[irrawaddy_gallery]
“တုံကင်က ထွက်လာတဲ့ ရေကိုလည်း ကြည့်ပါဦး၊ ရေနောက်တွေပဲ ရတယ်၊ တူးတုန်းက အနက်ကြီး တူးမပေးခဲ့ဘဲ ရေထွက် တယ်ဆိုတာနဲ့ ထားခဲ့လိုက်တာ” ဟု အသက် ၂၅ နှစ်အရွယ် ကိုချမ်းမြေ့အောင်က ရေတုံကင်ကို မောကြီးပန်းကြီး နှိပ်ရင်း စိတ်ပျက်လက်ပျက် ပြောသည်။
သုံးရေတပုံး ရရှိဖို့ အချက်ပေါင်းများစွာ နှိပ်နေရသည့် ထိုမြေစိုက် တုံကင်လေးမှာ ကိုချမ်းမြေ့အောင်တို့ မိသားစု အပါအဝင် တခြားသော မိသားစုပေါင်း ၆၈ စု အတွက် စုပေါင်းသုံးရန် ထားရှိပေးသည့် ရေရရှိရာ နေရာများထဲမှ တခုဖြစ်သည်။
တုံကင် ၅ ခုအနက် ၁ ခုသာ ရေထွက်သဖြင့် မိသားစု ၆၈ စု မှာ ချိုးရေနှင့် သုံးရေကို တုံကင် ၁ ခုနှင့် တခြား ရေတွင်း ၂ တွင်းမှသာ အသုံးပြုနေရသည်ဟု ကိုချမ်းမြေ့အောင်က ဆိုသည်။
ကိုချမ်းမြေ့အောင်တို့ မိသားစုမှာ ယခင်က သီလဝါ အထူး စီးပွားရေးဇုန် စီမံကိန်း ကနဦး အကောင်အထည်ဖော်သည့် ဟက်တာ ၄၀၀ ပေါ်တွင် နေထိုင်ခဲ့သူများဖြစ်ပြီး လွန်ခဲ့သည် ၆ လခန့်မှ စတင်ကာ မြိုင်သာယာကွက်သစ် ဟု လူသိများလာသည့် ဤ နေရာသို့ ပြောင်းရွှေ့လာခြင်းဖြစ်သည်။
အစိုးရက သီလဝါ အထူးစီးပွားရေးဇုန် ထူထောင်ရန် မြေနေရာ ရွေးချယ်ခဲ့ပြီး သတ်မှတ် ဧရိယာအတွင်း နေထိုင်သော ဒေသခံများကို နစ်နာကြေးနှင့် နေထိုင်ရန် မြေနေရာများ ပေးကာ ပြောင်းရွှေ့ပေးခဲ့သည်။
သီးနှံလျော်ကြေးအဖြစ် လယ် ၁ ဧကလျှင် ကျပ် ၁၅ သိန်း၊ အစိုးရ ဆောက်ပေးသော အိမ်ကို လက်မခံလိုသောသူများ အတွက် အိမ်ပြန်လည် ဆောက်နိုင်ရေး အတွက် ကျပ် ၂၅ သိန်း နှင့် တခြား ပြောင်းရွှေ့စရိတ်၊ သက်ကြီးရွယ်အိုနှင့် ကျောင်းသား စရိတ်များဖြင့် သတ်မှတ် ပေးလျော်ကာ ပြောင်းရွှေ့နေရာ ချပေးခဲ့ကြသည်။
သို့သော် နေရာသစ်သို့ ပြောင်းရွေ့လာသူများအတွက် အဆင်မပြေမှုပေါင်းများစွာက ဆီးကြိုနေသည်ဟု ဆိုမည်။
လယ်ယာလုပ်ငန်းသာ လုပ်ကိုင်တတ်သည့် သူများအဖို့ လုပ်ကိုင်စားသောက်ရန် လယ်မရှိခြင်း၊ မွေးမြူရေးလုပ်ငန်း အတွက် အဆင်မပြေခြင်း၊ သောက်သုံးရေ ဝယ်ယူသုံးစွဲရခြင်း၊ ဆေးပေးခန်း မရှိခြင်း၊ သွားရေးလာရေး ပိုမိုခက်ခဲသည့် နေရာသို့ ရောက်ရှိနေခြင်း စသော ဒုက္ခပေါင်းစုံကို ပြောင်းရွေ့လာသည့် မိသားစုတိုင်း ရင်ဆိုင်နေရသည်။
ထို ဒုက္ခပေါင်းစုံကို ရင်မဆိုင်နိုင်ကြတော့သဖြင့် ရှိစုမဲ့စုကို ရောင်းချကာ ထွက်ခွာသွားကြသူ အများအပြားလည်း ရှိသည်ဟု လက်ရှိ နေထိုင်သူတို့က ပြောသည်။
“၁၅ ဦးလောက် အိမ်ကိုရောင်းပြီး ပြန်ပြောင်းသွားတဲ့သူတွေ ရှိတယ်၊ ဒီမှာ မလုပ်ကိုင် မစားတတ်ဘူး၊ ရတဲ့ ငွေလေးကလည်း အိမ်ဆောက်တာနဲ့ လေး၊ငါး၊ ခြောက်လ ထိုင်စားလိုက်တဲ့အခါ ကုန်တာပေါ့” ဟု ရွှေ့ပြောင်းလာရသူ ဦးဘသန်းက ပြောသည်။
ယခု ပြောင်းရွှေ့ခဲ့ရသည့် နေရာမှာ ကျောက်တန်းမြို့နယ် အပိုင်တွင်ရှိပြီး ကွင်းပြင်ခေါင်ခေါင်တွင်ဖြစ်သည်။ ဒေသခံများက ရေမြုပ်ကွင်းဟု ခေါ်သည်။ ရေဝပ်သည့် နေရာဖြစ်သည့်အတွက် မိုးရာသီ၌ မည်သို့နေထိုင်ရမည်ကို ကြိုတင် တွေးတော ပူပန်နေကြရကြောင်း သိရသည်။
“ကျမတို့က မိုးတွင်းကို ဒီနေရာမှာ မကြုံဖူးသေးဘူး၊ ဘယ်လို ခံရမလဲတော့ မသိဘူး။ ဓာတ်တိုင်ပိမှာကိုတော့ အကြောက်ဆုံးပဲ။ ဓာတ်တိုင်တွေက လုပ်ထားတာ ခိုင်ခိုင်မာမာ မရှိဘူး” ဟု ဒေါ်မြင့်မြင့်သိန်းက ဆိုသည်။
ထို့အပြင် မြေအောက်ရေ အခံရှိသည့် နေရာဖြစ်သဖြင့် အိမ်သာများမှာ မိလ္လာပြည့်လျှံမှုနှင့် ကြုံတွေ့နေရပြီး ကျန်းမာရေး ထိခိုက်မည်ကို စိုးရိမ်ကြောင်း ၎င်းက ဆက်ပြောသည်။
အစိုးရမှ လျော်ကြေးအဖြစ် ဆောက်လုပ်ပေးသည့် အိမ်များမှာ ၁၂ ပေ၊ ၁၆ ပေကျယ်သာ ကျယ်ဝန်းပြီး နေရာထိုင်ခင်း အဆင်ပြေမှုမရှိဟု သိရသည်။
“အိမ်က ရှေ့အဖီလည်း မပါ၊ နောက်အဖီလည်း မပါ၊ ပျဉ်ကာတောင် မဟုတ်ဘူး၊ အကာသားနဲ့ ဆောက်ပေးတာ။ နောက်တော့မှ အစည်းအဝေးတွေမှာ ပြောလို့ ပျဉ်ပြန်ကာပေးတာ။ အခင်းတွေကလည်း ဖြစ်သလိုတွေ ခင်းထားတယ်” ဟု ဆောက်ပေးသော အိမ်ကို ယူလိုက်ရသူတဦးက ပြောသည်။
အဆိုပါ အဆင်သင့်နေရန် ဆောက်လုပ်ပေးထားသည့် အိမ်များမှာ ကျပ် ၂၅ သိန်း ကုန်ကျသည် ဆိုသော်လည်း ကာလ ပေါက်ဈေးအရ ၁၇ သိန်းခန့်သာ ကုန်ကျနိုင်သည်ဟု သိရသည်။
သီလဝါ စီမံကိန်းကြောင့် ပြောင်းရွှေ့လာရသူများအတွက် အစိုးရက အလုပ်အကိုင် အခွင့်အလမ်းများ ပြန်လည် ဖန်တီးပေးမည်ဆိုသည့် အချက်မှာလည်း လက်တွေ့အရ မဖြစ်သေးပေ။
ပြောင်းရွှေ့လာသည့် အိမ်ထောင်စု ၆၈ စု၌ စီမံကိန်းတွင် သွားရောက် အလုပ်လုပ်ကိုင်သူမှာ ၁၀ ဦးပင် မပြည့်ကြောင်း၊ ခရီးဝေးလွန်းသဖြင့် နေ့တွက်စရိတ်ပင် မကိုက်ကြောင်း သိရသည်။
“ဆိုဒ်ထဲမှာ တနေကုန် နေပူမှာ လုပ်တာ ကျပ် ၅၀၀၀ ရတယ်။ ဆိုင်ကယ် ကယ်ရီခက အသွားအပြန် နှစ်ထောင် ကျတယ်၊ မကိုက်ဘူး။ ဟိန်းလိုက် ဟောက်လိုက်တာလည်း လွန်တယ်ဗျာ။ ကိုယ့်လယ်ကိုယ်စိုက်ရင် ဘယ်သူ့ အဟောက်မှ မခံရဘူး၊ အခုတော့ လယ်လည်း မရှိဘူး၊ အဟောက်လည်း ခံရတယ်” ဟု ဟက်တာ ၄၀၀ လုပ်ငန်းခွင်သို့ သွားရောက် လုပ်ကိုင်နေသောသူ တဦးက ပြောသည်။
မိသားစု ၆၈ စု မှာ ဒုက္ခသုက္ခ အဆင်မပြေမှုများနှင့် ရင်ဆိုင်နေရချိန်တွင် သီလဝါ မြေဟက်တာ ၄၀၀ စီမံကိန်းကို အကောင်အထည်ဖော် ရင်းနှီးတည်ထောင်သည့် MTHS အများပိုင် ကုမ္ပဏီ၏ အစုရှယ်ယာများမှာ ရောင်းမလောက်အောင် ဝယ်ယူသူတို့ များပြားလျက်ရှိပေသည်။
သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်း ဧရိယာမှာ ဟက်တာ ၂၄၀၀ ဖြစ်ရာ လက်ရှိ အကောင်အထည် ဖော်နေသည့် ဟက်တာ ၄၀၀ အတွက် အိမ်ထောင်စု ၆၈ စုပြောင်းရွေ့ခဲ့ရပြီး ကျန်မြေ ဟက်တာ ၂၀၀၀ သာ ဆက်လက် အကောင်အထည် ဖော်ပါက ကျန်ဒေသခံများလည်း ယခုကဲ့သို့ အဆင်မပြေမှုများကို ရင်ဆိုင်ရဖွယ်ရှိသည်။
မြန်မာ-ဂျပန် အစိုးရ နှစ်ရပ်စလုံးနှင့် ပါဝင်ဆောင်ရွက်နေသည့် ကုမ္ပဏီများ အနေဖြင့် လက်ကျန် ဟက်တာ ၂၀၀၀ ၌ လက်ရှိ နေထိုင်နေသည့် ပြောင်းရွေ့ပေးရမည့် ဒေသခံများအတွက် ပြောင်းရွှေ့နေရာချထားမှု အဆင်ပြေစေရေးအတွက် ဆောင်ရွက်ရန် လိုအပ်နေပြီ ဖြစ်သည်။