မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ခွင့်ရရှိထားပြီးဖြစ်သော နိုင်ငံခြားဘဏ်များအနက်မှ နိုင်ငံခြားဘဏ် ၁၀ ခုခန့်ကို ကန့်သတ်ချက် လိုင်စင် ဖြင့် ဘဏ်လုပ်ငန်းတချို့ လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ တဦးက ဧရာဝတီ သို့ပြောသည်။
မြန်မာနိုင်ငံတွင် ဘဏ်ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ခွင့်ရရှိထားပြီးဖြစ်သော နိုင်ငံခြားဘဏ် ၃၅ ခု အနက်မှ ဘဏ် ၁၀ ခု ထက် မနည်းကို ကန့်သတ်ချက်ဖြင့် ဘဏ်လုပ်ငန်းလုပ်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ခွင့်ပြုမည့် ဘဏ် လုပ်ငန်းများတွင် နိုင်ငံခြား ဖက်စပ် ကုမ္ပဏီများကို ငွေချေးခွင့်၊ နိုင်ငံခြားဘဏ်များနှင့် ပြည်တွင်းဘဏ်များ ပူးပေါင်း ဆောင်ရွက်ခွင့်များ ပါဝင်မည်ဖြစ် ကြောင်း၊ ကန့်သတ်ချက် လိုင်စင်ဖြင့် ဘဏ်လုပ်ငန်း လုပ်ခွင့်ရမည့် နိုင်ငံခြား ဘဏ်များတွင် Standard Chartered ၊ Thailand’s Siam Commercial Bank ၊ Singapore’s Oversea-Chinese Banking Corp ၊ Australia and New Zealand Banking Group ၊ Korea Exchange Bank၊ Japan’s Sumitomo Mitsui Banking Group ဘဏ်များ ပါဝင်ကြောင်း Reuters သတင်းတရပ်တွင် ရေးသားထားသည်။
“ရွေးချယ်ဖို့ ဆွေးနွေး နေပါတယ်။ ဘယ်လို ရွေးမလဲ မပြောတာက တဖက်က သတင်းပေါက်ကြားမှုတွေ ဖြစ်မှာ စိုးလို့ပါ။ နိုင်ငံတကာ ရွေးချယ်နည်း အတိုင်း တိကျစွာ ရွေးချယ် သွားမှာပါ။ တင်ဒါ လုပ်ငန်း အတိုင်း လုပ်ဆောင်သွားမှာပါ”ဟု မြန်မာနိုင်ငံ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌက ပြောသည်။
ကန့်သတ်လိုင်စင် အရ နိုင်ငံခြားဘဏ်များအား ပြည်တွင်းဘဏ်များကဲ့သို့ ဘဏ်လုပ်ငန်းအားလုံး အပြည့်အဝေ လုပ်ဆောင် ခွင့်ပေးမည် မဟုတ်ဘဲ နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံသူများ လာရောက် လုပ်ကိုင်ရာတွင် အထောက်အကူ ဖြစ်စေမည့် ဘဏ်လုပ်ငန်းလုပ်ခွင့်နှင့် ဘဏ်လုပ်ငန်း ဖွံဖြိုးမှု ဖြစ်ပေါ်စေနိုင်မည့် လုပ်ငန်းတချို့ကိုသာ ခွင့်ပြု မည်ဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံခြားဘဏ်များ၏ ဘဏ်လုပ်ငန်းများ တရားဝင် လုပ်ကိုင်ခွင့် ပြုရန် ဗဟိုဘဏ်မှ တာဝန်ရှိသူများ၊ ပြင်ပမှ ပညာရှင်များ၊ ဘဏ္ဍာရေး ဝန်ကြီး ဌာနမှ တာဝန်ရှိသူများ ပါဝင်သည့် ကိုးဦး အဖွဲ့မှ စိစစ်ရွေးချယ် သွားရန် ရှိပြီး လျှောက်လွှာများကို ဇူလိုင် ၆ ရက်မှ စတင်စိစစ်မည်ဖြစ်ကြောင်း၊ စက်တင်ဘာလကုန်တွင် နိုင်ငံခြားဘဏ် လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် ၅ ခုမှ ၁၀ ခုအထိ ချပေးရန်ရှိကြောင်း၊ နိုင်ငံခြားဘဏ်များ ဘဏ်လုပ်ငန်း လုပ်ခွင့်ပြုရာတွင် Roland Berger အတိုင်ပင်ခံ ကုမ္ပဏီနှင့်အတူ ရွေးချယ်မှုများကို ပူးတွဲ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရှိရသည်။
“ငွေကြေးအရ ငွေလွှဲခွင့်ပဲ ပေးမလား၊ ဒါမှမဟုတ် ငွေအပ်နှံခွင့်ဆိုရင်လည်း ဘယ်လောက် အတိုင်းအတာပဲ လုပ်ခွင့် ပေးမလဲ ဒါတွေက ကန့်သတ်မှု တခု အနေနဲ့ လုပ်မှာပါ။ အဓိကကတော့ ပြည်တွင်းဘဏ်တွေ ပြိုလဲမှု မရှိဘဲ သူတို့နဲ့ တွဲဖက် လုပ်နိုင်အောင် လုပ်ဆောင်မှု ပေးမှာဖြစ်တယ်” ဟု ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌက ဆိုသည်။
နိုင်ငံခြားဘဏ်များကို ဘဏ်လုပ်ငန်းတချို့ လုပ်ကိုင်ခွင့်ပြုမည့်အပေါ် ပြည်တွင်းဘဏ်အသိုင်းအဝိုင်းက စိုးရိမ်မှုများရှိနေပြီး အစိုးရကလည်း ပြည်တွင်းဘဏ်များ ကိုခေါ်ယူဆွေးနွေး အကြံဉာဏ်တောင်းခံမှုများ ပြုလုပ်နေကြောင်း၊ လက်ရှိတွင် ငွေကြေး ဆိုင်ရာ အဖွဲ့အစည်းများ ဥပဒေသည် အတည်ပြုနိုင်ခြင်း မရှိသေးသောကြောင့် ယင်းဥပဒေ အတည်ပြု ပြီးမှသာ နိုင်ငံခြား ဘဏ်များကို ဘဏ်လုပ်ငန်းလုပ်ခွင့်ပြုဖွယ်ရှိကြောင်း ပြည်တွင်းဘဏ်လုပ်ငန်းကျွမ်းကျင်သူ တချို့က သုံးသပ် ပြောဆိုသည်။
“နိုင်ငံခြားဘဏ်တွေကို စလုပ်ခွင့်ပေးရင် နိုင်ငံခြားငွေနဲ့ မြန်မာငွေကို ဘယ်ဟာကို စပြီး လုပ်ခွင့်ပေးမလဲ။ ဒါတွေကို ဗဟိုဘဏ် ဘက်ကို တင်ပြထားတယ်။ နောက်လုပ်ခွင့်ပေးရင်လည်း ပြည်တွင်းဘဏ်တွေဘက်ကို အကြောင်းကြားဖို့။ နောက် ဘယ်လို အပိုင်းတွေ စလုပ်ခွင့် ပေးမလဲ စတာတွေကို မေးမြန်းပြီး ကျနော်တို့ အမြင်တွေကို ဗဟိုဘဏ်ကို ပြောထား တာ ရှိပါတယ်။ နိုင်ငံတကာကုမ္ပဏီတွေကို အထောက်ကူ ပြုစေမယ့်အချက်လို လုပ်ကိုင်ခွင့်မျိုးကိုတော့ စတင် ခွင့်ပြု လုပ်ခွင့်ပေးသင့်တယ်။ ဒါမှပဲ ကျနော်တို့ဆီမှာ ဖွံဖြိုးမယ်” ဟု ဧရာဝတီဘဏ်မှ ဘဏ်လုပ်ငန်းဆိုင်ရာ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဖြိုးအောင်က ပြောသည်။
နိုင်ငံခြားဘဏ်များ ပြည်တွင်း၌ ဘဏ်ခွဲဖွင့်လှစ်နိုင်ရေး အစိုးရက အဆင့် ၃ ဆင့်ဖြင့် ခွင့်ပြုရန် စီစဉ်ထားပြီး ပထမ အဆင့် တွင် ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ခြင်း၊ ဒုတိယအဆင့် ပြည်တွင်းဘဏ်များနှင့် ဖက်စပ် လုပ်ကိုင်ခွင့် ပေးခြင်း၊ တတိယ အဆင့် နိုင်ငံခြားဘဏ်၏ ဘဏ်ခွဲ ဖွင့်ခွင့်ပေးမည်ဖြစ်ကြောင်း၊ သို့ရာတွင် လတ်တလော အစိုးရက ပထမ အဆင့်သာ ခွင့်ပြုထားကြောင်း သိရသည်။
“နိုင်ငံခြားဘဏ်တွေကို လုပ်ခွင့်ပေးရင်တောင် ဘဏ်ခွဲဖွင့်ခွင့်ကို ကျနော်တို့ဘက်က ခွင့်ပြုမှုက အကန့်အသတ် နဲ့ပဲ လုပ်ခွင့် ပေးမှာပါ၊ အိမ်နီးချင်းနိုင်ငံတွေမှာတောင် ဒီလို ကန့်သတ်ထားတာ ရှိပါတယ်၊ အခုချိန်မှာ ဘဏ်ခွဲ တခုပဲ ဖွင့်ခွင့် ပေးဖို့ စဉ်းစားနေပါတယ်” ဟု ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌက ပြောသည်။
နိုင်ငံခြားဘဏ်များကို လုပ်ကိုင်ခွင့်ပြုရာတွင် ပြည်တွင်းဘဏ် တခုခုဖြင့် ပူးပေါင်းလုပ်ဆောင်ခွင့်ပြုခြင်း၊ ပြည်တွင်းဘဏ် ပိုင်ဆိုင်မှု တချို့ကို နိုင်ငံခြားဘဏ်က ဝယ်ယူစေကာ ပူးပေါင်းစနစ်ဖြင့် လုပ်ကိုင်စေခြင်း၊ အလုံးစုံ ရင်းနှီးမြှုပ်နှံခွင့် ပေးခြင်း ဟူသော လုပ်ငန်းများ ဘဏ်လုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုသင့်၊ မပြုသင့် ဗဟိုဘဏ်က စဉ်းစားသုံးသပ်နေကြောင်း၊ ဗဟိုဘဏ် က နိုင်ငံခြားဘဏ်များကို ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ပြုနိုင်ရေး ဆောင်ရွက်ရာတွင် နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့၊ ကမ္ဘာ့ဘဏ်၊ အာရှ ဖွံဖြိုးရေးဘဏ်နှင့် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူပေါင်း ဆောင်ရွက်ရေး အေဂျင်စီတို့ ထံမှ အကြံဉာဏ်များရယူလျက်ရှိကြောင်း သိရှိရသည်။