စီးပွားရေး

သီလဝါ အစုရှယ်ယာ ဝယ်ယူလိုသူများပြား၍ လိုအပ်သည့် ပမာဏ မရောင်းချနိုင်

This article has been converted from Zawgyi One to Unicode

သီလဝါ အထူးစီးပွားရေးဇုန် အစုရှယ်ယာများ ဖိတ်ခေါ်ရောင်းချခဲ့ရာတွင် မျှော်မှန်းသည်ထက်ပိုမို ဝယ်ယူမူများပြားသည့် အတွက် ဝယ်ယူသူများ အဆိုပြုသရွေ့ ရောင်းချနိုင်မည် မဟုတ်ကြောင်း သိရသည်။

အစု ရှယ်ယာများကို သီလဝါအထူးစီးပွားရေးဇုန် ရင်းနှီးတည်ထောင်ရာတွင် ပါဝင်သော အများပိုင်ကုမ္ပဏီ Myanmar Thilawa ZEZ Holding Public Limited(MTSH) မှ ရောင်းချခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ ရောင်းချနိုင်သည့် အစုရှယ်ယာပမာဏထက်များပြားခဲ့ခြင်းကြောင့် ဖြစ်သည်ဟု သီလဝါအထူးစီးပွားရေးဇုန် ဥက္ကဌ ဦးဆက်အောင်က ပြောသည်။

“ရောင်းချဖို့အတွက် ရည်ရွယ်ထားတာက ကျပ် ၂၁ ဘီလီယံကျော် ဖြစ်ပါတယ်၊ ကျနော်တို့ဆီ ဝယ်မယ်ဆိုပြီး အဆိုပြုတာက ၄၀ ဘီလီယံကျော်သွားတယ် ဝယ်မယ်ဆိုတဲ့ ရှယ်ယာပမာဏပေါ့၊ အိုဗာဖြစ်သွားတာက ၁၈ ဘီလီယံကျော်ဖြစ်သွားပါတယ်”ဟု သီလဝါအထူးစီးပွားရေးဇုန် ၎င်းက ပြောသည်။

သီလဝါအထူးစီးပွားရေးဇုန် ရှယ်ယားများရောင်းချခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၌ ယမန်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဦးဆက်အောင် က အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ် သည်။

ယင်းသို့ ဝယ်ယူရန် အဆိုပြုသည့် ရှယ်ယာစု အရေအတွက်များခဲ့ခြင်းကြောင့် ရှယ်ယာတစုမှ ရှယ်ယာအစု ၅၀၀ အထိ ဝယ်ယူမည့် သူများ အားလုံးအတွက် ၎င်းတို့ အဆိုပြုသည့် ပမာဏအတိုင်း ရောင်းချပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

သို့သော် ရှယ်ယာအစု ၅၀၀ ထက်ပိုသူများမှာ ၎င်းတို့ အဆိုပြုသည့်ပမာဏအတိုင်း ရရှိနိုင်တော့မည် မဟုတ်ကြောင်း ဦးဆက်အောင်က ပြောပြသည်။

ရှယ်ယာတစု တန်ဖိုးမှာ ကျပ် ၁သောင်း ဖြစ်သည့် အတွက် ရှယ်ယာ အစု ၅၀၀ ၏ပမာဏမှာ ကျပ် သိန်း ၅၀ ဖြစ်သည်။

ထို့ကြောင့် ကျပ်သိန်း ၅၀ အထက် ရှယ်ယာဝယ်ယူရန် အဆိုပြုထားသူများအနေဖြင့် အနည်းငယ်သာ ခွဲတမ်း ထပ်မံရရှိတော့မည် ဖြစ်သည်။

ထိုကဲ့သို ကျပ် သိန်း ၅၀ အထက် ရှယ်ယာ ဝယ်ယူရန်အဆိုပြုသည့် ဦးရေမှာ စုစုပေါင်းဦးရေ၏ ၉ ရာခိုင်နှုန်းကျော်သာ ရှိကြောင်း MTSH ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။

“ရှယ်ယာ ၁ စု ကျပ် ၁ သောင်းကနေ ရှယ်ယာအစု ၅၀၀ ကျပ်သိန်း ၅၀ အထိ အဆိုပြုတဲ့သူတွေ အားလုံးပေါင်းလိုက်ရင် ၉၀ ရာခိုင် နှုန်းကျော်က သူတို့ အဆိုပြုတဲ့အတိုင်း ဝယ်ယူခွင့်ရရှိမှာဖြစ်ပါတယ်၊ ဒါပေမယ့် ၉ ရာခိုင်နှုန်းကျော်ကျော်ကတော့ သူတို့ ဝယ်ယူချင်တဲ့အတိုင်း ရမှာမဟုတ်တော့ပါဘူး၊ ဘာဖြစ်လို့ဆိုရင် ကျနော်တို့ပြောတဲ့ အတိုင်း သိန်းငါးဆယ်ထိ ဝယ်တဲ့သူတွေ အကုန်လုံးရောင်းပြီးတော့ ကျန်တဲ့ဟာကိုမှပြန်ပြီး ခွဲမှာဖြစ်တဲ့အတွက် သူတို့အနေနဲ့ သိန်းတစ်ထောင် အဆိုပြုပေမယ့် သိန်း တစ်ထောင်တောင် ရချင်မှရမှာဖြစ်ပါတော့တယ်”ဟု ဦးဆက်အောင် က ပြောသည်။

­ယင်းကဲ့သို့ သတ်မှတ်လိုက်ရခြင်းမှာ ရှယ်ယာအရေအတွက် အနည်းစု ဝယ်ယူသူများကို ဦးစားပေး ရောင်းချရမည်ဆိုသော အချက် ကြောင့်ဖြစ်သည်ဟု သိရသည်။

ထို့ပြင် အနည်းစုဝယ်ယူသူများ အားလုံးပေါင်းရှယ်ယာ အရေအတွက်သည် စုစုပေါင်းအရေအတွက်၏ အများစု ဖြစ်စေရန် ရည်ရွယ် သည်ဟု အများပိုင်ကုမ္ပဏီ MTSH က ထုတ်ပြန်ထားသည်။

ရှယ်ယာ အဆိုပြုသလောက် မရ၍ ငွေပြန်အမ်းရန်လိုသော သူများအတွက် MTSH ကုမ္ပဏီမှ ၎င်းတို့ ရောင်းချခဲ့စဉ်က ဘဏ်များနှင့် ပြန်လည် ချိတ်ဆက်၍ ယခုလ ၂၈ ရက်နေ့မှစကာ  ပြန်လည် အမ်းပေး သွားမည်ဖြစ်ကြောင်း၊ ပြန်အမ်းရမည့်ငွေများ၏ ကုန်ကျစရိတ်ကို ကုမ္ပဏီမှ ကျခံပေးသွားမည်ဖြစ်ကြောင်း MTSH ဥက္ကဌ ဦးဝင်းအောင်က ပြောသည်။

သီလဝါ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေးအတွက် ဂျပန်-မြန်မာ ဖက်စပ်စနစ်ဖြင့် Myanmar Japan Thilawa Developmet Co.ltd တည်ထောင်ကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ယင်းကုမ္ပဏီတွင် မြန်မာဘက်မှ ၅၁ရာခိုင်နှုန်းနှင့် ဂျပန်ဘက်မှ ၄၁ ရာခိုင်နှုန်းတို့ ပါဝင်လုပ်ဆောင်ကြမည်ဖြစ်သည်။

မြန်မာဘက်မှ ၅၁ ရာခိုင်နှုန်းကို လက်ရှိ ရှယ်ယာများရောင်းချနေသည့် MTSH အများပိုင်ကုမ္ပဏီမှ ၄၁ ရာခိုင်နှုန်းနှင့် မြန်မာ အစိုးရမှ ၁၀ ရာခိုင်နှုန်းဖြင့် ပူးပေါင်းပါဝင် အကောင်အထည်ဖော် လုပ်ကိုင်မည်ဖြစ်သည်။

ဂျပန်ဘက်မှ ၄၁ရာခိုင်နှုန်းအား ဂျပန်ကုမ္ပဏီ သုံးခုပေါင်း တည်ထောင်ထားသော MMS Thilawa Development ကုမ္ပဏီမှ ၃၉ ရာခိုင်နှုန်းနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA) မှ၁၀ ရာခိုင်နှုန်းပါဝင်ကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Loading