လာမည့် မေလကုန်တွင် ဂျပန်နိုင်ငံသို့ တန်းမြင့်ဆန် ၅ မှတ် အမျိုးအစား ဆန်တန်ချိန် ၆၀၀၀ တင်ပို့ သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမားများ အသင်း ဥက္ကဌ ဒေါက်တာစိုးထွန်းက ပြောသည်။
“ဂျပန် အစိုးရက တင်ဒါ ခေါ်တာပေါ့၊ တင်ဒါခေါ်တာမှာ နှစ်မျိုး ရှိတယ်။ ကမ္ဘာ့နိုင်ငံများမှာ ရှိတဲ့ မည်သူမဆို ပြိုင်လို့ရတဲ့ Global တင်ဒါရယ်၊ သတ်မှတ်ထားတဲ့ နိုင်ငံတွေပဲ ပြိုင်လို့ရတဲ့ တင်ဒါရယ်ပေါ့၊ ကျနော်တို့က ဂလိုဘယ် တင်ဒါမှာ ပြိုင်ပြီး အောင်ခဲ့တာပါ” ဟု ၎င်းက ပြောသည်။
ယခင်က မြန်မာနိုင်ငံသည် ဂျပန်နိုင်ငံသို့ တန်းမြင့်ဆန် တင်ပို့နိုင်ခြင်း မရှိဘဲ ပြီးခဲ့သည့်နှစ်မှသာ တန်းမြင့်ဆန် တန်ချိန် ၅၀၀၀ တင်ပို့ရန် တင်ဒါ အောင်မြင်ခဲ့ပြီး စတင် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
ယခုအကြိမ်သည် ဒုတိယ အကြိမ်မြောက် တင်ဒါ အောင်မြင်ခြင်း ဖြစ်ပြီး ဆန်တန်ချိန် ၆၀၀၀ တင်ပို့ခွင့် ရသည်ဟု ၎င်းက ဆက်ပြောသည်။
ယခုနှစ် တင်ပို့မည့် ဆန်တန်ချိန် ၆၀၀၀ တင်ဒါကို မြန်မာနိုင်ငံ လယ်ယာစီးပွား အများပိုင် ကော်ပိုရေးရှင်း (MAPCO) နှင့် ဂျပန်နိုင်ငံမှ မစ်ဇူရီ ကုမ္မဏီတို့ ပူးပေါင်း တင်သွင်းခြင်း ဖြစ်ပြီး ဧည့်မထ အုပ်စုဝင် ဆန်အမျိုးအစား ဖြစ်သည့် ဆင်းသွယ်လတ်နှင့် မှော်ဘီ ၂ အမျိုးအစား တန်းမြင့် ၅ မှတ် ဆန်များကို တင်ပို့ရမည် ဖြစ်သည်ဟု သိရသည်။
“ပို့ရတဲ့ တန်ချိန်က နည်းတယ်၊ ဒါပေမယ့် ဘာရှိလဲဆိုရင် ဂျပန်နိုင်ငံလို နိုင်ငံက သူတို့ရဲ့ အစားအသောက် ကွပ်ကဲရေးပိုင်း အရည်အသွေးက မြင့်တယ်၊ ဒီလိုနိုင်ငံကို အောင်မြင်စွာ ပို့နိုင်တယ် ဆိုတာက ကောင်းတဲ့ လက္ခဏာပါ၊ ကျနော်တို့ရဲ့ဆန် အရည်အသွေး မမှီပါဘူးလို့ ပြောနေတာကို ကျော်ဖြတ်နိုင်တာပေါ့ ” ဟု ဒေါက်စိုးထွန်းက ဆိုသည်။
ယင်းသို့ တင်ဒါ တင်ပို့ရန် ဈေးနှုန်း ရရှိထားသည့် ပမာဏမှာ ၁ တန်လျှင် အမေရိကန် ဒေါ်လာ ၄၅၀ နှင့် ၅၀၀ အကြား ရရှိကြောင်း သိရသည်။
ပြည်ပသို့ ဆန်တင်ပို့မှုတွင် အကျိုးအကြေ ၂၅ ရာခိုင်နှုန်း (၂၅မှတ်) တန်းနိမ့် ဆန်များကိုသာ တင်ပို့ရလေ့ ရှိပြီး အာဖရိက နိုင်ငံများနှင့် တရုတ် နိုင်ငံများသို့သာ တင်ပို့ရလေ့ ရှိကြောင်း သိရသည်။
တန်းမြင့် ဆန်များ ဖြစ်သည့် ၅ မှတ်၊ ၁၀ မှတ် စသည့် ဆန်များကို အာရှနိုင်ငံ အချို့ကိုသာ တင်ပို့ရလေ့ ရှိပြီး၊ တင်ပို့ နိုင်သည့် ပမာဏမှာ လွန်စွာ နည်းပါးကြောင်း ဒေါက်တာစိုးးထွန်းက ပြောသည်။
ပြီးခဲ့သည့်နှစ် အတွင်း အီးယူမှ ဖွံ့ဖြိုးဆဲ နိုင်ငံများ အပေါ်တွင် ပေးသော အထူး အခွန်သက်သာခွင့် GSP ရရှိခဲ့ ပြီးနောက် မြန်မာ့တန်းမြင့် ဆန်များကို အီးယူ နိုင်ငံများသို့ နမူနာ အဖြစ် စမ်းသပ် တင်ပို့ခွင့် ရခဲ့ရာမှ ယခုကဲ့သို့ ဆက်လက် တင်ပို့မှုများ ရရှိလာသည်ဟု သိရသည်။
“အီးယူ နိုင်ငံတွေက GSP ပေးတဲ့ အတွက်ကြောင့် ဆန် ၁ တန်ပို့ရင် ဒေါ်လာ ၂၀၀ နီးပါးလောက် သူတို့(ကုမ္ပဏီတွေ) အတွက် ကျန်တယ်၊ ဥပမာ ထိုင်းက ၁ တန်ကို ဒေါ်လာ ၄၀၀ နဲ့ ဝယ်ရတယ်၊ ဗမာပြည်ကလည်း ဒေါ်လာ ၄၀၀ နဲ့ပဲ ဆိုပါတော့၊ ဈေးချင်း တူရင်တောင် သူတို့အတွက် ပိုကျန်တဲ့ ဗမာပြည်မှာပဲ ဝယ်တော့မှာပေါ့၊ ဒီသဘောပါ”ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်အိတ်စပို့ တင်ပို့ကြသော ကုမ္မဏီများသည် လက်ရှိအချိန်တွင် အီးယူနိုင်ငံများ အတွင်းရှိ စပိန်၊ ဘယ်လဂျီယမ်၊ ပေါ်တူဂီ စသော နိုင်ငံများသို့ တန်းမြင့်ဆန်များ တင်ပို့လျှက် ရှိလာသည်ဟု ၎င်းက ပြောသည်။
ပြည်ပသို့ ဆန်တင်ပို့ရာတွင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၁ သန်းခွဲ နီးပါး တင်ပို့ နိုင်ခဲ့ပြီး၊ ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ဆန်တန်ချိန် ၁.၁ သန်းသာ တင်ပို့နိုင်ခဲ့ရာ ဆန်တင်ပို့မှု လျော့ကြသွားသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံက ပြည်ပသို့ ဆန်တင်ပို့မှု စုစုပေါင်း ရာခိုင်နှုန်း၏ တဝက်ကျော်မှာ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းမှ တဆင့် တရုတ် နိုင်ငံသို့ တင်ပို့နေရပြီး၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အတွင်း ဆန်တန်ချိန် ၈ သိန်းကျော်ကို တရုတ်သို့ တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်း၏ မှတ်တမ်းများ အရ သိရသည်။