သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် လက်ထက် ကရင်ပြည်နယ်တွင် အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး အတွက် ကရင် လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရ အကြား ညှိနှိုင်းဆွေးနွေးမှုများ ဖြစ်ထွန်းမှုကြောင့် သေနတ်သံ တိတ်ဆိတ်သွားခဲ့ရာ နောက်ဆက်တွဲ မြန်မာနှင့် ထိုင်းနိုင်ငံတို့ အကြား နယ်စပ် ကုန်သွယ်ရေး တဖြည်းဖြည်း တိုးတက်လာသည်။
ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်းက ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပမာဏ တိုးတက်လာနေပြီး နယ်စပ် ဆက်သွယ်ရေး လမ်းကြောင်းများ ကောင်းမွန်လာသည်နှင့် အမျှ ကုန်စည်စီးဆင်းမှု တိုးလာမည် ဖြစ်ကြောင်း ပြောဆိုသည်။
“မြဝတီကနေ တဆင့် ကုန်သွယ်မှု ပမာဏက နှစ်စဉ် တိုးတက်နေခဲ့ပါတယ်၊ ထိုင်းနိုင်ငံက လတ်တလော နိုင်ငံရေး အခြေအနေ တွေရဲ့ သက်ရောက်မှုကလည်း အနည်းငယ်ပဲ ရှိခဲ့ပါတယ်၊ ကရင်ပြည်နယ် ကော့ကရိတ်နဲ့ မြဝတီကို ဖြတ်သန်းပြီး တခြား အာရှလမ်းတွေနဲ့ ကျနော်တို့ကို ချိတ်ဆက်ပေးမယ့် အာရှလမ်းမကြီး ဖောက်လုပ်ပြီးသွားရင် ကုန်သွယ်မှု ပိုပြီး တိုးတက်လာ ပါလိမ့်မယ်၊ အာရှလမ်းမကြီး နောက်နှစ်ထဲမှာ ပြီးပါမယ်၊ ကုန်စည် စီးဆင်းမှုလည်း တိုးလာပါမယ်”ဟု ဦးဇော်မင်းက ပြောသည်။
၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေး ၉ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း မြန်မာ-ထိုင်း နယ်စပ် မြဝတီမြို့ အခြေစိုက် Asean Economic Community Forum မှ တာဝန်ရှိသူ တဦးကလည်း ပြောသည်။
ကရင်ပြည်နယ် မြဝတီမြို့ နယ်စပ် ကုန်သွယ်ရေး ဇုန်သည် ထိုင်းနှင့် မြန်မာ နယ်စပ်ကုန်သွယ်ရေး အတွက် အရေးပါဆုံးနှင့် အကြီး ဆုံးသော နယ်စပ်ကုန်သွယ်ရေး ဇုန်ဖြစ်ပြီး မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေး စခန်း ၅ ခုတွင် မြဝတီနယ်စပ်မှ ကုန်သွယ်မှုက အများဆုံး ဖြစ်သည်။ သို့သော်လည်း မြန်မာ-ထိုင်း တရားဝင် နယ်စပ် ကုန်သွယ်ရေး သည် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးနှင့် နှိုင်း ယှဉ်လျှင် နည်းပါးသည်။
မြန်မာနိုင်ငံတွင် နယ်စပ်ကုန်သွယ်ရေး စခန်း ၁၄ ခု ရှိပြီး မြန်မာ-တရုတ် နယ်စပ်တွင် တည်ရှိသည့် မူဆယ် ၁၀၅ မိုင် နယ်စပ် ကုန်သွယ်ရေး စခန်းသည် ကုန်သွယ်မှု ပမာဏ အကြီးမားဆုံး ဖြစ်သည်။ မူဆယ် နယ်စပ်ကုန်သွယ်ရေး စခန်းမှ တဆင့် မြန်မာ-တရုတ် ကုန်သွယ်မှုသည် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတဝန်း နယ်စပ်ကုန်သွယ်မှု၏ ၈၃ ရာခိုင်နှုန်း ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ရရှိသော သတင်းအချက် အလက်များ အရ သိရှိရသည်။
မူဆယ်မှ တဆင့် မြန်မာနိုင်ငံအတွင်းသို့ တရုတ် နိုင်ငံလုပ် အိမ်သုံးပစ္စည်းများ၊ အစားအစာများ၊ လျှပ်စစ်ပစ္စည်းများနှင့် ဆောက် လုပ်ရေး ပစ္စည်းများ အမြောက်အမြား တင်သွင်းနေသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းအောင်ကျော်က ဧရာဝတီသို့ ပြောသည်။
“မြန်မာပြည်သူတွေက ဈေးချိုတဲ့ တရုတ် ကုန်ပစ္စည်းတွေ အပေါ် မှီခိုနေသရွေ့ တရုတ်နဲ့နယ်စပ် ကုန်သွယ်ရေး ပမာဏက ဆက်ပြီး တိုးတက်နေဦးမှာပဲ၊ ထိုင်းကုန်ပစ္စည်းတွေက တရုတ်ပစ္စည်း တွေထက် ဈေးကြီးနေတုန်းပဲ၊ တကယ်လို့ လူတွေရဲ့ ဝယ်နိုင်စွမ်း မြင့်တက်လာမယ် ဆိုရင်တော့ ထိုင်းနယ်စပ် ကုန်သွယ်ရေး ပမာဏက တရုတ် နယ်စပ်ထက် ပိုတိုးလာလိမ့်မယ်”ဟု သူက ဆို သည်။
၂၀၁၂-၁၃ ဘဏ္ဍာရေး နှစ်တွင် မြန်မာနိုင်ငံ၏ စုစုပေါင်း နယ်စပ်ကုန်သွယ်ရေး တန်ဖိုး အမေရိကန် ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံ ရှိခဲ့ရာမှ ၂၀၁၃-၁၄ ဘဏ္ဍာရေး နှစ်တွင် အမေရိကန် ဒေါ်လာ ၄ ဒသမ ၄၆ ဘီလီယံအထိ ရှိလာပြီး ပို့ကုန်တန်ဖိုးက အမေရိကန် ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံဖြစ်သည်။
အဆိုပါ ကိန်းဂဏန်း စာရင်းဇယားများတွင် သစ်တင်ပို့မှုက တရားဝင် စာရင်းထဲတွင် မပါဝင်ပေ။ ရန်ကုန် ဆိပ်ကမ်းမှသာ သစ်များကို နိုင်ငံခြားပို့ခွင့် ရှိသော်လည်း နယ်စပ်ကို ဖြတ်ကျော်၍ တရုတ်နိုင်ငံသို့ တရားမဝင် တင်ပို့မှုများ အမြောက်အမြား ဖြစ်ပေါ်နေ သည်။
ထို့အပြင် ကချင်ပြည်နယ်မှ ကျောက်စိမ်းများနှင့် အခြား ကျောက်မျက် ရတနာများ တရုတ်နိုင်ငံသို့ တင်ပို့ခြင်းများလည်း ရှိနေသဖြင့် တရားမဝင် နယ်စပ်ကုန်သွယ်ရေး၏ ပမာဏက ခန့်မှန်းရခက်ခဲပြီး ခန့်မှန်းသည်ထက် ကြီးမားလွန်းလှ သည်။ မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်ရေးထက် ပမာဏ မများသော်လည်း မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးက တဖြည်းဖြည်း တိုးတက်လျက်ရှိသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းနိုင်၏ အဆိုအရ မြဝတီမှတဆင့် မြန်မာ-ထိုင်း နယ် စပ် ကုန်သွယ်မှုသည် ၂၀၁၃-၁၄ ခုနှစ်အတွင်း အမေရိကန် ဒေါ်လာ သန်း ၂၉၀ ရှိသည်ဟု သိရသည်။
မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးတွင် ထိုင်းနိုင်ငံမှ ကုန်ပစ္စည်းများ မြန်မာနိုင်ငံသို့ တင်သွင်းမှု အများဆုံး ဖြစ်ပြီး ထိုင်းနိုင်ငံမှ တင် သွင်းသော သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ သန်း ၂၄၀ ရှိသည့်အချိန်တွင် မြန်မာနိုင်ငံမှ ပို့ကုန်တင်ပို့မှု တန်ဖိုးမှာ ဒေါ်လာ သန်း ၅၀ သာ ရှိသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းတွင် ပါရှိသည်။
“အခုနှစ်မှာ စုစုပေါင်း ကုန်သွယ်မှု ပမာဏက အရင်နှစ်ကထက် အမေရိကန် ဒေါ်လာ ၂၅ သန်း ပိုပါတယ်။ ဒါကပြီးခဲ့တဲ့ ၅ နှစ် အတွင်းမှာ အများဆုံး ဖြစ်ပါတယ်”ဟု ဦးသောင်းနိုင်က ဧရာဝတီသို့ ပြောပြသည်။
ထိုင်းနိုင်ငံဘက်မှ အစားအစာများ၊ အိမ်သုံး ပစ္စည်းများ၊ ဆောက်လုပ်ရေး ပစ္စည်းများ၊ မော်တော်ယာဉ် အစိတ်အပိုင်းများနှင့် စိုက်ပျိုးရေး ကိရိယာများ မြန်မာနိုင်ငံသို့ တင်သွင်းပြီး မြန်မာနိုင်ငံမှ တင်ပို့သော ပို့ကုန်အများစုမှာ ရေထွက်ကုန်များ ဖြစ်သည်။
အစိုးရက အခွန်ကောက်ခံပြီး တရားဝင်ခွင့်ပြုထားသည့် ကုန်သွယ်မှု တိုးတက်လာသော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲဖြစ်သည့် နယ်စပ်ကို ဖြတ်ကျော်၍ တရားမဝင် ကုန်သွယ်နေမှု ပမာဏမှာလည်း ခန့်မှန်းရန် ခက်ခဲလှသည်။ တရားဝင် ကုန်သွယ်မှု တိုးတက်လာခြင်းမှာ တရားမဝင် ကုန်သွယ်မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ခဲ့ခြင်း ကြောင့်လည်း တစိတ်တပိုင်းဖြစ်သည်ဟု ဦးသောင်းနိုင်က ပြောသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက တရားမဝင် ကုန်သွယ်မှု ထိန်းချုပ်ရေးကို တိုးမြှင့် ဆောင်ရွက်လာခဲ့ပြီး ပဲခူးတိုင်း ဝေါမြို့နယ်၊ ညောင်ခါးရှည်တွင် တရားမဝင် ကုန်သွယ်မှုများကို ဖမ်းဆီး စစ်ဆေးလျက် ရှိသည်။
“မြဝတီမှာ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဆောင်ရွက်မှုတွေ လုပ်ခဲ့တာကြောင့် တရားဝင် တင်သွင်းမှု ပမာဏက သိသိ သာသာ မြင့်တက်လာပါတယ်”ဟု ဦးသောင်းနိုင်က ပြောသည်။
မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံကို ဆက်သွယ်ထားသည့် အဝေးပြေး လမ်းသစ်ကြီး ပြီးစီး၍ အာဆီယံ စီးပွားရေး အသိုက်အဝန်း (Asean Economic Community) စတင် ပေါ်ပေါက်လာသည့် အချိန်တွင် မြဝတီသည် အဓိက ကုန်သွယ်ရေးနှင့် ဆက်သွယ်ရေး လမ်းကြောင်း တခု ဖြစ်လာမည် ဖြစ်သည်။
“နောက်နှစ်ရောက်ရင် ကျနော်တို့က ထိုင်း နိုင်ငံက ဘယ်ကုန်ပစ္စည်းကိုမှ တားမြစ်တော့မှာ မဟုတ်ပါဘူး၊ ဒါကြောင့် ကုန်သည်တွေ အနေနဲ့ ယှဉ်ပြိုင်ဖို့ သေသေချာချာ ပြင်ဆင်ထားဖို့ လိုပါတယ်”ဟု ဦးသောင်းနိုင်က ပြောသည်။
ကုန်သွယ်ရေး လွတ်လပ်ခွင့်ကြောင့် ခေတ်မီ တိုးတက်သော ဒေသတွင်း နိုင်ငံများ အကျိုးအမြတ် ပိုမိုရရှိသွားမည်ကို မြန်မာအများစုက စိုးရိမ်နေကြခြင်းနှင့်ပတ်သက်ပြီး သူက ရည်ရွယ်ခြင်း ဖြစ်သည်။
“ယှဉ်ပြိုင်မှုက သူတို့အတွက် အဓိက စိန်ခေါ်မှုပဲ၊ သူတို့တွေ ပိုပြီး စုစုစည်းစည်း ရှိဖို့လိုပါတယ်” ဟု ဦးသောင်းနိုင်က ပြောသည်။
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ အကြား၊ မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေး တိုးတက်နေသော်လည်း အခြား သော နယ်စပ်ကုန်သွယ်ရေး အခြေအနေမှာမူ အားရ ကျေနပ်စရာ ကောင်းလှခြင်း မရှိဟု သိရသည်။
“မောင်တောမှာ နယ်စပ် ကုန်သွယ်ရေးစခန်း ရှိပေမယ့် ကုန်သွယ်မှု ရပ်နေတယ်၊ အိန္ဒိယနယ်စပ် တမူးမြို့မှာလည်း ကုန်သွယ်မှုက အရမ်းနည်းနေတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဦးသန်းအောင်ကျော်က ပြောသည်။
မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးသည် ယမန်နှစ်က အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၃၃ ဘီလီယံကျော်ရှိခဲ့ပြီး နိုင်ငံ၏ စုစုပေါင်း နိုင်ငံတကာ ကုန်သွယ်မှု၏ ၁၉ ရာခိုင်နှုန်း ပမာဏရှိသည်။ နယ်စပ်ကုန်သွယ်ရေးသည် နည်းပါးလှသော်လည်း တဖြည်းဖြည်း တိုးတက်လာနေသည်။ ၂၀ဝ၉-၂၀၁၀ ဘဏ္ဍာရေးနှစ်တွင် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးက မြန်မာနိုင်ငံ၏ စုစုပေါင်း ကုန်သွယ်မှု၏ ၈၈ ရာခိုင်နှုန်း ရှိခဲ့သည်။
“၂၀၁၃-၁၄ မှာ နယ်စပ်ကုန်သွယ်ရေးက ၁၉ ရာခိုင်နှုန်းရှိပြီး ပုံမှန်ကုန်သွယ်ရေး ပမာဏက ၈၁ ရာခိုင်နှုန်းဆိုတော့ နယ်စပ် ကုန်သွယ်ရေးက တဖြည်းဖြည်း တိုးတက်လာနေပါတယ်” ဟု ဦးသန်းအောင်ကျော်က ပြောဆိုသည်။