မြန်မာနိုင်ငံမှ ပြည်တွင်းလေဆိပ် ၃၉ ခုကို အဆင့်မြှင့်တင်ရန်အတွက် တင်ဒါတင်သွင်းရန် ယခုနှစ်ကုန်ပိုင်းတွင် ပြည်တွင်း၊ ပြည်ပမှ ကုမ္ပဏီများကို ဖိတ်ဖေါ်သွားမည်ဖြစ်ကြောင်း လေကြောင်းညွှန်ကြားမှု ဦးစီးဌာန(DCA) မှ သိရသည်။
ပြည်တွင်း လေဆိပ် ၆၉ ခုအနက်မှ ၃၀ ကို အဆင့်မြှင့်တင်ရန် စိတ်ဝင်စားသောကုမ္ပဏီများမှ မှတ်ပုံတင်ပြီး အဆိုပြုလွှာ တင်သွင်း နိုင်ကြောင်း DCA က ယမန်နှစ် နိုဝင်ဘာလတွင် ကြေညာခဲ့သည်။ ယခုနှစ် ဇန်နဝါရီလ တွင်ပြီးဆုံးခဲ့သော အဆိုပါ လုပ်ငန်းစဉ်သည် ပုံမှန် ဈေးပြိုင်တင်သွင်းရသည့် လုပ်ငန်းစဉ်မျိုး မဟုတ်ဘဲ မိမိ၏ စိတ်ပါဝင်စားမှုနှင့် အလား အလာကောင်းသည့် လေဆိပ် ဖွံ့ဖြိုးရေး အစီအမံများကို အစိုးရသို့ တင်ပြရခြင်းဖြစ်သည်။
DCA ၏ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက စိတ်ဝင်စားကြောင်း တင်ပြလာသည့် ကုမ္ပဏီ အမြောက်အများရှိပြီး ၎င်းတို့ထဲမှ အများစုမှာ မြန်မာကုမ္ပဏီများဖြစ်သည်ဟု ဧရာဝတီသို့ပြောသည်။ “တချို့ကုမ္ပဏီတွေက ပြည်တွင်းလေဆိပ် အားလုံးကို သူတို့ အဆင့်မြှင့်ပေးနိုင်တယ် လို့ ပြောနေကြတယ်။ ဒါပေမယ့် ဘယ်လေဆိပ်ကို အဆင့်မြှင့်ချင်တယ် ဆိုတာ ကိုတော့ တိတိကျကျဖော်ပြသင့်တာပေါ့” ဟု သူက ပြောသည်။
DCA က လေဆိပ် ၃၉ ခုကို မိုးရာသီကုန်လွန်ပြီးသည့် အချိန်တွင် အဆင့်မြှင့်ရေး စာချုပ်ချုပ်ဆိုလုပ်ကိုင်ရန် အတွက် ကုမ္ပဏီများထံမှ အဆိုပြုချက်များ ဖိတ်ခေါ်ရန်စီစဉ်ထားကြောင်း ဦးတင်နိုင်ထွန်းကပြောသည်။ “ကျနော်တို့ ဆွေးနွေးမှု တွေလုပ်ပြီးတော့ ဒီနှစ်နှောင်းပိုင်းမှာ တင်ဒါလျှောက်ထား ခွင့်ပြုပါမယ်” ဟု သူကဆိုသည်။
စွမ်းဆောင်ရည်နှင့် အခြေခံအဆောက်အဦများ နိမ့်ကျနေသည့် မြန်မာနိုင်ငံ၏ ပြည်တွင်းလေဆိပ်များကို အဆင့်မြှင့် တင်နိုင်ရေးအတွက် ပြည်တွင်းနှင့် ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း DCA က ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းတွင် ကြေညာခဲ့သည်။
ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများက လေဆိပ်စီမံခန့်ခွဲရေးကို တာဝန်ယူရန်၊ အခြေခံအဆောက် အဦးနှင့် နည်းပညာကို အဆင့် မြှင့်တင်ရန် အဆိုပြုလွှာများ တင်သွင်းလာကြမည်ဟုလည်း မျှော်လင့်ထားသည်။ DCA က လေဆိပ်လုံခြုံရေးနှင့် လေကြောင်း ထိန်းသိမ်းရေး ကို ၎င်းတို့ ဌာနမှ ဆက်လက်တာဝန်ယူသွား နိုင်မည့် အစိုးရ- ပုဂ္ဂလိက ပူပေါင်းဆောင် ရွက်ရေး သဘောတူညီချက်များ လက်မှတ်ရေးထိုးနိုင်ရန် ဆန္ဒရှိနေသည်။
ယခင်စစ်အစိုးရလက်ထက်တွင် ဆယ်စုနှစ်ပေါင်းများစွာ စီမံခန့်ခွဲမှုမှားယွင်းခြင်း၊ ဥပေက္ခာပြုထားခြင်းများ ကြုံတွေ့ခဲ့ရ သောကြောင့် လက်ရှိအချိန်တွင် မြန်မာနိုင်ငံမှ ပြည်တွင်းလေဆိပ်များသည် အရွယ်အစား သေးငယ်၍ ဘေးကင်းလုံခြုံမှု မရှိဘဲ ခေတ်မီ နည်းပညာများလည်း ကင်းမဲ့နေသည်။ ယခုအခါတွင် ပြည်တွင်းလေဆိပ် ၆၉ခုအတွက် အစိုးရက တနှစ် လျှင် အမေရိကန်ဒေါ်လာ ၁၂ သန်းခန့် သုံးစွဲနေကြောင်း DCA ၏ အဆိုအရသိရသည်။
စီမံကိန်းများက မြန်မာနိုင်ငံ၏ လေကြောင်းပို့ဆောင်ရေးကဏ္ဍနှင့် လေဆိပ်များ၏ စွမ်းဆောင်ရည်ကို တိုးတက်လာအောင် ကူညီပေးနိုင်လိမ့်မည်ဟု အစိုးရက မျှော်လင့်ထားသည်။ ၂၀၁၂ နှင့် ၂၀၁၃ ခုနှစ်အတွင်း ပြည်တွင်းလေဆိပ်များတွင် လေယာဉ် မတော်တဆမှုများ ဖြစ်ပွားခဲ့သည့်အတွက် လေကြောင်းဘေးကင်းလုံခြုံရေးသည်လည်း စိုးရိမ်စရာတခု ဖြစ်လာသည်။
အရေအတွက် များပြားလာနေသော ပြည်တွင်းလေယာဉ်စီး ခရီးသွားများထံမှ ပြည်တွင်းလေဆိပ်များနှင့် ပတ်သက်သည့် တိုင်ကြားမှုများ DCA တွင် ဆက်လက် လက်ခံရရှိနေသည်။
Vero Public Relation Company မှ ငွေစာရင်း ဒါရိုက်တာ ဦးစိုးသူရက မြန်မာနိုင်ငံမှ ပြည်တွင်းလေကြောင်း ခရီးစဉ်များ မကြာခဏ ဆိုသလို သွားရောက်ခဲ့ရာတွင် ပြဿနာ အမြောက်အများနှင့် ခရီးစဉ် နှောင့်နှေးခြင်းများ ကြုံတွေ့ခဲ့ ရကြောင်း ပြောပြသည်။
အသုံးပြုသူများသော်လည်း သေးငယ်သည့် ရှမ်းပြည်နယ်မှ ဟဲဟိုး ကဲ့သို့လေဆိပ်များတွင် “ လေဆိပ် ဧရိယာက တော်တော် ကျဉ်းတယ်။ ခရီးသည်တွေ စောင့်ဖို့အတွက် ထိုင်ခုံက မလုံလောက်ဘူး။ ကျနော့်ရဲ့ ခရီးဆောင်အိတ်ကို ပြန်ရွေးတဲ့ အခါမှာလည်း အခက်အခဲတွေရှိတယ်။ ကျနော် အကြာကြီးစောင့်ခဲ့ရတယ်” ဟု ဦးစိုးသူရကပြောသည်။
“ဒါကြောင့် လေဆိပ်တွေရဲ့ အရည်အသွေးကို မြှင့်တင်သင့်ပါတယ်” ဟုလည်း သူကဆိုသည်။
နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်များ ပိုမိုဝင်ရောက်လာပြီး ပြည်တွင်းခရီးသွားအရေအတွက်ကလည်း သိသိသာသာ မြင့် တက်လာသည့်အတွက် လာမည့်နှစ်များအတွင်းတွင် မြန်မာနိုင်ငံ၏ လေကြောင်းပို့ဆောင်ရေး ကဏ္ဍ အလျှင်အမြန်ဖွံ့ဖြိုး တိုးတက်လာမည်ဟု မျှော်လင့်ရသည်။ ၂၀၁၃ ခုနှစ်တွင် ခရီးသည် ၄.၂ သန်းရှိခဲ့ရာမှ ၂၀၃၀ ခုနှစ်တွင် သန်း ၃၀ အထိရှိ လာမည်ဟု (DCA) က ခန့်မှန်းထားသည်။
ပြည်တွင်း နှင့် နိုင်ငံတကာ လေဆိပ် ၂ မျိုးလုံးကို ရင်းနှီးမြှုပ်နှံမှု အမြောက်အများသုံးစွဲ၍ အကြီးစားပြင်ဆင် အဆင့်မြှင့်မှု များ ပြုလုပ်ရန်လည်း ရှိနေသည်။
အမေရိကန် ဒေါ်လာ ၁.၅ ဘီလီယံ တန်ဖိုးရှိသည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရန် အစိုးရက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများရှာဖွေလျှက်ရှိသည်။ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် သည် မြန်မာနိုင်ငံ၏ အကြီးဆုံး နှင့် စီးပွားရေး မြို့တော်ဖြစ်သည့် ရန်ကုန်မြို့အတွက် ဒုတိယမြောက် လေဆိပ် ဖြစ်သည်။
ဟံသာဝတီလေဆိပ် စီမံကိန်းအတွက် အစိုးရက တောင်ကိုရီးယားနိုင်ငံမှ Incheon International Airport Corp က ဦး ဆောင်သည့် ကုမ္ပဏီလုပ်ငန်းစု တခုနှင့် ဆွေးနွေးမှု များပြုလုပ်ခဲ့သော်လည်း စင်္ကာပူနိုင်ငံမှ Changi Airport Group၊ Yongnam Holdings Ltd နှင့် ဂျပန်နိုင်ငံမှ JGC Corp တို့နှင့်လည်း လေဆိပ်သစ်တည်ဆောက်လုက်ကိုင်နိုင်ရေး တင်ဒါ တင်သွင်းရန် စတင်ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ရန်ကုန်မှ မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုအဆင့်မြှင့် ပြုပြင်ရန် Asia World ကုမ္ပဏီ၏ လုပ်ငန်းခွဲတခုမှ ဦးဆောင်သည့် ကုမ္ပဏီ လုပ်ငန်းစု တခုသို့ ဒေါ်လာ သန်း ၁၅၀တန် ကန်ထရိုတ်တခု ချထား ပေးခဲ့သည်။ Asia World ကုမ္ပဏီကို ယခင် ဘိန်းဘုရင်ဟောင်း လော်စစ်ဟန်၏ သားဖြစ်သူ စတီဗင်လော က ပိုင်ဆိုင် ပြီး ၎င်းကို အမေရိကန်နိုင်ငံက အမည်ပျက်စာရင်းသွင်း၍ ဒဏ်ခတ် အရေးယူထားသည်။
Mitsubishi Corp က ဦးဆောင်သည့် ဂျပန် ကုမ္ပဏီ လုပ်ငန်းစုတခုကလည်း မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပြင်ဆင် မွမ်းမံတည်ဆောက်မည်ဖြစ်သည်။