ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)နှင့် ဂျာမနီ နိုင်ငံတို့က ပြည်တွင်းရှိ အသေးစားနှင့် အလတ် စား စီးပွားရေး လုပ်ငန်းများ(SME) သို့ ချေးငွေ အထောက်အပံ့များ ပေးနိုင်ရန်အတွက် ဘဏ်များ ရွေးချယ်ပြီး ဖြစ်ကြောင်း သိရ သည်။
“ဂျာမနီက ဘဏ် ၃ဘဏ် ရွေးထားတယ်၊ JICA က ၅ ခု ပေါ့၊ ရွေးထားပြီး သွားပြီ၊ ချေးငွေကိုတော့ ကိုယ့်အစီအစဉ်နဲ့ ကိုယ် ချေးပေးပေါ့၊ သူတို့ကတော့ အစိုးရချင်း ဆက်သွယ်ချေးတဲ့ စနစ်နဲ့ ပေးမှာပါ” ဟု အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာန ဒု ညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်းက ပြောသည်။
ပြည်တွင်းရှိ ဘဏ်များကို ရွေးချယ်ရာတွင် ဂျာမနီနိုင်ငံက ကမ္ဘောဇဘဏ်၊ ရိုးမဘဏ်နှင့် အသေးစား နှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံဖြိုးရေးဘဏ် (SMIDB) တို့ကို ရွေးချယ်ထားပြီး၊ JICAမှ မြန်မာ့စီးပွားရေးဘဏ်၊ ကမ္ဘောဇဘဏ်၊ မြန်မာနိုင်ငံသားများ ဘဏ်၊ CB ဘဏ်နှင့် SMIDB ဘဏ်တို့ကို ရွေးချယ်ထားကြောင်း သိရသည်။
ပြည်တွင်းရှိ SME များကို ချေးငွေ အကူအညီပေးရေးတွင် ဂျပန်နိုင်ငံက ယခုနှစ်အတွင်း စတင်နိုင်မည်ဟု ပြောဆိုထားပြီး ဂျာမနီနိုင်ငံက စတင်ချေးပေးမည့် အချိန်ကို မသိရှိရသေးကြောင်း ဒေါ်အေးအေးဝင်းက ဆိုသည်။ အလားတူ ကိုရီးယားနိုင်ငံက ချေးငွေ အကူအညီပေးရေး အတွက် လုပ်ဆောင်နေသော်လည်း ဘဏ်များ ရွေးချယ်မှု မပြီးစီးသေးကြောင်း ဒေါ်အေးအေးဝင်း က ဆက်ပြော သည်။
“JICA ကတော့ ဒီ၂၀၁၄ ထဲလို့တော့ ပြောသွားတယ်၊ ကိုရီယားကတော့ Research လုပ်တုန်းပဲ ရှိသေးတယ်”ဟု ၎င်းက ဆိုသည်။
ယင်းသို့ ဂျာမနီနှင့် ဂျပန်က ချေးငွေ ထုတ်ချေးပေးရာတွင် မြန်မာအစိုးရက ထုတ်ချေးပေးထားသည့် ချေးငွေ ပမာဏထက် များပြားနိုင်သည့် ပမာဏ ဖြစ်နိုင်ကြောင်းလည်း ဒေါ်အေးအေးဝင်းက ပြောသည်။
ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများသို့ မြန်မာ အစိုးရမှ ချေးငွေထုတ်ပေးသည့် ပမာဏမှာ လက်ရှိ အချိန်အထိ ကျပ် ၁၀ ဘီလီယံ ရှိသေးသဖြင့် ချေးငွေလိုအပ်သူ အများအပြားကျန်ရှိနေသေးကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောဆိုလျက် ရှိသည်။
အစိုးရ၏ ချေးငွေများကို ထုတ်ချေးရာတွင် SMIDB ဘဏ်မှတဆင့် ထုတ်ချေးပေးနေခြင်း ဖြစ်ပြီး အတိုးနှုန်း ၈.၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးခြင်း ဖြစ်ကြောင်း သိရသည်။
ချေးငွေများကို ထုတ်ချေးရာတွင် အစိုးရချင်း ချိတ်ဆက်၍ နှစ် ၂၀ ကြာ ထားရှိပြီး အတိုးနှုန်း သက်သာစွာဖြင့် ချေးသွားမည် ဖြစ်ကြောင်း၊ သို့သော် ချေးငွေပေးရာတွင် နိုင်ငံခြားငွေကြေးဖြင့်သာ ထုတ်ချေးမည် ဖြစ်သောကြောင့် ပြန်လည်ဆပ်သည့် အချိန်တွင် ငွေလဲလှယ်နှုန်း အပြောင်းအလဲနှင့် ထပ်တူ မြင့်တက်လာမည့် ငွေလဲလှယ်နှုန်းထားကို အထူး ထည့်တွက်ရမည့် အချက်တခု ဖြစ်ကြောင်းလည်း ဒေါ်အေးအေးဝင်းက သတိပေး ပြောဆိုသည်။
“အနှစ် ၂၀ ထိ ချေးမှာပေါ့၊ အဲ့ဒီမှာ အိတ်ချိန်း Rate က အရမ်းကြောက်ဖို့ ကောင်းတယ်၊ ဂျပန်က ကိုရီးယားကို ကူညီတုန်းက အဲ့ဒီလိုမျိုးပေါ့၊ ပြန်ဆပ်တဲ့ အချိန်မှာ အရင်းရဲ့ နှစ်ဆ သုံးဆကို ပြန်ဆပ် ရတယ်၊ ဒါကြောင့်လည်း ဂျပန်က ပွင့်ပွင့်လင်လင်း ပြောပါတယ်၊ ပြန်ဆပ်တဲ့ အချိန်မှာ ကြောက်ဖို့ ကောင်းတယ် ဆိုတာကိုပေါ့”ဟုလည်း ၎င်းက ပြောသည်။
SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အစိုးရသစ် တက်လာချိန်မှစတင်ပြီး ဦးစားပေး အစီအစဉ် တခုအဖြင့် လုပ်ဆောင် လာသော်လည်း၊ လက်ရှိ အချိန်အထိ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဥပဒေ (SME Law ) မှာ ထွက်ပေါ်လာနိုင်ခြင်း မရှိသည်ကို တွေ့ရသည်။