၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပသော ဆီးဂိမ်းအပြီး ခရီးသည် ထင်သလောက်မရ၍ AirAsia က ဘန်ကောက်-နေပြည်တော် လေ ကြောင်း ခရီးစဉ်များ ရပ်ဆိုင်းခဲ့သော်လည်း ယခုလ အာဆီယံထိပ်သီး အစည်းအဝေး ကျင်းပသည့်ကာလအတွင်း ဘန်ကောက်လေကြောင်းလိုင်း (Bangkok Airways) က ဘန်ကောက်-နေပြည်တော် ခရီးစဉ်များ တိုးချဲ့ပျံသန်းပြေးဆွဲပေးနေသည်။
ဘန်ကောက် လေကြောင်း အနေဖြင့် ယခုလ အာဆီယံထိပ်သီး အစည်းအဝေးများအတွင်း ဘန်ကောက်-နေပြည်တော် ခရီးစဉ်အတွက် ATR-72လေယာဉ်များ အသုံးပြု တိုးချဲ့ပျံသန်းကြောင်း၊ မေ ၅ ရက်နေ့တွင် တိုးချဲ့ ပျံသန်းမှုစတင်ပြီး မေ ၃၀ ရက်တွင် ပြီးဆုံးမည်ဖြစ်ကြောင်း၊ ၂၄ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးကျင်းပသည့် မေ ၁၀ နှင့် ၁၁ ရက် များတွင် အစိုးရကိုယ်စားလှယ်များအတွက် ပြေးဆွဲ ပေးရန် စီစဉ်ခဲ့ကြောင်း သိရသည်။
ဘန်ကောက်လေ ကြောင်းလိုင်းသည် ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ လေဆိပ်နှင့် မြန်မာနိုင်ငံ နေပြည်တော်သို့ လာမည့် စက်တင်ဘာလကုန်ပိုင်းတွင် စတင်ပြေးဆွဲမည် ဖြစ်ပြီး ခရီးသည် ၇၀ ခန့် လိုက်ပါစီးနင်းနိုင်သည့် ATR -72 အမျိုးအစား လေယာဉ်ဖြင့် တပတ်လျှင် ၃ ရက်၊ တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များတွင် ပြေးဆွဲပေးနေသည်။
လူကြိုက်များသော Air Asia က ဒီဇင်ဘာလအတွင်း ပြုလုပ်ခဲ့သော နေပြည်တော် ဆီးဂိမ်း အတွင်း အားကစားသမားများ၊ အားကစားပရိသတ်များနှင့် ဂျာနယ်လစ်များ စီးနင်း ရန်ခုံ ၁၈၀ ပါသော A 320 aircraft လေယာဉ် များ ပြေးဆွဲပျံသန်းခဲ့သော်လည်း ပွဲအပြီးခရီးသွားမရှိ တော့၍ ဘန်ကောက်- နေပြည်တော် ခရီးစဉ်ကို ရပ် ဆိုင်းပစ်ခဲ့သည်။
Air Asia က ဘန်ကောက်-ရန်ကုန်နှင့် ဘန်ကောက်-မန္တလေး လေကြောင်း လိုင်းများကို ဆက်လက်ပြေးဆွဲနေသည်။ လေ့လာ စောင့်ကြည့်သူများက နေပြည်တော်သို့ လေကြောင်း ခရီးစဉ်များသည် ဒေသတွင်း နှင့် နိုင်ငံတကာဆိုင်ရာ အစည်းအဝေးနှင့် ပွဲလမ်းများကျင်းပမှသာခရီး သည်ရှိ တတ်သဖြင့် တည်ငြိမ်မှုမရှိဟု ထောက်ပြပြောဆိုကြသည်။
တချိန်တည်းတွင် ဖိလစ်ပိုင်နှင့် မြန်မာနိုင်ငံတို့မှ လေကြောင်း တာဝန်ရှိသူများ ယခုလအတွင်း ရန်ကုန်မြို့၌တွေ့ဆုံ ပြီး ၂ နှစ်နိုင်ငံ လေကြောင်းဝန်ဆောင်မှု သဘော တူညီချက်အတွက် ဆွေးနွေးကြမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံ သံအမတ်ကြီးက ပြောကြားလိုက်သည်။
ဖိလစ်ပိုင် ရေဒီယိုနှင့်ရုပ်သံဌာန PBS-RTVM နှင့် နေပြည်တော်တွင်ပြုလုပ်သည့် တွေ့ဆုံမေးမြန်း ခန်းတွင် ဖိလစ်ပိုင် သံအမတ်ကြီး Alex Chua က လေကြာင်းသဘောတူညီချက်နှင့် ပတ်သက်သည့် ၂ နိုင်ငံဆွေးနွေးမှု ကို မေလ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ရန်ကုန်မြို့တွင် ပြုလုပ်မည်ဖြစ်သည် ဟု ပြောကြားခဲ့သည်။
“ဒီနှစ် မေလ ၁၉ နဲ့ ၂၀ ရက်နေ့တွေမှာ နှစ်နိုင်ငံ လေကြောင်းဝန်ဆောင်မှု သဘောတူညီ ချက် ရရှိဖို့အတွက် ဖိလစ်ပိုင်နဲ့ မြန်မာလေကြောင်း တာဝန်ရှိတွေ ရန်ကုန်မြို့မှာ ဆွေးနွေးကြပါမယ်။ သဘောတူညီချက်ကြောင့် ဖိလစ်ပိုင်နဲ့ မြန်မာနိုင်ငံ ကြားမှာ ပထမဆုံး တိုက်ရိုက်လေယာဉ်ခရီးစဉ် ဖြစ် ပေါ်လာနိုင်ပါတယ်” ဟု Alex Chua ကပြောသည်။
လက်ရှိအချိန်တွင် မြန်မာနှင့် ဖိလစ်ပိုင်ကြား တွင် တိုက်ရိုက် လေယာဉ်ခရီးစဉ် မရှိသေးပါ။
အရပ်ဘက်လေကြောင်း ဘုတ်အဖွဲ့ (CAB) ၏ အမှုဆောင် ဒါရိုတ်တာ Carmelo L.Arcilla က မြန်မာနိုင်ငံ သည် ၁၉၇၉ ခုနှစ် ဇူလိုင်လတွင် ဖိလစ်ပိုင်နိုင်ငံနှင့် လေကြောင်း ပို့ဆောင်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည် ဟုဆိုသည်။
“ဒီသဘောတူညီချက်က အရမ်းဟောင်းနေပြီ ဖြစ်တဲ့အတွက် ခေတ်နဲ့ညီအောင် ပြုပြင်မွမ်းမံဖို့လိုပါ တယ်” ဟု Carmelo L.Arcilla က ဆိုသည်။ သဘောတူညီချက်အဟောင်းတွင် သယ်ဆောင်နိုင် စွမ်းနှင့် ပုံမှန်ခရီးစဉ် တည်ဆောက်မှုတွင် ကန့်သတ် ထားသည့် အချက်များပါဝင်နေသည်ဟုလည်း သူက ထပ်ပြောသည်။
ဒေသတွင်း လေယာဉ်လိုင်းများဖြစ်သည့် Cebu Pacific နှင့် Philippine Airilines တို့က မြန်မာ နိုင်ငံသို့ ပြေးဆွဲပျံသန်းရန် စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု CAB ၏အကြီးအကဲ Carmelo L.Arcilla ကပြောသည်။
“လေကြောင်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ဝင်လို့ရနိုင်မယ့် ဈေးကွက်နဲ့ ဈေးကွက်ရဲ့ အလား အလာတွေ ကိုဆွေးနွေးဖို့ ကျနော်တို့ စီစဉ်ထားပါ တယ်” ဟု Cebu Air မှ ဒုတိယ ဥက္ကဋ္ဌ Juan Lorenzo T.Tanada က Business World သတင်းဌာနသို့ ပြောကြားခဲ့သည်။
ခရီးစဉ်ပြေးဆွဲရန်နှင့် ပတ်သက်၍ ၎င်းတို့ လေကြောင်းလိုင်း၏ သဘောထားကိုမေးကြည့်သည့် အခါ အလွန်စိတ်ဝင်စားပါသည်ဟု သူကပြောသည်။
ဖိလစ်ပိုင်နိုင်ငံသည် တောင်အာဖရိက၊ အီသီ ယိုးပီးယား စသည့် နိုင်ငံများနှင့်လည်း ညှိနှိုင်းမှုများ ပြုလုပ်ရန်ရှိနေကြောင်း သိရသည်။