အရှေ့တောင်အာရှတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများအတွက် မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့သည် အလား အလာရှိသည့် “ပုန်းကွယ်နေသည့် ဈေးကွက်များ” ဖြစ်သည်ဟု စီးပွားရေး လေ့လာမှုတခုက ဆိုသည်။ သို့သော် တယောက်က တယောက်ကို ယှဉ်ပြိုင်ရင်း အဆုံးသတ်သွားနိုင်သည်ဟုလည်း ပြောသည်။ မြန်မာနှင့် ကမ္ဘောဒီးယား တို့သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် ယှဉ်ပြိုင်ရမည်ဟု ယူဆနိုင်သည့် ခရီးသွားလုပ်ငန်းနှင့် အဝတ်အထည် ထုတ်လုပ် ရေးလုပ်ငန်းများ ဖွံ့ဖြိုးနေသည့် နိုင်ငံများဖြစ်သည်။
မြန်မာနိုင်ငံနှင့် ပတ်သက်၍ “ကြီးမားသည့် စီးပွားရေးအလားအလာကောင်းများကို ရရှိနိုင်ရန်အတွက် အစိုးရက ပြုပြင် ပြောင်းလဲရေး အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် အလွန်အရေးကြီးသည်” ဟု လန်ဒန်တွင် ရုံးချုပ်ဖွင့်ထားသော Business Monitor International (BMI) ၏ လေ့လာမှုတွင် ဖော်ပြထားသည်။ BMI က ရင်းနှီးမြှုပ်နှံသူများ ရရှိရန် အလားအလာ ကောင်းများ ရှိနေသည့် လုပ်ငန်းများထဲမှ အဝတ်အထည်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း နှင့် ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်း များကို လေ့လာခဲ့ခြင်း ဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံတွင် တန်ဖိုးနည်းဈေးကွက်အတွက် ထုတ်လုပ်ပေးနေသည့် အဝတ်အထည်လုပ်ငန်း ရှိပြီးဖြစ်သည်။ မြန်မာနိုင်ငံက စီးပွားရေးနှင့် နိုင်ငံရေးအရ အထီးကျန် တံခါးပိတ်ထားချိန်တွင် ကမ္ဘောဒီးယားက ဟောင်ကောင်နှင့် ထိုင်ဝမ်မှ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ခဲ့သည်။ သို့သော်လည်း ယခုအချိန်တွင် မြန်မာနိုင်ငံကလည်း တံခါးဖွင့်လာပြီ ဖြစ်ပြီး အဆိုပါ ကဏ္ဍမှ ရင်းနှီးမြှုပ်နှံမှုများကို စတင်ဆွဲဆောင်နေသည်ဟု BMI ကပြောသည်။
“တချိန်တုန်းက ဒေသတွင်းမှာ ထုတ်လုပ်အားကောင်းခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အဝတ်အထည်လုပ်ငန်းက ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ကျဆင်း ပျက်စီးသွားခဲ့ပါတယ်။ ဒဏ်ခတ်အရေးယူမှုတွေ ပယ်ဖျက်လိုက်တဲ့ အချိန်မှာ အထည်ချုပ် လုပ်ငန်းရဲ့ အလားအလာတွေကို ကျနော်တွေ့ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးနိုင်မှုက အလွန်ကို နိမ့်ကျနေဆဲ ဖြစ်ပြီးတော့ အကန့်အသတ် ကြီးမားစွာရှိနေတဲ့ သယ်ယူပို့ဆောင်ရေး ကွန်ရက်ကြောင့် အခြေခံအဆောက်အဦက အဓိက ပြဿနာတခု ဖြစ်လာပြန်ပါတယ်” ဟု BMI မှ ပညာရှင်တဦး ဖြစ်သည့် Andrew Wood က အခြား ဒေသဆိုင်ရာ ကျွမ်းကျင်သူ ၂ ဦးနှင့် အတူပြုလုပ်သည့် အွန်လိုင်းဆွေးနွေးမှုတခုတွင် ပြောသည်။
“ဒါကို ဖြေရှင်းနိုင်ဖို့ အစိုးရဖက်ကနေ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်ဖို့ ပိုမိုအားထုတ်တာ၊ နိုင်ငံခြား ရင်းနှီးမြှုပ် နှံမှုဥပဒေတွေကို ရှင်းလင်းပြတ်သားအောင် လုပ်ပေးတာ၊ ဥပဒေစနစ်ကို ပိုမိုကြံ့ခိုင်အောင် ပြုလုပ်ပေးတာမျိုးတွေ ရှိဖို့ လိုပါတယ်။ အဲဒီအပိုင်းတွေမှာ တိုးတက်မှု အားကောင်းလာတာနဲ့ အမျှ မြန်မာနိုင်ငံရဲ့ အဝတ်အထည်လုပ်ငန်း ကဏ္ဍကလည်း မြင့်တက်လာမယ်လို့ ကျနော်ထင်ပါတယ်” ဟုလည်း သူက ဆိုသည်။
BMI ၏ Asia Country Risk and Financial Markets ဌာန အကြီးအကဲ Stuart Allsopp က ကမ္ဘောဒီယားတွင်လည်း အထည် ချုပ်လုပ်ငန်းများ တိုးချဲ့နိုင်မည့် အလားအလာများ ရှိခဲ့ကြောင်း ပြောသည်။ ကမ္ဘောဒီးယား နိုင်ငံကို ယခုအချိန် အထိ နိုင်ငံခြားရင်းနှီး မြှုပ်နှံသူများက တန်ဖိုးနည်းပစ္စည်း ထုတ်လုပ်ရေး ဈေးကွက်တခုအဖြစ် အာရုံစိုက်နေခဲ့ကြသော်လည်း ကမ္ဘောဒီယား အစိုးရက ထုတ်လုပ်ရေးကဏ္ဍကို တန်ဖိုးမြင့်ကုန် ထုတ်လုပ်ရေးအဖြစ်သို့ ရောက်ရှိနိုင်အောင် တွန်းတင်ဖို့ ကြိုးစားနေသည်ဟု သူကဆိုသည်။
“ဒီလိုလုပ်မယ်ဆိုရင် အလုပ်သမားတွေရဲ့ ကျွမ်းကျင်မှုကို မြှင့်တင်ပေးနိုင်ဖို့အတွက် ပညာရေးမှာ ရင်းနှီးမြှုပ်နှံဖို့ လိုပါတယ်” ဟု Stuart Allsopp ကပြောသည်။
သို့သော် အစဉ်အလာသမား နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူအချို့ က ကမ္ဘောဒီးယားနိုင်ငံတွင် ထုတ်လုပ်ရေး ကဏ္ဍကို ခုန်ကျော်မြှင့်တင်ပြီး မြန်မာနိုင်ငံတွင်လည်း စီးပွားရေးလုပ်ငန်း ထူထောင်လိုကြောင်း သက်သေ သာဓကများ ရှိနေသည်။
ရန်ကုန်မြို့ အပြင်ဖက်တွင်တည်ဆောင်နေသည့် သီလဝါ အထူး စီးပွားရေး ဇုန်တွင် စက်ရုံများဖွင့်လှစ်ရန် ဟောင်ကောင် အခြေစိုက် အထည်ချုပ်လုပ်ငန်းရှင် ၁၂ ဦးက ရည်ရွယ်မှုစာချွန်လွှာ (letters of intent) များ မတ်လအတွင်းက လက်မှတ် ရေးထိုးခဲ့ကြသည်ဟု လန်ဒန်မှ Financial Times သတင်းစာက ဆိုသည်။
“တရုတ်နိုင်ငံမှာ ကုန်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်း လုပ်ကိုင်ရာမှာ လုပ်ခလစာတွေ ရုတ်တရက် မြင့်တက်သွားတာ၊ အလုပ်သမား ငှားရမ်းဖို့ ခက်ခဲတာနဲ့ တရုတ်ငွေကြေးက ခိုင်မာနေတာတို့ကြောင့် အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာက မြန်မာနိုင်ငံမှာ စက်ရုံတွေ ဖွင့်လှစ်ဖို့ တွန်းအားဖြစ်လာပါတယ်” ဟုလည်း Financial Times သတင်းစာကဆိုသည်။
“ပြီးခဲ့တဲ့ နှစ်တွေအတွင်း အဝတ်အထည် ကုမ္ပဏီ အမြောက်အများဟာ သူတို့ ထုပ်လုပ်ရေးလုပ်ငန် းအစိတ်အပိုင်းတွေကို တရုတ်ပြည်မကြီးကနေ ဘင်္ဂလားဒေ့ရှ်လို နိုင်ငံတွေ အရှေ့တောင်အာရှမှာ ရှိတဲ့ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားလို နိုင်ငံတွေ ဆီကို ရွှေ့ပြောင်းခဲ့ပါတယ်” ဟုလည်း ရေးသားခဲ့သည်။
သို့သော်လည်း မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် အကြီးမားဆုံးယှဉ်ပြိုင်ရမည့် နေရာက ခရီးသွား လုပ်ငန်းဖြစ်ဖွယ်ရှိနေသည်။
မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ဧည်သည်ဝင်ရောက်မှု အရေအတွက် တည်ငြိမ်မှုမရှိဘဲ လုံလောက်သည့် နေရာထိုင်ခင်းပေးနိုင်ရေးတွင် အခက်အခဲ အမြဲတွေ့နေရသည်။ ခရီးသွားလုပ်ငန်းက တိုင်းပြည်စီးပွားရေးတွင် ထိထိရောက်ရောက် ပါဝင်နေသည့် ယခုအချိန်၌ နိုင်ငံ ၏ GDP တွင် ခရီးသွားလုပ်ငန်းက ၂၅ ရာခိုင်နှုန်းပါဝင်နေသည့် ကမ္ဘောဒီးယား အတွက် ပို အရေးကြီးနေပြီး ဆက်လက်မြင့်တက်လာရန်လည်း ရှိနေသည်ဟု Stuart Allsopp ကဆိုသည်။
နိုင်ငံတကာ လေကြောင်းလိုင်းများက ကမ္ဘောဒီးယား နိုင်ငံသို့ တိုက်ရိုတ်ပျံသန်းမှု ပိုများသည်။ တရုတ်လေကြောင်းလိုင်း များ အပြင် ယခုအချိန်တွင် ဂျပန်လည်းပါဝင်လာသည်။ ခရီးသွားလုပ်ငန်းက GDP တိုးတက်မှုတွင် အရေးပါသည့် အ ကြောင်းတရား တခုဖြစ်လာမည် ဟု သူကပြောသည်။
ကမ္ဘောဒီးယားနှင့် နှိုင်းယှဉ်လျှင် လာအိုနိုင်ငံက မြန်မာနိုင်ငံအတွက် ခြိမ်းခြောက်နိုင်မှု နည်းသည်။ အဘယ်ကြောင့် ဆို သော် သူ၏ အလားအလာသည် တရုတ်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံများသို့ လျှပ်စစ်ဓာတ်အား ပေးပို့မည့် ရေအားလျှပ်စစ် စီမံကိန်းများအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နိုင်ရေး အပေါ်တွင် မူတည်နေ၍ ဖြစ်သည်ဟု BMI ကဆို သည်။
မြန်မာနိုင်ငံက ဧရာဝတီမြစ်ပေါ်မှ မြစ်ဆုံဆည်ကဲ့သို့သော အဓိက ရေအားလျှပ်စစ်စီမံကိန်းကြီးများကို ခွင့်ပြုပေးရန် တွန့်ဆုတ်နေချိန်တွင် လာအိုနိုင်ငံက ရေကာတာ ၇၀ ဆောင်လုပ်ရန် စီစဉ်နေသည်ဟု BMI မှ အခြားပညာရှင် တယောက် ဖြစ်သော Beng Hui Chew ကပြောသည်။
တရုတ်၊ ထိုင်း နှင့် ဗီယက်နမ်တို့၏ ဘဏ္ဍာရေးထောက်ပံံ့မှုဖြင့် ဆောင်ရွက်မည့် ရေအားလျှပ်စစ် စီမံကိန်းများသည် လာအို နိုင်ငံ၏ စီးပွားရေးတိုးတက်မှုအတွက် အဓိက မောင်းနှင်အားများ ဖြစ်သည်ဟု လည်းသူကဆိုသည်။ ယခုအချိန်အထိ ရေ ကာတာစီမံကိန်းများကို ဆန့်ကျင် ကန့်ကွက်မှု အနည်းငယ်သာ ရှိသေးပုံရသည် ဟုလည်း Beng Hui Chew က ဆက် ပြောသည်။
“မြန်မာနိုင်ငံက သူရဲ့ လူဦးရေ၊ သဘာ၀ အရင်း ကြွယ်ဝမှုနဲ့ ဗျူဟာမြောက်တဲ့ တည်နေရာ နဲ့ပတ်သက်လို့ အကြီးအကျယ် အကောင်းဖက်က အမွှန်းတင်နေတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံတကာရဲ့ အာရုံစိုက်မှု အများစုကို ရယူထားနိုင်တယ် ဆိုပေမယ့် သူရဲ့ အိမ်နီးချင်း ကမ္ဘောဒီးယားနဲ့ လာအိုမှာလည်း ဒီလို တူညီတဲ့ အားကောင်းမှုတွေ အမြောက်အများ တွေ့ ရနိုင်ပါတယ်” ဟု BMI မှ Andrew Wood ကပြောသည်။
“သုံးနိုင်ငံလုံးမှာ တပါတီအုပ်ချုပ်ရေးရဲ့ ပုံစံတချို့ ဥပဒေ အရဖြစ်စေ၊ လက်တွေ့လုပ်ဆောင်ရာမှာဖြစ်စေ ရှိနေတယ်။ ဒါက နိုင်ငံရေးနဲ့ မူဝါဒ တည်ငြိမ်ဖို့အတွက် ကောင်းတဲ့အခါတွေရှိပေမယ့် နိုင်ငံရေး လုပ်ငန်းစဉ်မှာ အားလုံးပါဝင်နိုင်ရေးအတွက် မေးခွန်းတွေ ဖြစ်လာနိုင်သလို နိုင်ငံရေး အုံကြွမှုတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေ အတွက် စွန့်စားရတာတွေ ရှိပါတယ်” ဟု BMI က ဆိုသည်။
“သူတို့တွေက ကမ္ဘာနဲဆက်ဆံမှုနည်းပါးတယ်။ ဒေသတွင်း စီးပွားရေးနဲ့ တောင်မှ ဆက်သွယ်မှုနည်းတယ်။ ဒါပေမယ့် ပူး ပေါင်းဆောင်ရွက်မှု နဲ့ ရင်းနှီးမြှုပ်နှံသူတွေက မဖွံ့ဖြိုးသေးတဲ့ ဈေးကွက်တွေကို အလျှင်အမြန်ဖွွံ့ဖြိုးအောင် ကြိုးစားလာနေတဲ့ အတွက် သူတို့အနေနဲ့ သတ္တုတွင်းလုပ်ငန်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ ဘဏ်လုပ်ငန်း၊ အဝတ်အထည်လုပ်ငန်း၊ ခရီးသွား လုပ်ငန်းနဲ့ စိုက်ပျိုးရေး စတဲ့ ကဏ္ဍတွေအပါအဝင် ကဏ္ဍ အမြောက်အများမှာ အလားအလာကောင်းတွေ အခွင့်အရေးတွေ ကို ရယူနိုင်ကြပါလိမ့်မယ်”။