လက်ရှိ ပဲ အရောင်းအဝယ် လောကတွင် ဂယက် ရိုက်နေသည့် ငွေကြေးဆိုင်ရာ ပြဿနာ ဖြစ်နေသော မိုးသက် ကုမ္ပဏီအား ကုမ္ပဏီ၏ လက်ကျန် ရှိနေသည့် ငွေနှင့် ပဲတန်ချိန်တို့ အပေါ် တွက်ချက်ပြီး မျှတစွာ ရှင်းလင်း ပေးသွားမည်ဟု ကုန်သွယ်မှု ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
ပဲဈေးနှုန်း အပြောင်းအလဲနှင့် ထပ်တူ များပြားလာသည့် ငွေကြေး ပမာဏအား ကုမ္ပဏီက ရှင်းလင်းနိုင်ခြင်း မရှိသဖြင့် မြန်မာနိုင်ငံ ပဲ မျိုးစုံနှင့် နှမ်းကုန်သည်ကြီးများ အသင်းသို့ ပေးရန်၊ ရရန် ရှိသော စာရင်းများကို လာရောက်အပ်နှံ၍ ဖြေရှင်းစေခဲ့ခြင်း ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်မှု ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းအောင်ကျော်က ပြောသည်။
“နိုင်ငံခြား ကုမ္ပဏီတွေက များပါတယ်၊ အထိုက်အလျောက်တော့ သူ့မှာ ပဲတွေ ရှိပါတယ်၊ ပဲက သူဝယ်ထားတာတွေ သိမ်းဖို့ရယ်၊ ဂိုဒေါင်ထဲက လက်ကျန်ရယ် ပေါင်းရင် တန်ချိန်၂သောင်း ကျော်တယ်၊ ဒေါ်လာလည်း ၂သန်းကျော်လား၊ ဘဏ်ထဲမှာ၊ အဲဒီလိုတော့ ရှိ ပါတယ်၊ ပိုက်ဆံတွေ ရှိပါတယ်၊ ဒါတွေကို မျှမျှတတ ဖြစ်အောင် လုပ်မှာပါ”ဟု ဦးသန်းအောင်ကျော်က ပြောဆိုသည်။
ထိုကိစ္စကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဝင်ရောက်ကူညီ၍ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်ကြီးများ အသင်းနှင့် ကုန်စည်ဒိုင်တို့မှ တာဝန်ရှိသူများ ပါဝင်သော ညှိနှိုင်းဖြေရှင်းရေး အဖွဲ့ ဖွဲ့ပြီး ဖြေရှင်း ဆောင်ရွက် ပေးနေရကြောင်းလည်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်ကြီးများ အသင်းက မိုးသက် ကုမ္ပဏီနှင့် ပေးရန် ရရန်ရှိသော ပြည်တွင်း ပြည်ပ ကုမ္ပဏီများကို အချက်အလက် အပြည့်အစုံနှင့် လာရောက် ဆက်သွယ်ရန် မေ ၄ ရက်က စာထုတ်ထားပြီး မေ ၆ရက် ညနေ နောက်ဆုံးထား ဆက်သွယ်ရမည် ဖြစ်ကြောင်း၊ ယင်းသတ်မှတ်ချိန်ထက် ကျော်လွန်ပါက ရမည် မဟုတ်ကြောင်း ပါရှိသည်။
“အထောက်အထား မှန်မှန်ကန်ကန်နဲ့ ဆိုရင်တော့ရမှာပဲ၊ ဘယ်လောက် ပမာဏရမယ် ဆိုတာတော့ မပြောနိုင်သေးဘူး၊ သူ့ဟာက များတယ်ဆိုလည်း အကုန်အပြည့် ရမှာပဲ၊ သူလည်း ပေးနိုင်လောက်တယ် ဆိုတဲ့ အနေအထားမှာ သူ့လုပ်ငန်းကို ရပ်ပြီး အပ်တာပဲ လေ၊ ထပ်လုပ်ရင် ဆက်များလာပြီး သူမနိုင် ဖြစ်မှာ စိုးလို့ ဒီမှာ ဖြတ်ချ လိုက်တာပဲ”ဟု ဦးသန်းအောင်ကျော်က ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်ကြီးများ အသင်းက ဆက်သွယ်ရန် ထုတ်ပြန်ထားသည့် စာအတိုင်း လာရောက် ဆက်သွယ်သူများ ရှိသော်လည်း သတ်မှတ်ရက် မပြည့်သေးသဖြင့် စာရင်းချုပ် မရသေးကြောင်း သိရသည်။
“မိုးသက် ကုမ္ပဏီက သူတင်ကတည်းက သူ့ဘက်က ပေးရန်၊ ရရန် ဆိုတဲ့ စာရင်းတွေ ရှိပြီးသား၊ ကျနော်တို့က အဓိက အဲ့ဒီ စာရင်း အပြင် အခြားသူတွေ ရှိမလားဆိုပြီး ထပ်ခေါ်ထားတာ၊ မနက်ဖြန် ညနေအထိ ထပ်ခေါ်ထားတယ်၊ အခုအထိတော့ ဘာမှ လာတာ မရှိ သေးပါဘူး၊ ကုမ္ပဏီ စာရင်းတွေက ဒီဘက်မှာ ပြန်စစ်ဆေး လက်ခံ လုပ်နေဆဲမို့ပါ၊ ဗုဒ္စဟူးနေ့ မနက်ဆိုရင် အကုန်ပြောလို့ ရပါပြီ” ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးထွန်းလွင်က ပြောသည်။
လက်ရှိတွင် မိုးသက်ကုမ္ပဏီက တင်ပြလာသော စာရင်းများကို အပ်နှံထားသည့် ဘဏ်စာရင်းများကို သွားရောက် စစ်ဆေးနေပြီ ဖြစ် ကြောင်း သိရသည်။
“ပစ္စည်းရော ငွေရော အထိုက်အလျောက် ရှိတာ ဆိုတော့ သိပ်မကြာဘူး၊ ရှင်းလင်းတာ အမျိုးမျိုး ရှိတယ်လေ၊ အချို့က လုပ်ငန်း ထဲမှာ ဆက်လုပ် နေတဲ့သူကြတော့၊ တနှစ်ဆိုင်းတို့ ဘာတို့ပေါ့၊ ဥပမာ သိန်းပေါင်း ၁သောင်းလောက် ရှိတယ်၊ အခု ၅ထောင် ယူ ထားပေါ့၊ နောက် ၆ လလောက် နေမှ ထပ်ယူ ဆိုတာမျိုး၊ အဲဒီလို စနစ်မျိုးလည်း ရှိတယ်လေ၊ အခုကတော့ အဲဒီလိုမျိုး မဟုတ်ဘူး၊ သူက ဒီလုပ်ငန်းကို ဆက်မလုပ်တော့ဘူး”ဟု ဦးထွန်းလွင်က ပြောဆိုသည်။
မိုးသက် ကုမ္ပဏီက ယခုကဲ့သို့ ငွေကြေး အရှုပ်အရှင်း မဖြေရှင်းနိုင်မှု အပေါ် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်ကြီးများ အသင်း က လာရောက် ဆက်သွယ်ရန် ရက်သတ်မှတ် ထုတ်ပြန်ခဲ့မှု နည်းသည့်အတွက် မျှတမှုရှိရန် လိုအပ်ကြောင်း ဘုရင့်နောင် အခြေ စိုက် ကုန်သည် တချို့က ပြောသည်။
“စာရင်းက မနက်ဖြန်ဆို ပိတ်ပြီ၊ မနက်ဖြန်မှ သွားပြီး စာရင်း မပေးမိရင် ဘယ်လို လုပ်မလဲ၊ မပေးမိရင် မရတော့ဘူး ဆိုတော့ တရား ပါ့မလား”ဟု ဘုရင့်နောင် အခြေစိုက် ကုန်သည်တဦးက ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ပဲလောက ငွေရေးကြေးရေး အရှုပ်အရှင်းများ မကြာခဏ ဖြစ်တတ်လေ့ရှိပြီး ယခု ဖြစ်ရပ်သည် ကုန်သွယ်မှု တက် လာရန် ဖြေလျှော့ပေးမှု အပိုင်းများနှင့်လည်း ဆက်စပ်မှုများ ရှိကြောင်း သိရသည်။
ယခင် ပဲတင်ပို့မှုများ လုပ်ဆောင်ရာတွင် ပဲဂိုဒေါင်တွင် ပဲရှိမှသာ သင်္ဘော တင်ပို့ခွင့် လိုင်စင် ထုတ်ပေးခြင်း ဖြစ်ပြီး ဂိုဒေါင်သို့ သွားရောက် စစ်ဆေးသော အဖွဲ့များလည်း ရှိကြောင်း၊ ယခု ဖြစ်စဉ်မှာ ကုန်သွယ်မှုဆိုင်ရာ ဖြေလျှော့မှု အဖြစ် ပဲတင်ပို့မှုအတွက် လိုင်စင် လိုအပ်ခြင်း မရှိတော့သည့် အနေအထားများကြောင့် ဖြစ်ပွားရခြင်း ဖြစ်ကြောင်း ပဲကုန်သည် တချိူ့က ပြောသည်။
ယခု ပြဿနာ မဖြစ်ပွားခင် ၁ ရက်ဖြစ်သော မေ ၃ ရက်နေ့ ပဲဈေးကွက်တွင် ပေါက်ဈေးမှာ မတ်ပဲ RC ၁ တန်လျှင် ၇၂၅၀၀၀ ကျပ်နှုန်း ပေါက်ဈေးရှိခဲ့ပြီး မေ ၅ ရက်နေ့က မတ်ပဲ RC ဈေးနှုန်း ၁ တန်လျှင် ၇၁၈၀၀ ကျပ်နှုန်းသာ ကုန်စည်ဒိုင် ဖွင့်ဈေး ဖြစ်သွားခဲ့ကြောင်း၊ အရောင်းအဝယ် အခြေအနေမှာ ပုံမှန် ပြန်ဖြစ်နေကြောင်း သိရသည်။
ယခုကဲ့သို့သော ပဲလောက ငွေရေးကြေးရေး ပြဿနာ မျိုးမှာ ၂၀၀၈ ခုနှစ် အတွင်းက တကြိမ် ဖြစ်ပေါ်ခဲ့ဖူးသည်။