပိုင်းတွင် အခြေခံ အဆောက်အဦးများ ပြန်လည်ပြင်ဆင် အဆင့်မြှင့်နိုင်ရေး အတွက် မြန်မာနိုင်ငံက ဆောင်ရွက်ရန်မည်သို့ ရည်ရွယ်ထားကြောင်း ပြောသည်။ စစ်အစိုးရလက်ထက်က ပုံမှန် အားဖြင့် ထိုလုပ်ငန်း များကို အစိုးရနှင့် နီးကပ်သည့် လုပ်ငန်းရှင်များသာ လုပ်ကိုင်ခဲ့ကြသည်။
အလှူရှင်နိုင်ငံများနှင့် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ် စသည့် အဖွဲ့အစည်းများက မြန်မာနိုင်ငံ၏ ကားလမ်းများနှင့် မီးရထားလမ်းများ ပြင်ဆင်မွမ်းမံရန် ချေးငွေများနှင့် အခြားထောက်ပံ့မှုများ ထုတ်ပေးနေပြီဖြစ်၍ ရင်းနှီးမြှုပ်နှံသူများနှင့် ၎င်း တို့၏ စီးပွားဖက်များသည် မိမိတို့၏ စီမံကိန်းများ စတင်နိုင်ရေး အတွက်စိုးရိမ်ပူပန်ရမှုများ ကိုဖြေဖျောက်နိုင်ကြတော့မည် ဖြစ်သည်။ မန္တလေးမြို့နှင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ဆက်သွယ်ထားသည့် ရထားလမ်းကို အဆင့်မြှင့်နိုင်ရေး သည် တောင်ကိုရီးယား နိုင်ငံမှ Exim ဘဏ်၏ ဘဏ္ဍာရေးခွင့်ပြုချက်ကိုစောင့်ဆိုင်းနေသည်။ မလေးရှားရင်းနှီးမြှုပ်နှံမှု ကွန်ဖရင့် တွင် ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများကို မေးကြည့်သည့်အခါ ဘဏ္ဍာငွေတောင်းခံမှု အခြေအနေကို ထုတ် ဖော်ဆွေးနွေးလိုသည့် ဆန္ဒမရှိသည်ကို တွေ့ရသည်။
“အဲဒါက နည်းနည်းတော့ အနှောက် အယှက်တခုလို ဖြစ်နေပြီး ကိစ္စတွေကို နှေးကွေးသွားစေပါတယ်။ ဒါပေမယ့် ပိုက်ဆံ ရဖို့ ပိုပြီးတော့လည်း သေချာစေပါတယ်” ဟု စီမံကိန်းများအတွက် ပြင်ပမှ ဘဏ္ဍာရေး အရင်းအမြစ် ရရှိနိုင်ရန် တခါတရံ အချိန်ယူရကြောင်း Malaysia External Trade Development Corporation (Matrade) ၏ လက်ထောက်ကော်မရှင်နာ Sadat Foster ကပြောသည်။
အလားအလာနှင့် မသေချာမှုတို့ ရောထွေးနေခြင်းက မြန်မာနိုင်ငံနှင့် ပတ်သက်သော ကုမ္ပဏီများ၏ အမြင်ကို ဖော်ပြ နေသည်။ မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ် ရင်းနှီးမြှုပ်နှံမှု ဥပဒေ နှင့် ၎င်းနှင့် သက်ဆိုင်သော ဥပဒေများကို ယခုနှစ် အစော ပိုင်းတွင် ပြန်လည်စိစစ်တည်းဖြတ်ရန်လည်း ရှိနေသည်။
ပဲခူးတိုင်း အတွင်းရှိ ဟံသာဝတီလေဆိပ်တည်ဆောက်ရေးတွင် ဆန်ခါတင်စာရင်းဝင် ကုမ္ပဏီတခု ဖြစ်သည့် Muhibbah Engineering ၏ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ Jason Kon က “မြန်မာနိုင်ငံမှာ အခွင့်အလမ်းတွေ အမြောက်အများရှိပါ တယ်။ အထူးသဖြင့် အထပ်မြင့် အဆောက်အဦးတွေနဲ့ အခြေခံ အဆောက် အဦးတွေပါ။ ဒါပေမယ့် စီမံကိန်းတွေကို အရှိန် မြှင့်ဖို့ အတွက် ငွေကြေးမရှိဘူးဖြစ်နေတယ်။ စီမံကိန်း အများစုက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အပေါ်မှာ မှီခိုနေရတယ်။” ဟု ဆို သည်။
Muhibbah ကုမ္ပဏီသည် လက်ရှိအချိန်တွင် မူလက တောင်ကိုရီးယားမှ Incheon ကုမ္ပဏီသို့ ချထားပေးခဲ့သော တနှစ် လျှင် ခရီး သည် ၁၂ သန်း ဝန်ဆောင်ပေးနိုင်မည့် ဟံသာဝတီလေဆိပ်အတွက် တင်ဒါပြန်လည်ခေါ်ယူရာတွင် လျှောက်လွှာ တင်သွင်း ရန် အတွက် စဉ်းစားသုံးသပ်လျှက်ရှိသည်။