ပြည်တွင်းသို့ ဝင်ရောက်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် စင်္ကာပူနိုင်ငံက ၂ နှစ် ဆက်တိုက် အများဆုံး ပမာဏဖြင့် ရပ်တည်လျက် ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်ကုန် အထိ ရင်းနှီးမြှုပ်နှံမှု ပမာဏများကို စာရင်းမချုပ်ရသေးသော်လည်း ၂၀၁၃ ဧပြီမှ ၂၀၁၄ ဖေဖော်ဝါရီ လကုန်အထိ စာရင်းများအရ စင်္ကာပူနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၅၃၉.၀၀ သန်းရှိပြီး အများဆုံးမြှုပ်နှံသည့် နိုင်ငံဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ဒု ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမြင့်က ပြောသည်။
“ဒီဘဏ္ဍာနှစ်မှာ ဖေဖော်ဝါရီကုန်အထိ ချုပ်ထားပြီးစာရင်းတွေအရ စကာၤပူက အများဆုံးပါပဲ၊ ပြီးခဲ့တဲ့နှစ်ကလည်း သူပဲ အများဆုံး စီးဝင်ခဲ့တာပါ”ဟု ၎င်းက ပြောပြသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း စင်္ကာပူနိုင်ငံက ဝင်သည့် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ ၄၁၈.၂၃၃ သန်းဖြစ်ရာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁၅၃၉.၀၀ သန်းဖြစ်သည့်အတွက် သုံးဆခန့် ပိုမို မြှုပ်နှံလာသည်ကို တွေ့ရသည်။
နိုင်ငံတကာ စီးပွားရေး လုပ်ငန်းများအနေဖြင့် စကာၤပူနိုင်ငံတွင် ရုံးခွဲများ ဖွင့်လှစ် ထားရှိကြရာ ထိုမှတဆင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များ ဝင်ရောက်မှုမျိုးလည်း ဖြစ်နိုင်ကြောင်း ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) ဥက္ကဌ ဒေါက်တာ မောင်မောင်လေး က ပြောသည်။
“အများအားဖြင့် ဖြစ်နေတာက ဒေသအတွက် ရုံးခွဲ ကနေ ကိုင်တာများပါတယ်၊ Regional office (ဒေသတွင်း ရုံးခွဲ)တွေက စင်္ကာပူမှာဆိုတော့ တခါတလေ စကာၤပူဆိုပြီး ရင်းနှီးမြှုပ်နှံမှု က နိုင်ငံထဲကို ဝင်သွားတာပေါ့၊ ဒီလိုတွေ ရှိနိုင်ပါတယ်”ဟု ၎င်းက ပြောပြ သည်။
မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် ဂျပန်၊ ဥရောပ သမဂ္ဂ(EU) နိုင်ငံများနှင့် အမေရိကန် နိုင်ငံတို့က လာမည့် ဘဏ္ဍာနှစ်များတွင် ပိုမို ဝင်ရောက်လာရန် ရှိနေကြောင်းလည်း ဒေါက်တာ မောင်မောင်လေး က ပြောသည်
“နောက်နှစ် ဆို ဂျပန် နဲ့ EU ပေါ့၊ နောက်တော့ အမေရိကန်လည်း ရှိမယ်၊ ဂျပန်က ထပ်ဝင်လာဖို့တွေလည်း ရှိနေပါတယ်၊ ဘယ်သူ ပိုများမလဲ ဆိုတာတော့ ပြောဖို့ခက်တယ်”ဟု ၎င်းက ဆိုသည်။
လက်ရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် စကာၤပူနိုင်ငံပြီးပါက ဒုတိယ လိုက်နေသည့် နိုင်ငံမှာ မလေးရှား နိုင်ငံဖြစ်ပြီး အမေရိကန် ဒေါ်လာ ၅၉၄.၅၇၆ သန်း ဝင်ရောက် ရင်းနှီးမြှုပ်နှံထားကြောင်း ဒေါ်စန်းစန်းမြင့်က ပြောသည်။
ကဏ္ဍအလိုက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရာတွင် ယခု ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် အများဆုံး ဝင်သည့်ကဏ္ဍမှာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများတွင် ဖြစ်ကြောင်းနှင့် ဆက်သွယ်ရေး ဝန်ဆောင်မှု ကဏ္ဍမှာ ဒုတိယအများဆုံး ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ချုပ်ထားပြီးစာရင်းများအရ ကုန်ထုတ်လုပ်မှု လုပ်ငန်းများကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၅၇၄.၈၇၇ သန်း ဝင်ရောက်ပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၄၀၀.၇၁၆ သန်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။
၁၉၈၈ ခုနှစ် နောက်ပိုင်းမှ ယခုအချိန်အထိ မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဒေါ်လာ ၄၅ ဘီလီ ယံ ကျော် ရှိနေပြီး စွမ်းအင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတို့တွင် အများဆုံး အချိုးအစား ပါဝင်နေသည်ကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန က ထုတ်ပြန်သည့် အချက်အလက်များ၌ ဖော်ပြထားသည်။
၁၉၈၈ နောက်ပိုင်းမှ ယနေ့အထိ ဝင်ရောက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အားလုံးတွင် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ကဏ္ဍသည် စုစုပေါင်း ၏ ၈.၁၉ ရာခိုင်နှုန်းဖြင့် တတိယ နေရာတွင် ရပ်တည်လျက် ရှိသည်။