မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများအတွက် အဓိက အဟန့်အတားများတွင် ခြစားမှု၊ ကျွမ်းကျင်လုပ်သား ရှားပါးခြင်းနှင့် နည်းပညာ ရှားပါးခြင်းတို့ ထိပ်ဆုံးမှ ပါဝင်လျက်ရှိကြောင်း မြန်မာပြည်တွင်း စီးပွားရေးဆိုင်ရာ စစ်တမ်း ၂၀၁၄ ၏ ထုတ်ပြန်ထားချက်အရ သိရသည်။
ယခု စစ်တမ်းကို မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် အပါအဝင် ကုလသမဂ္ဂ အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေး ကော်မရှင် (UNESCAP) နှင့် ပြင်သစ်အခြေစိုက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OECD) တို့က ပူးပေါင်းကောက်ယူခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ကောက်ယူရာ၌ စီးပွားရေး လုပ်ငန်းမျိုးစုံ၌ လုပ်ငန်းလိုင်စင်နှင့် ခွင့်ပြုမိန့် ရရှိရေးအတွက် တိတ်တဆိတ် လာဘ်ထိုးမှုများ ရှိနေသေးကြောင်း၊ စစ်တမ်းကောက်ယူမှုတွင် ပါဝင်သည့် ဖြေဆိုသူ ထက်ဝက်ခန့်မှာ ပေးရန် လိုအပ်သည့် ငွေကြေးထက် ကျပ် ၅ သိန်း ပိုမို ပေးဆောင်နေရပြီး တချို့မှာ ကျပ်သိန်း ၁၀၀ အထိ ပိုမို ပေးဆောင်နေရကြောင်း ဖော်ပြထားသည်။
“ခြစားမှုတွေကတော့ ဆက်ရှိနေဦးမှာပဲ၊ အကုန်လုံး မကောင်းနိုင်သေးပါဘူး။ ဒါတွေက တော်တော်များများ ပြုပြင်ပြောင်းလဲယူရဦးမှာပါ။ အရင်ထက်တော့ နည်းနည်း လျော့လာတာပေါ့။ အရင်လောက်တော့ မဆိုးတော့ပါဘူး” ဟု မြန်မာနိုင်ငံ ပုဇွန်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးနှင်းဦးက မှတ်ချက်ပြုသည်။
ယခုစစ်တမ်းမှာ ပြည်တွင်းစီးပွားရေး လုပ်ငန်းအားလုံးနီးပါးကို ခြုံငုံမိစေရန်အတွက် ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ စက်ရုံများနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းအပါအဝင် လုပ်ငန်းအမျိုးပေါင်း ၃၀၀ ကျော်ကို ကောက်ယူခဲ့ခြင်းလည်း ဖြစ်သည်။
၎င်းတို့ အနေဖြင့် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ရာတွင် ထူးခြားစွာတွေ့ရသည်မှာ စီးပွားရေးလုပ်ငန်းများ၏ အခြေခံ လိုအပ်ချက်ဖြစ်သော လျှပ်စစ် ဓာတ်အား မလုံလောက်မှု ပြဿနာသည် ခြစားမှု၊ ကျွမ်းကျင်လုပ်သား ရှားပါးမှုနှင့် ငွေကြေးပြဿနာများ၏ နောက်တွင် လိုက်နေကြောင်း စစ်တမ်းက ဆိုသည်။
ထို့အပြင် တခြားအခက်အခဲများ ဖြစ်လေ့ရှိသည့် မူပိုင်ခွင့်၊ အခွန်ထမ်းဆောင်မှု၊ အလုပ်သမားစည်းမျဉ်းနှင့် စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များသည် အဟန့်အတားများကို အစဉ်လိုက် တွက်ချက်ရာတွင် နောက်ဆုံးတွင် ရှိနေသည်ဟု ဆိုထားသည်။
ကျွမ်းကျင်လုပ်သား ရှားပါးမှု ပြဿနာသည်လည်း ဖြေဆိုသူအားလုံး၏ ၆၀ ရာခိုင်နှုန်းအတွက် ဒုတိယ အဓိက ပြဿနာဖြစ်နေကြောင်း၊ ဟိုတယ် စားသောက်ဆိုင်နှင့် တခြား ဝန်ဆောင်မှု လုပ်ငန်းများ အပါအဝင် ကုန်ထုတ်လုပ်ငန်းများတွင် အများဆုံး ဖြစ်နေသည်ဟု သိရသည်။ ထို့အပြင် ကွန်ပြူတာ၊ အိုင်တီနှင့် ဆက်စပ် လုပ်ငန်းများတွင် ကျွမ်းကျင်လုပ်သားရော အခြေခံလုပ်သားပါ ရှားပါသည့် ပြဿနာ ကြုံတွေ့နေရသည်ဟု ပါရှိသည်။
“နေရာတိုင်းမှာ ဒီပြသနာက ရှိပါတယ်။ တော်တဲ့၊ ထက်မြက်တဲ့ သူတွေကျတော့လည်း ဒီကလစာနဲ့ မလုပ်နိုင်ကြတော့ဘူး၊ ပညာတတ်ဆိုတဲ့ သူက တတ်သွားရင်တော့ ပြည်ပထွက်ခွာတာ များတယ်။ မြန်မာနိုင်ငံမှာ ပညာနဲ့လုပ်စားဖို့လည်း ခက်ပါတယ်။ ဒီမှာ ကိုယ့်ဟာကိုယ် ကွမ်းယာဆိုင်ပဲ ဖွင့်ဖွင့်၊ မုန့်ဟင်းခါးဆိုင်ပဲ ဖွင့်ဖွင့် အဆင်ပြေမယ်။ လုပ်ငန်းရှင်ပဲ၊ အဆင်ပြေတာပေါ့၊ တိုင်းပြည် စီးပွားတက်မယ်၊ လုပ်ခလစာနဲ့ အာဆီယံ စံနှုန်းပေးနိုင်တဲ့အခါမှပဲ ဒီကျွမ်းကျင်လုပ်သား ရှားပါးမှု ပြဿနာက အဆင်ပြေသွားမယ်” ဟု Farmer Car Showroom မှ CEO ဒေါက်တာ စိုးထွန်းက ပြောသည်။
စစ်တမ်း ကောက်ယူမှုတွင် တွေ့ရှိရသည့် လိုအပ်ချက်များထဲတွင် လုပ်ငန်းအားလုံး၏ ထက်ဝက်ကျော်မှာ ငွေကြေးအကူအညီများ လိုအပ်နေသည့် အနေအထားဖြစ်ပြီး သုံးပုံတပုံမှာ ပြင်ပကြွေးမြီများ ရှိနေသည်ဟု ပါရှိသည်။