မြန်မာ့ ပင်လယ်ပြင်တွင် ငါးသယံဇာတဆုံးရှုံးမှုကို ကာကွယ်ရန် နိုင်ငံခြား သင်္ဘောများ ငါးဖမ်းခြင်းကို ဧပြီလမှစတင်၍ တရားဝင် တားမြစ်လိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် (MFF) တာဝန်ရှိသူ တဦးက ပြောသည်။
“ကျနော်တို့ရေပြင်က ငါးတွေနဲ့ ပင်လယ်အရင်းအမြစ်တွေ လျော့နည်းကျဆင်းနေပါတယ်၊ ဒါကြောင့် ကျနော်တို့ ရေပြင်မှာ နိုင်ငံခြား ငါးဖမ်းလှေတွေကို တားမြစ်လိုက်တာ ဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံ ငါး လုပ်ငန်း အဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ဦးလှထွန်း က ဧရာဝတီသို့ ပြောသည်။
မြန်မာ ငါးဖမ်းကုမ္ပဏီများသည် ငါးမျိုးပွား ရာသီချိန်ဖြစ်သည့် ဧပြီလနှင့် မေလအတွင်း ငါးဖမ်းခြင်းကို ၃၅ ရာခိုင်နှုန်း လျှော့ချထားကြောင်း၊ ၁၉၈၉ ခုနှစ်မှစ၍ နိုင်ငံခြား ငါးဖမ်းသင်္ဘောများ ပါမစ်ဖြင့် မြန်မာ့ ပင်လယ်ပြင်တွင် ငါးဖမ်းခွင့်ပြုခဲ့ကြောင်း၊ ၂၀၁၃-၁၄ ဘဏ္ဍာ ရေးနှစ် အတွင်း မြန်မာ့ပင်လယ်ပြင်တွင် တရားဝင်ပါမစ်ဖြင့် ငါးဖမ်း လုပ်ငန်း လုပ်ကိုင်နေခဲ့သော နိုင်ငံခြား ငါးဖမ်းလှေ ၄၀ ခန့် ရှိကြောင်း၊ ပြည်တွင်း ငါးလုပ်ငန်းရှင်များက နိုင်ငံခြား သင်္ဘောများ ငါးဖမ်းမှု ပိတ်ပင်ရန် အစိုးရကို တိုက်တွန်းခဲ့သည်မှာ ၁၀ နှစ်နီးပါး ကြာမြင့်လာပြီ ဖြစ်သော်လည်း ယခုအချိန်မှ အစိုးရက ပိတ်ပင်ခြင်း ဖြစ်ကြောင်း MFF ထုတ်ပြန်ချက် ၌ ပါရှိသည်။
ယမန်နှစ်က နိုင်ငံခြား ငါးဖမ်း သင်္ဘောများ အတွက် ငါးဖမ်းခွင့်ပါမစ် ရောင်းချခြင်းမှ အမေရိကန် ဒေါ်လာ ၁၂ သန်းခန့် အစိုးရက ရရှိခဲ့ ကြောင်း၊ သို့ရာတွင် နိုင်ငံခြား ငါးဖမ်းသင်္ဘောများ၏ အမှန်တကယ် ငါးဖမ်းနေမှု ပမာဏ အတိုင်းအတာကို မည်သူမျှ မသိ နိုင် ကြောင်း MFF ဥက္ကဋ္ဌ ဦးမောင်မောင်စိုးက ဆိုသည်။
“ကျနော်တို့ ရေပြင်မှာငါးဖမ်းနေတဲ့ နိုင်ငံခြား ငါးဖမ်းသင်္ဘောတွေ ဘယ်လောက်ရှိသလဲဆိုတာကို ဘယ်သူမှ မသိဘူး၊ သူတို့ ဘယ် လောက် ဖမ်းပြီးတော့ ပင်လယ် သယံဇာတတွေ ဘယ်လောက်အထိ ပျက်စီးနေပြီလဲ ဆိုတာကိုလည်း မသိဘူး၊ အစိုးရတောင်မှ မသိ ပါဘူး”ဟု ဦးမောင်မောင်စိုးက ရှင်းပြသည်။
ဧရာဝတီတိုင်း ငါးလုပ်ငန်း အဖွဲ့ချုပ်၊ လပွတ္တာ ခရိုင် အတွင်းရေးမှူး ဦးဇော်တင်မိုးကလည်း နိုင်ငံခြား ငါးဖမ်းသင်္ဘောများ တားမြစ် လိုက်ခြင်း ကို ကြိုဆိုကြောင်း၊ နိုင်ငံခြား ငါးဖမ်းသင်္ဘောများက တနိုင်တပိုင်သာ လုပ်ကိုင်နိုင်သည့် ပြည်တွင်း ငါးဖမ်းသူများထက် အဆ ၁၀ဝ ခန့်ပိုမို ဖမ်းယူနိုင်ကြောင်း ပြောပြသည်။
“ပြည်တွင်း ငါးဖမ်းသူတွေအတွက် တကယ်ကို သက်သာရာ ရစေပါတယ်၊ နိုင်ငံခြား ငါးဖမ်းလှေတွေ က စီးပွားဖြစ် အကြီးအကျယ် ဖမ်းနေတဲ့ အချိန်မှာ ပြည်တွင်း ငါးဖမ်းသူတွေက ရိုးရာနည်းလမ်းဟောင်းတွေပဲ အသုံးပြုနေကြတယ်”ဟု ဦးဇော်တင်မိုး က ဆို သည်။
နိုင်ငံခြား ငါးဖမ်း သင်္ဘောများကဲ့သို့ပင် ပြည်တွင်း ကုမ္ပဏီကြီးများ၏ ငါးဖမ်း လုပ်ငန်းများက အငယ်စားနှင့် တပိုင်တနိုင် ငါးဖမ်း လုပ်ငန်းများ အတွက် ခြိမ်းခြောက်မှုတခု ဖြစ်နေကြောင်း ဧရာဝတီ တိုင်းမှ ငါးဖမ်း လုပ်ငန်းသမား ဦးကြည်ငွေက ပြောသည်။
“ဒီလို တားမြစ်လိုက်တာက ကျနော်တို့အတွက်တော့ သက်ရောက်မှုမရှိပါဘူး၊ နိုင်ငံခြား ငါးဖမ်းသင်္ဘောတွေ မရှိတော့ရင်တောင်မှ ပြည်တွင်း ကုမ္ပဏီတွေက ငါးဖမ်းသင်္ဘောကြီးတွေ ရှိနေသေးတယ်၊ ဒါကို အပြည့်အဝ အကောင်အထည် ဖော်နိုင်မယ်လို့ ကျနော် မထင်ဘူး”ဟု သူကဆိုသည်။
လတ်တလော ငါးအမြောက်အမြား ဖမ်းယူနိုင်သော ခေတ်မီ ငါးဖမ်းနည်းများ ထွန်းကားလာပြီး ယင်းခေတ်မီ နည်းပညာများအသုံးပြု၍ ငါးဖမ်းယူမှု များပြား လာသည့်အတွက် မြန်မာ့ကမ်းလွန် ပင်လယ်ပြင်တွင် ငါးအရေအတွက် ပမာဏ တနှစ်ထက် တနှစ် သိ သာ စွာ ကျဆင်းလာကြောင်း ပြည်တွင်း ငါးလုပ်ငန်းရှင်တချို့ က ပြောဆိုသည်။