မြန်မာနိုင်ငံ အပါအဝင် အဆင်သင့် မဖြစ်သော နိုင်ငံများ ရှိနေသေးသော်လည်း အာဆီယံ စီးပွားရေး အသိုက်အဝန်း(AEC) ဖော် ဆောင် မှုကို မူလသတ်မှတ် ထားသည့် ၂၀၁၅ ခုနှစ်တွင်ပင် စတင်မည် ဖြစ်ကြောင်း သိရသည်။
အဆင်သင့် မဖြစ်သော နိုင်ငံများမှာ အာဆီယံတွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်မှု နောက်ကျသည့် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် နိုင်ငံတို့ ဖြစ်ပြီး ထိုနိုင်ငံများကို ၂၀၁၈ ခုနှစ်အထိ ပြင်ဆင်ချိန် ၃ နှစ် ထပ်မံ တိုးမြှင့် ပေးထားသည်။
ထိုသို့ ပြင်ဆင်ချိန် တိုးပေးရခြင်းသည် ဖွံ့ဖြိုးမှုကွာဟ၍ ဖြစ်ကြောင်း အာဆီယံ အဖွဲ့ဝင်နိုင်ငံများက သဘောတူ သတ်မှတ် ခဲ့သည် ဟု သိရှိရသည်။
မြန်မာနိုင်ငံ အနေနှင့် AEC ဖော်ဆောင်မှုတွင် ပြင်ဆင်ချိန် ၃ နှစ် ထပ်မံ တိုးရခြင်းသည် လုပ်ငန်း တစိတ်တပိုင်း အတွက်သာ ဖြစ်ကြောင်း၊ သက်ဆိုင်ရာနိုင်ငံမှ တင်ပြထားသော အဆင်သင့်မဖြစ်သေးသည့် လုပ်ငန်းတချိူ့အတွက်သာ ဖြစ်ကြောင်း၊ AEC အကောင် အထည် ဖော်ဆောင်မှုသည် မူလသတ်မှတ် သဘောတူထားသည့် အတိုင်း ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ တွင် စတင်မည် ဖြစ်ကြောင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် AEC အလုပ်ရုံ ဆွေးနွေးပွဲများ ဦးဆောင် ကျင်းပပေးနေသည့် Parami Enegry Group Of Company အကြံပေး အရာရှိ ဦးတင်ချိုက ပြောသည်။
“အစိုးရက အာဆီယံ အတွင်းရေးမှူးချုပ် ရုံးကို ကြိုပြီး အကြောင်းကြားတာ၊၂၀၁၅ ဒီဇင်ဘာ ၃၁ မှာ ကျနော်တို့ ဒီ ကုန်ပစ္စည်းတွေရဲ့ ထုတ်လုပ်မှုနဲ့ ဖြန့်ဖြူးရောင်းချမှုက AEC ဝင်ဖို့ အဆင်သင့် မဖြစ်သေးပါဘူး၊ ၂၀၁၈ အထိ အချိန် လိုချင်ပါတယ်လို့ တရားဝင် ပြော ထားရင်တော့ အဲ့ဒီပစ္စည်း အတွက် စောင့်ပေးမယ်လို့ ပြောတာပါ။ အကုန်လုံး ၂၀၁၈ အထိ ရပ်ဆိုင်းပေးမယ် ပြောတာ မဟုတ်ဘူး။ ၂၀၁၅ ဒီဇင်ဘာ ၃၁ မှာ သဘောတူထားတဲ့ အတိုင်း စမှာ၊ အဲဒီတော့ ၂၀၁၈ အထိ မစောင့်ဘဲနဲ့ အသင့်ဖြစ်တဲ့ နိုင်ငံတွေကတော့ ဗမာပြည်ထဲကို ဝင်လာမှာပဲ၊ အချို့ ပစ္စည်းတွေက Free Flow ဖြစ်မယ်၊ အချို့ဟာတွေတော့ ကျန်နေဦးမှာပဲ”ဟု ဦးတင်ချိုက ဆို သည်။
မြန်မာနိုင်ငံက အကောက်ခွန် လျှော့ချမှုကို ၂၀၀၈ ခုနှစ်မှ စတင် လုပ်ဆောင်ခဲ့ရာတွင် လက်ရှိ အချိန်၌ သုံည ရာခိုင်နှုန်းနှင့် ၅ ရာ ခိုင်နှုန်း ကြားတွင်သာ ရှိတော့ကြောင်း၊ ကုန်ပစ္စည်း အနည်းစုသာ ၅ ရာခိုင်နှုန်း အထက်တွင် ရှိနေသည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန(စီးပွား/ကူးသန်း) အဆင့်မြင့် အရာရှိ တဦးက ပြောသည်။
“အကောက်ခွန် အကြမ်းဖျင်းက သုညကနေ ၅ ရာခိုင်နှုန်းပေါ့၊ အချို့ကုန်စည်တွေကျ ပိုများတာပေါ့၊ အရေးကြီးတဲ့ ကုန်စည်တွေတော့ ကျန်သေးတယ်၊ အများစုကတော့ တော်တော်လေး လျှော့ပြီး သွားပါပြီ၊ ဒါပေမယ့် လျှော့မပေးတဲ့ ဟာတွေလည်း ရှိတယ်၊ ၂၀၁၈ ကျရင် အကုန်လုံး လျှော့ချသွားမယ်”ဟု ၎င်းက ဆိုသည်။
AEC ဖြစ်ပေါ်လာချိန်တွင် အကောက်ခွန် အတားအဆီးများကို အာဆီယံ နိုင်ငံများ အကြားတွင် သုံည ရာခိုင်နှုန်း အထိ လျှော့ချရမည် ဖြစ်သည်။
ကျန်ရှိ နေသေးမည့် ကုန်ပစ္စည်း အမျိုးအမည်များမှာ ပြည်တွင်း ထုတ်လုပ်မှု အတွက် အရေးပါသော ပစ္စည်းများနှင့် အသေးစား၊ အလတ်စား လုပ်ငန်းများမှ ယှဉ်ပြိုင်ရန် ခက်ခဲသော ပစ္စည်းများ ဖြစ်ကြောင်းလည်း စီးပွား/ကူးသန်း အရာရှိက ပြောသည်။
ဦးတင်ချိူကလည်း “ကိုယ့်နိုင်ငံအတွက် အရေးကြီးတဲ့ လုပ်ငန်းမျိုးတွေ ပါမယ်၊ ဥပမာ ဆန်တင်ပို့ ရောင်းချတဲ့ လုပ်ငန်းမျိုးက ဗမာပြည် အတွက် အင် မတန် အရေးကြီးတဲ့ လုပ်ငန်းမျိုးပေါ့၊ အဲ့ဒီလို ဟာမျိုးနဲ့ ပတ်သက်လို့ ထဲထဲဝင်ဝင် ယှဉ်ပြိုင်ဖို့ အဆင်သင့် မဖြစ် သေးဘူး ဆိုတာမျိုးပေါ့၊ ဒီလို ပစ္စည်း အမျိုးအမည်တွေနဲ့ အစိုးရက သတ်မှတ်တဲ့ အချို့ဟာလောက်ပဲ စောင့်ဆိုင်းခွင့် ပေးမှာ”ဟု ပြော ဆိုသည်။
မြန်မာနိုင်ငံသည် ကုန်စည်၊ ဝန်ဆောင်မှု၊ ကျွမ်းကျင် လုပ်သားနှင့် ငွေကြေး အရင်းအနှီး လွတ်လပ်စွာ စီးဆင်းရမည် ဖြစ်သည့် AECတွင် အဆင်သင့် ဖြစ်မှုမှာ ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးမှု ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာ စန်းလွင်က ယခုနှစ် ဖေဖော်ဝါရီလ အတွင်းက ပြောထားသည်။
ယင်းကဲ့သို့ ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီဟု ပြောဆိုခဲ့သော်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်း အားလုံး၏ ၉၀ ရာခိုင်နှုန်းကျော် ဖြစ် သည့် အသေးစားနှင့်အလတ်စား လုပ်ငန်း(SME) များမှာ AEC တွင် ယှဉ်ပြိုင်နိုင်ရန် လိုအပ်ချက်များစွာ ရှိနေသည်ဟု ပြည်တွင်း လုပ်ငန်းရှင်များက ပြောဆိုလျက် ရှိသည်။
“လက်ရှိ သွားနေတဲ့ SME ပေါ်လစီတွေ၊ နိုင်ငံတော်ရဲ့ စက်မှုလက်မှု ပေါ်လစီတွေဟာ စာရွက်ပေါ်မှာပဲ ရှိနေသေးတယ်၊ လုပ်ချင် သူတွေ လုပ်နိုင်အောင်လို့ လုပ်ပေးတဲ့ အစီအစဉ်တွေက စိတ်ထဲမှာ ရှိချင်ရှိမယ်၊ တကယ်တန်း အစိုးရဘက်က ရွေ့တာ တော် တော် အားနည်းနေတယ်”ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် တွဲဖက် အတွင်းရေးမှူး ဦးအေးလွင်က ပြောသည်။
SME လုပ်ငန်းများ အတွက် လက်ရှိ ကြုံတွေ့နေရသည့် အဓိက အခက်အခဲများမှာ မြေဈေးနှုန်း ကြီးမြင့်ခြင်း၊ ဘဏ်ချေးငွေ အဆင် မပြေခြင်း နှင့် အစိုးရဘက်က ပံပိုးပေးနိုင်သည့် စီမံကိန်းများ နည်းခြင်းတို့ ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ဗီယက်နမ်၊ ထိုင်း စသော အာဆီယံ နိုင်ငံများမှ SME ထုတ်ကုန်ပစ္စည်းများကို မြန်မာ နိုင်ငံ၌ ကုန်စည်ပြပွဲများ ကျင်းပ ပြသခြင်း၊ ဖြန့်ဖြူး ရောင်းချခြင်းများ ပြုလုပ်နိုင်ကြကြောင်း၊ ယင်းသို့ ပြုလုပ်နိုင်ခြင်းသည် သက်ဆိုင်ရာ နိုင်ငံ အစိုးရများက အားပေးခြင်းကြောင်း ဖြစ်ကြောင့် ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောဆိုကြသည်။
သမ္မတ ဦးသိန်းစိန်က အာဆီယံ ဥက္ကဌ တာဝန်ယူထားချိန် အတွင်း SME လုပ်ငန်များ ဖွံ့ဖြိုးမှုကို အလေးပေး လုပ်ဆောင်သွားမည် ဟု ပြောကြားထားသော်လည်း အထက်ပါ နိုင်ငံများကဲ့သို့ မိမိတို့ နိုင်ငံမှ SME ထွက်ကုန်များကို သွားရောက် ခင်းကျင်းပြသနိုင်ရန် ပံ့ပိုးပေးမှုမှာ နည်းပါးနေသေးကြောင်းလည်း စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။
SME ဖွ့ံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ချက်များကို အစိုးရပိုင်းက အမြဲ ထည့်သွင်း ပြောဆိုနေသော်လည်း လက်တွေ့တွင် အသေးစားနှင့် အလတ်စား လုပ်ငန်း ဥပဒေ (SME Law) မှာ ထွက်လာနိုင်ခြင်း မရှိသေးဘဲ လွှတ်တော် အတွင်း ကြန့်ကြာ နေသည်။