မြန်မာနိုင်ငံရှိ ထင်ရှားသည့် ကုမ္ပဏီ ၆၀ ၏ ပွင့်လင်းမြင်သာရှိမှု ၊ လူ့အခွင့်အရေးနှင့် ကျန်းမာရေး၊ လုံခြုံစိတ်ချမှုနှင့် အဂတိ လိုက် စားမှု တိုက်ဖျက်ရေး လုပ်ဆောင်မှု အခြေအနေ တို့ကို လာမည့် ဇူလိုင်လတွင် အဆင့်အလိုက် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ထုတ်ပြန်မှုများကို ယူကေ အခြေစိုက် လူ့အခွင့်အရေးနှင့် စီးပွားရေး လုပ်ငန်းအဖွဲ့ (Institute of Human Rights and Business) နှင့် ဒိန်းမတ် လူ့အခွင့်အရေး အဖွဲ့အစည်း(Danish Institute of Human Rights) တို့ ပူးပေါင်း ဖွဲ့စည်းထားသည့် ရန်ကုန်အခြေစိုက် မြန်မာ့ စီးပွားရေးကဏ္ဍ တာဝန်ယူမှု ရရှိရေး အထောက်အကူပြု အဖွဲ့ (MCRB) က တာဝန်ယူ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
“ရလဒ်တွေကို လာမယ့် ဇူလိုင်လမှာ ထုတ်ပြန်သွားမှာပါ၊ ကော်လံ သုံးမျိုးနဲ့ ကုမ္ပဏီတွေကို ခွဲပြီး ထုတ်ပြန် သွားမယ်၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အပိုင်း ဆောင်ရွက်ချက်၊ အဖွဲ့အစည်းဆိုင်ရာ ပွင့်လင်း မြင်သာမှုရှိမှု အပိုင်း ၊ နောက်တခုက လူ့အခွင့်အရေး၊ ကျန်းမာရေး လုံခြုံစိတ်ချမှုနဲ့ သဘာ၀ ပတ်ဝန်းကျင် အပိုင်းပေါ့၊ ကုမ္ပဏီ ၆၀ နာမည်နဲ့ ဘယ်သူက ထိပ်ဆုံး၊ ဘယ်သူက အောက်ဆုံး ရှိတယ် ဆိုတာကို ထုတ်ပြန်မှာပါ၊ ပြီးရင် သူတို့ဆီလည်း ပို့မယ်၊ MCRB ရဲ့ ဝက်ဘ်ဆိုက်မှာလည်း တင်မယ်”ဟု MCRB ၏ ဒါရိုက်တာ Mrs.Vicky Bowman က ပြောသည်။
အဆိုပါ အဖွဲ့သည် ပွင့်သစ်စ စီမံချက် အမည်ဖြင့် ပြည်တွင်းရှိ ထင်ရှားသော ကုမ္ပဏီပေါင်း ၆၀ ၏ ဝက်ဘ်ဆိုက်များကို လေ့လာ သုံးသပ်ခြင်းနှင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး လုပ်ဆောင်ချက်များကို တွန်းအားပေး လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
“ကုမ္ပဏီ ၆၀ ရဲ့ ဝက်ဘ်ဆိုက်တွေကို လေ့လာတဲ့ အခါမှာ တဝက် ကျော်ကျော်လောက်ကပဲ ဝက်ဘ်ဆိုက် ရှိတာကို တွေ့ရပါတယ်၊ အချို့ကတော့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး လုပ်ဆောင်ချက်တွေကို ဖော်ပြထား ပါတယ်၊ ဒါပေမယ့် အလွန်နည်းတဲ့ အရေ အတွက်ကပဲ တာဝန်ယူမှုရှိတဲ့ စီးပွားရေးလုပ်ငန်း အလေ့အထတွေကို ဖော်ပြဖို့ ဝက်ဘ်ဆိုက်ကို သုံးကြပါတယ်”ဟု Mrs. Vicky Bowman က ပြောသည်။
လက်ရှိ ၎င်းတို့ အဖွ့ဲ လုပ်ဆောင်နေသည့် ကုမ္ပဏီ ၆၀ မှာ ပြည်တွင်း ကုမ္ပဏီများသီးသန့် ဖြစ်ပြီး ပြည်ပမှ လာရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေသည့် ကုမ္ပဏီများ ပါဝင်ခြင်းမရှိကြောင်း သိရသည်။
သို့သော် MCRB နည်းတူ လုပ်ဆောင်မှုများ ကို ပြည်တွင်း ကုမ္ပဏီများတွင် မဟုတ်ဘဲ ပြည်ပမှ လာရောက်လုပ်ကိုင်နေသည့် ကုမ္ပဏီ များ၌ ဆောင်ရွက်ခဲ့သော အတွေ့အကြုံရှိသည့် ယူကေ အခြေစိုက် Business and Human Rights Resource Center မှ ဒါရိုက်တာ Phil Bloomer က ၎င်းတို့ အတွေ့အကြုံများကို ပြောပြသည်။
Mr.Phil Bloomer က “ဥပမာ အနေနဲ့ ဗမာနဲ့ ထိုင်းကြားမှာ ရှိတဲ့ ရေနံပိုက်လိုင်း နှစ်ခု စလုံးကို ဆက်သွယ်ပါတယ်၊ တခုက TOTEL နောက်တခုက PTTEP ပေါ့၊ TOTEL က အရေးတယူ ပြန်ပြီး ဆက်သွယ်တာ တွေ့ရတယ်၊ PTTEP ကတော့ လုံး၀ အကြောင်းပြန်ခြင်း မရှိပါဘူး၊ ဒါနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ မလုပ်ပါနဲ့လို့ ဆိုပါတယ်”ဟု ပြောသည်။
ကုမ္ပဏီများနှင့် ပတ်သက်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှု၊ ပွင့်လင်းမြင်သာမှု ကိစ္စများကို ထုတ်ဖော် တိုင်ကြားမှုများ ရှိနေကြောင်း၊ ၎င်းတို့ထံ ရောက်ရှိလာသည့် တိုင်ကြားမှုများ၏ ၅၀ ရာခိုင်နှုန်းမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများမှ ဖြစ်ပြီး ငါးပုံ တပုံမှာ ဘဏ်နှင့် အာမခံ လုပ်ငန်းများမှ ဖြစ်ကြောင်း၊ ခရီးသွား လုပ်ငန်းမှာ ၁၀ ရာခိုင်နှုန်းခန့် ရှိပြီး ရေအားလျှပ်စစ် လုပ်ငန်းမှာ ၈ ရာခိုင်နှုန်း ရှိနေကြောင်းလည်း Mr.Phil Bloomer က ပြောဆိုသည်။