ရန်ကုန်မှ အကြီးစား စီးပွားရေးဆိုင်ရာ လုပ်ငန်း အဆောက်အအုံ ဆောက်လုပ်ရေးစီမံကိန်းများ အကောင်အထည်ဖော်ရန် နှောင့်နှေးနေရခြင်းသည် ကျွမ်းကျင်လုပ်သားရှားပါးမှုကြောင့် ဖြစ်ပြီး မြန်မာ လုပ်သားများက ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင် ပိုမို ဆန္ဒရှိနေကြကြောင်းလည်း သိရသည်။
အလုပ်ရှင်များ၊ အလုပ်ရှာဖွေရေး ပွဲစားများ၏ လိမ်လည်ခြင်း၊ စော်ကားနှိပ်စက်ခြင်းများ ကြုံတွေ့နေရခြင်းများ ရှိနေသော်လည်း ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၂ သန်းကျော် ရှိနေဆဲဖြစ်သည်။ မလေးရှား နိုင်ငံမှ ထောင်ပေါင်းများစွာသော မြန်မာ အလုပ်သမားများကလည်း အိမ်ကိုပြန်မည့်အစား ဆိုးရွားသည့် အခြေအနေများကို ကြံ့ကြံ့ခံ ရင်ဆိုင်ကြဖို့ ကိုသာ ရွေးချယ်ကြသည်။
ထင်ရှားသော လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မစ္စတာ အန်ဒီဟောလ်က နိုင်ငံရပ်ခြားတွင် လုပ်ခလစာက ပိုမိုမြင့်မားနေဆဲဖြစ်သဖြင့် ရွှေ့ပြောင်းလုပ်သားများအတွက် အခြားသော နိမ့်ကျသည့် အခြေအနေများကို လက်ခံနေကြရသည်ဟု ဧရာဝတီ သို့ပြောသည်။
“မြန်မာနိုင်ငံက လုပ်ခလစာနဲ့ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေမှာ ရတဲ့ အလုပ်သမားတွေရဲ့ လုပ်ခလစာက ကွာခြားချက် အလွန်ကြီးပါတယ်။ ဒါကြောင့်လည်း လူတွေက ထိုင်း သို့မဟုတ် မလေးရှား နိုင်ငံတွေမှာ ဆက်နေဖို့ရွေးချယ်ကြတာ၊ ထပ်ပြီးတော့ ရောက်လာကြတာတွေ ရှိနေတာ ဖြစ်ပါတယ်” ဟု သူကဆိုသည်။
ယခင် စစ်အစိုးရ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အုပ်ချုပ်စဉ်ကထက် သမ္မတဦးသိန်းစိန် လက်ထက်မှာ စီးပွားရေးနှင့် နိုင်ငံရေး နယ်ပယ်များတွင် ပိုမို လွတ်လပ်ပွင့်လင်းလာသည်ဟု ဆိုနိုင်သော်လည်း အလုပ်သမား အခွင့်အရေးနှင့် အခြေအနေများသည် ပိုမိုကောင်းမွန်လာခြင်း မရှိသည့်အတွက် လုပ်ခလစာမြင့်မားသည့် တခြားနိုင်ငံများသို့ သွားရောက် လုပ်ကိုင်ကြခြင်း ဖြစ်ကြောင်း ရန်ကုန် အခြေစိုက် ရွှေ့ပြောင်းလုပ်သား အခွင့်အရေး ကွန်ရက်နှင့် ထိုင်းနိုင်ငံမှ အစိုးရအဖွဲ့အစည်းတခုဖြစ်သော Workers’ Relations Confederation တို့၏ အကြံပေးပုဂ္ဂိုလ်လည်းဖြစ်သူ မစ္စတာ အန်ဒီဟောလ်က ပြောသည်။
“နိုင်ငံရပ်ခြားမှာ သွားရောက် လုပ်ကိုင်တဲ့ အလုပ်သမားတွေ အတွက် ဆိုးဝါးတဲ့ အကြွေးသံသရာထဲ မရောက် သရွေ့၊ သူတို့ရဲ့ အလုပ်ရှင်က အလွန်ဆိုးတယ်ဆိုရင်တောင် ငွေကြေးစုဆောင်းပြီး အိမ်ကို ငွေပြန်ပို့နိုင်ပါ သေးတယ်။ အဲဒီငွေကြေးက မြန်မာပြည်မှာ ရနိုင်တာထက် ပိုများပါတယ်။ ကျွမ်းကျင်လုပ်သားတွေလည်း ဒီလိုပါပဲ၊ မြန်မာနိုင်ငံက လုံလောက်တဲ့ မက်လုံးပေး ဆွဲဆောင်နိုင်တာမျိုး မရှိဘူး” ဟု သူကပြောသည်။
ရန်ကုန်မှ အချို့ ဟိုတယ်ဆောက်လုပ်ငန်းများသည်လည်း ပြီးစီးရန် သတ်မှတ်ထားသည့် အချိန်ကာလထက် ကျော်လွန် နေကြသည့် အကြောင်းရင်းများထဲတွင် အလုပ်သမားရှားပါးခြင်းက အဓိကဖြစ်ကြောင်း Myanmar Times ဂျာနယ်တွင် ဖော်ပြထားသည်။
ရန်ကုန်မြို့ရှိ Centrepoint အဆောက် အဦးတွင် ဖွင့်လှစ်မည့် အခန်း ၃၀၀ ပါ Hilton ဟိုတယ်ကို ပြီးခဲ့သည့် မတ်လ ကတည်းက ဖွင့်လှစ်ရန်ဖြစ်သော်လည်း တည်ဆောက်ရေး လုပ်ငန်းများကို နှေးကွေးစွာ ဆောင်ရွက်ခဲ့ရခြင်းကြောင့် အခန်းများ၏ ၅၀ ရာခိုင်နှုန်းသာ ယခုနှစ်ကုန်ပိုင်းတွင် တစိတ်တပိုင်းဖွင့်လှစ်နိုင်မည်ဟု ဟိုတယ်မှ ထုတ်ပြန်ခဲ့ကြောင်း သတင်းစာများတွင်ဖော်ပြထားသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံတွင် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် ဖွံ့ဖြိုးတိုးတက်လာသည့် အခွင့်အရေးကို ရယူနိုင်ရေး အတွက် အားထုတ်ရာတွင် ဟိုတယ်ခန်းများ ပိုမိုများပြားလာရေးက အရေးတကြီး လိုအပ်နေသည်။
ရန်ကုန်မြို့ အနီးမှ သီလဝါ အထူးစီးပွားရေးဇုန် တည်ဆောက်ရေးသည်လည်း မြေယာပိုင်ဆိုင်မှု မှသည် ရေနှင့် လျှပ်စစ် စသော အခြေခံ အဆောက်အအုံဝန်ဆောင်မှုအထိ ပြဿနာများကြုံတွေ့နေရ၍ အကြိမ်ကြိမ် ရွှေ့ဆိုင်းနေရသည်။
သီလဝါစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမည့် ဂျပန်လုပ်ငန်းရှင် တချို့ က စီးပွားရေးဇုန် ကို အကောင်အထည် ဖော်လုပ်ဆောင် ရန် လုံလောက်သည့် အလုပ်သမား အင်အားရရှိနိုင်ရေး အတွက် စိုးရိမ်မိကြောင်း ပြီးခဲ့သည့် လအတွင်းက ပြောကြားခဲ့ ကြ သည်။ ဂျပန်နိုင်ငံ အစိုးရ၏ ကုန်သွယ်မှု မြှင့်တင်ရေး အေဂျင်စီ JETRO က လုပ်ငန်း လုပ်ကိုင်မည့် Mitsubishi ၊ Sumitomo နှင့် Marubeni အစရှိသည့် ကော်ပိုရေးရှင်းကြီးများက လျှပ်စစ်ဓာတ်အား မလုံလောက်မှုနှင့် ကျွမ်းကျင်လုပ်သား ရှားပါးမှု စိတ်ပူပန်ခဲ့ ကြရကြောင်း စာနယ်ဇင်းတွေ့ဆုံပွဲတခုတွင်ပြောကြားလိုက်သည်။
အများစုက တရားမဝင် လာရောက် လုပ်ကိုင်နေသူများ ဖြစ်ကြ၍ အနိုင်ကျင့် ခံရသည့် အခါ တိုင်ကြားမှုမပြုရဲသော ထိုင်းနိုင်ငံရှိ မြန်မာ လုပ်သားများသည် ဆောက်လုပ်ရေးလုပ်ငန်းမှသည် စက်မှုလုပ်ငန်းများ အထိ နယ်ပယ်အသီးသီးတွင် ကျွမ်းကျင်သည့် လုပ်သားများ ဖြစ်လာခဲ့ကြသည်။
သို့သော်လည်း ထိုင်း လုပ်ငန်းရှင်များက သူတို့ကို နားချိန်မပေးဘဲ အလုပ်ချိန် ရှည်လျား ခိုင်းစေခြင်း၊ လစာကို ထိုင်းနိုင်ငံမှာ သတ်မှတ်ထားသော တရားဝင် နေ့စားလုပ်ခ (တနေ့လျှင် ၉ အမေရိကန် ဒေါ်လာ)ထက် လျှော့ပေးခြင်း နှင့် အလုပ်သမား ထွက်မပြေးအောင် ကာကွယ်သည့် အနေဖြင့် အထောက်အထား စာရွက်စာတမ်းများကို သိမ်းဆည်းထားခြင်း များနှင့် ကြုံ တွေ့ ကြရသည်။
“ထိုင်းအစိုးရရဲ့ အားနည်းချက်ကြောင့် ဒီလိုဖြစ်ရတာ ဖြစ်ပါတယ်။ ရွှေ့ပြောင်း လုပ်သားတွေရဲ့ အခွင့်အရေးကို ကာကွယ် ပေးတဲ့ ဥပဒေတွေနဲ့ အညီဆောင်ရွက်ဖို့ လိုအပ်တာကို အလေးထားရပါမယ်။ အလုပ်သမား အခွင့်အရေး သတ်မှတ်ချက် တွေနဲ့ ကိုက်ညီ စွာ ဥပဒေအရ လုပ်ဆောင်ကြောင်း သေချာစေဖို့ လိုပါတယ်” ဟုလည်း မစ္စတာ အန်ဒီဟောလ်က ပြောသည်။
“အမျိုးသားလုံခြုံရေး၊ စီးပွားရေး လိုအပ်ချက်တွေနဲ့ အတူတွဲပြီး ရှိနေတဲ့ တရားမဝင် ဝင်ရောက်မှု တားဆီးကာကွယ်ရေး ကို ဦးစားပေးဖို့အတွက် အုပ်ချုပ်ရေးပိုင်းက ပျက်ကွက်မှုတွေ အမြောက်အများ ရှိခဲ့တာကြောင့်လည်းဖြစ်ပါတယ်။ ထိုင်းနိုင်ငံ မှာ ရှိနေတဲ့ ပြည်ဝင်ခွင့် မူဝါဒကို ပြဌာန်း အကောင်အထည်ဖော်တဲ့ အချိန်မှာ ဒီ အချက် ၂ ခု ရှင်းရှင်းလင်းလင်း ဖော်ပြထားပါ တယ်” ဟုလည်း သူကဆိုသည်။
“ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မှာ ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေး မငြိမ်မသက်တွေနဲ့ ဒီကိစ္စက လုံး၀ ဆက်စပ်မှု မရှိပါဘူး။ ပြောင်းရွှေ့ဝင်ရောက်လာသူ မှတ်တမ်းတင်တဲ့ စနစ်နဲ့၊ ပြည်ဝင်ခွင့် မူဝါဒဟာ ဆိုးဆိုးဝါးဝါး လွဲချော်မှုတွေရှိနေခဲ့တာ အခုဆိုရင် ဆယ်စုနှစ် ၃ ခုလောက် ရှိနေပါပြီ” ဟု မစ္စတာ အန်ဒီဟောလ်က ပြောသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်က ထိုင်း-မြန်မာ နယ်စပ်ရှိ မဲဆောက်မှ ထိုင်းစက်ရုံတခုမှာ မြန်မာအလုပ်သမားများ သပိတ်မှောက် ဆန္ဒပြမှုတခု ရှားရှားပါးပါး ပေါ်ပေါက်ခဲ့သည်။ အဆိုပါ စက်ရုံမှာ ဂျာမန် ကုမ္ပဏီ တခုဖြစ်သည့် Jack Wolfskin အတွက် တန်ဖိုးကြီးသည့် အဝတ်အထည်များ ထုတ်လုပ်ပေးနေသည်။ စက်ရုံပိုင်ရှင်က တရားဝင် သတ်မှတ်ထားသော နေ့စဉ်လုပ်ခ၏ တဝက်သာ ပေးသည့် အတွက် ဆန္ဒပြကြခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် တချိန်တည်း လိုလိုမှာပင် လူ့အခွင့် အရေးအဖွဲ့ အစည်းတခုဖြစ်သော Finnwatch က သြစတြီးယား Semperit ကုမ္ပဏီ နှင့် ဖက်စပ်လုပ်ကိုင်နေသော စက်ရုံများတွင် ထိုင်းနိုင်ငံ၏ ဥပဒေကို ချိုးဖောက်ပြီး မြန်မာကလေးငယ်များကို အလုပ်ခိုင်းစေခြင်း၊ ထိုင်းနိုင်ငံ အစိုးရက ပြဋ္ဌာန်းထားတဲ့ လုပ်ခ လစာ ထက်လျှော့ပေးခြင်းနှင့် သတ်မှတ်အလုပ်ချိန်ပိုမို ၍ အဓမ္မခိုင်းခြင်းများ ရှိနေသည်ဟု စွပ်စွဲပြောဆိုခဲ့သည်။
ထိုင်းနိုင်ငံမှ Siam Sempermed စက်ရုံများက ကမ္ဘာ့ထိပ်တန်း ဖြန့်ချီရေး ကုမ္ပဏီဖြစ်သော Semperit ကုမ္ပဏီအတွက် ဆေးရုံသုံး လက်အိတ်တွေ ထုတ်လုပ်ပေးခြင်း ဖြစ်သည်။
“အလုပ်သမားတွေရဲ့ မှတ်ပုံတင်တွေကို ကြီးကြပ်ရေးမှူးတွေက ထုတ်လုပ်ရေး သတ်မှတ်ချက် ချက်ပြည့်တဲ့ အထိ သိမ်းဆည်းထားတယ်” ဟု Finnwatch အမှုဆောင် ဆောင်ဒါရိုက်တာ Sonja Vartiala က စာမျက်နှာ ၁၆ မျက်နှာ ပါဝင် သည် “Caring for Hands, not Workers” အမည်ရှိ အစီရင်ခံစာတွင် ရေးသားခဲ့သည်။
သို့သော်လည်း Semperit က စက်ရုံများကို ထိုင်းစီးပွားဖက်များက လည်ပတ်နေခြင်းဖြစ်ကြောင်း မြန်မာကလေးငယ်များကို ခိုင်းစေခြင်း သို့မဟုတ် မတရား အလုပ်ခိုင်းစသည့် အချက်အလက် အထောက်အထားများ မတွေ့ရ ကြောင်း ကြေညာချက် ထုတ်ပြန်ဖြေရှင်းခဲ့သည်။
“အဓိက အချက်ကတော့ စုံစမ်းစစ်ဆေးရာမှာ အားနည်းချက်ရှိတာဖြစ်ပါတယ်။ နိုင်ငံတကာအဆင့်၊ ဒါမှမဟုတ် ကမ္ဘာ့အဆင့် ကုမ္ပဏီကြီး တွေရဲ့ စုံစမ်းစစ်ဆေးရေးစနစ်ဟာ ထိုင်းနိုင်ငံမှာ လက်တွေ့ဖြစ်ပေါ်နေတဲ့ လုပ်ငန်းခွင် အခြေအနေ အစစ်အမှန်ကို ဖော်ထုတ်နိုင်စွမ်း မရှိပါဘူး။ အထူးသဖြင့် နိုင်ငံခြားက ရွှေ့ပြောင်းဝင်ရောက်လာသူတွေ ပါဝင်ပတ်သက်နေတဲ့ အချိန်မျိုး မှာ ဖြစ်ပါတယ်” ဟု မစ္စတာ အန်ဒီဟောလ်က ရှင်းပြသည်။
“အလုပ်သမား အများစုက အပြင်လူတွေကို လုပ်ငန်းခွင်အခြေအနေအကြောင်း အမှန်အတိုင်းပြောမှာ မဟုတ်တဲ့အတွက် စုံစမ်းစစ်ဆေး သူတွေအတွက် အခက်အခဲရှိပါတယ်။ ဒါကို လွတ်လပ်စွာနဲ့ ကျနော်နဲ့ တခြားအဖွဲ့တွေ လုပ်ခဲ့သလိုမျိုး တကယ့် အခြေအနေမှန်ကို ဖော်ထုတ်နိုင်မယ့် စေ့စပ်သေချာတဲ့ စားသုံးသူ သုတေသနတွေက နေတဆင့်ပဲ လုပ်လို့ရပါ တယ်” ဟု သူကဆိုသည်။
“ထိုင်းနိုင်ငံက ကုန်ပစ္စည်းတွေကို တင်သွင်းတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ထိုင်းနိုင်ငံရဲ့ လက်ရှိ အခြေအနေနဲ့ အလုပ်သမား ရေးရာတွေမှာ ဥပဒေနဲ့ အညီအကောင်အထည်ဖော်နိုင်မှု၊ တရားဥပဒေစိုးမိုးမှု အားနည်းနေတာကို သိထားသင့်ပါတယ်။ ထိုင်းနိုင်ငံမှာ ဈေးချိုပြီး အလုပ်လုပ်နိုင်တဲ့ အလုပ်သမားတွေရှိတယ်။ အထူးသဖြင့် ရွှေ့ပြောင်း အလုပ်သမားများ တွေ၊ အခြေခံအဆောက်အအုံ ပြည့်စုံမှု အတော်အသင့်ရှိတယ် စတဲ့ အချက်တွေကြောင့် အခြေအနေမှန်ကို အပြည့်အဝနား လည်ထားကြပေမယ့် ထိုင်းနိုင်ငံမှာ အခြေစိုက်ဖို့ ရွေးချယ်ကြတဲ့ နိုင်ငံတကာ ကုမ္ပဏီတွေ အမြောက်အများ ရှိနေတုန်းပါပဲ” ဟု Hall က ပြောပါသည်။