Women

ပုခက်လွှဲသော လက်ပိုင်ရှင် ယာဉ်နောက်လိုက်များ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတခုရဲ့ ပိုင်ရှင်ဟာ သူပိုင်ဆိုင်တဲ့ ယာဉ်လိုင်းမှာ အမျိုးသမီး ယာဉ်နောက်လိုက်တွေ အလုပ်ခန့်ထားဖို့ ဆိုတဲ့ စိတ်ကူးစိတ်သန်းကို ပြီးခဲ့တဲ့ ဧပြီလ နောက်ဆုံးပတ်မှာ စတင် အကောင်အထည် ဖော်လိုက်ပါတယ်။

ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ ယာဉ်လိုင်းပေါင်း ၄၀ဝ ဝန်းကျင်က ပိုင်ရှင်ပေါင်း များစွာထဲကမှ စွန့်ဦးတီထွင် လိုက်တဲ့ မှတ်တိုင်တခု လို့ ပြောရမှာပါ။

လက်ရှိမှာ အမျိုးသမီး ယာဉ်နောက်လိုက် ၁၃ ဦးကို အလုပ်ခန့်ထားတဲ့ သူ့ယာဉ်လိုင်းဟာ အများ ပြည်သူ အတွက် ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ ရည်ရွယ်ထားတဲ့ အကြောင်း မ.ထ.သ ၄၈ အထူး ယာဉ်ပိုင်ရှင် ကိုတရုတ်လေးက ပြောပါတယ်။

ရန်ကုန်မြို့နေ လူထုအတွက် ဝန်ဆောင်မှု ကောင်းကောင်းပေးနိုင်တဲ့ မြို့တွင်း သယ်ယူပို့ဆောင်ရေး စနစ်တခု လိုအပ်လာတယ် လို့ သူစဉ်းစားမိတဲ့ အချိန်မှာ သူပိုင်ဆိုင်တဲ့ ယာဉ် ၁၃ စီးကို လေအေးပေးစက် ပါဝင်ပြီး အထူးကား ပီသတဲ့ ကားတွေ အဖြစ် စတင် ပြေးဆွဲခဲ့ရာက အခုလို အမျိုးသမီး ယာဉ်နောက်လိုက်တွေ ခန့်ထားမယ့် စိတ်ကူးကို ရခဲ့တာပါ။

“အဲဒီမှာ ချိုချိုသာသာပြောဆိုတဲ့ ယာဉ်လုပ်သားတွေ လိုအပ်လာတယ်၊ ကျနော် စဉ်းစားတယ်။ အမျိုးသမီးဆို ပိုအဆင်ပြေမယ် လို့၊ စကားပြောတာ မမာဘူး၊ စိတ်နေစိတ်ထားချင်းလည်း ကွာတယ်” လို့ ကိုတရုတ်လေးက သူ့ ယူဆချက်ကို ပြောပြပါတယ်။

အနည်းငယ် ပွယောင်းယောင်းဖြစ်နေတဲ့ ယာဉ်နောက်လိုက်ဝတ်စုံကို သွယ်လျလျ ခန္ဓာကိုယ်မှာ ကျကျနနဝတ်ဆင်ထားပြီး တက်ကြွ လန်းဆန်းနေတဲ့ အပြုံးတွေနဲ့ အတူ ခရီးသည်တွေကို ဝန်ဆောင်မှုပေးနေတဲ့ မဖြိုးအိဝေဟာ ဒီယာဉ်လိုင်းရဲ့ ပထမဆုံး အမျိုးသမီး ယာဉ်နောက်လိုက် ဖြစ်လာပါတယ်။

တနေ့မှာတော့ သမီးလေး ၂ ယောက်ရဲ့ မိခင်လည်းဖြစ်တဲ့ သူ့ဆီကို မိတ်ဆွေ ယာဉ်နောက်လိုက် တယောက်က “မိန်းကလေး စပယ်ယာတွေ ခေါ်နေတယ်” ဆိုတဲ့ သတင်းစကားကို ယူလာပေးပါတယ်။

“အဲဒါနဲ့ သူဌေးဆီကို ဖုန်းဆက်လိုက်တယ်၊ စပယ်ယာလိုရင် ခေါ်ပါဆိုပြီး ပြောတော့ အေး နင်မပူနဲ့လို့ ပြောတယ်၊ နောက်နေ့ကျတော့ အလုပ် သွားလျှောက်ပြီး ခန့်တာနဲ့ အိမ်မှာရှိတဲ့ ဝတ်စုံတွေ ဝတ်ပြီး အလုပ် သွားတော့တာပဲ” လို့ ၄၈ အထူးကား ယာဉ်မောင်း တဦးဖြစ်တဲ့ ခင်ပွန်းဖြစ်သူရဲ့ ဝတ်စုံကို ဝတ်ဆင်ထားတဲ့ သူက ဆိုပါတယ်။

ဒီအလုပ်က သူ့အတွက် ပထမဆုံး လုပ်ဖူးတဲ့ အလုပ်ဖြစ်ပေမယ့် ခင်ပွန်းဖြစ်သူ ယာဉ်မောင်းနဲ့အတူ မကြာခဏ ဆိုသလို လိုက်ဖူး တာ မို့ အလုပ်ရဲ့ သဘောတရားကို ကြိုတင် နားလည်ထားတာက သူ့အတွက်တော့ အားသာချက်လို့ ပြောရမှာပါ။

“လုပ်ရတာ ပျော်တယ်၊ အမျိုးသားနဲ့က အရင်ကဆို မတွေ့ရဘူး၊ သူက ကားမှာ အိပ်တာများတယ်၊ အခုကျတော့ လမ်းသွားနေရင်း သူနဲ့ကိုယ်နဲ့ တွေ့ရတယ်” လို့ သူက ရယ်ရယ်မောမော စကားဆိုပါတယ်။

မူကြို တက်တော့မယ့် သမီးအငယ်လေးနဲ့ မေရီ ချက်ပ်မင်း ဆွံ့အနားမကြား ကျောင်းမှာ ဒုတိယတန်း တက်နေတဲ့ သမီးအကြီးလေး ကိုတော့ အခကြေးငွေယူပြီး ထိန်းပေးတဲ့ ကလေးထိန်းအိမ်မှာ ထားခဲ့ရတယ်။ ကလေးထိန်းက ကျောင်းကြို၊ ကျောင်းပို့ လုပ်ပေး တာ၊ ကလေးတွေရဲ့ တကိုယ်ရေ သန့်ရှင်းရေး လုပ်ပေးတာ၊ ကလေးတွေကို အစားအစာ ကျွေးတာ ဆိုတဲ့ တာဝန်တွေကို ယူပေးပါတယ်။

မနက် ၅ နာရီ မတိုင်ခင်က အလုပ်ခွင် စဝင်ရပြီး ညဘက်မှာ ကားဆွဲရတဲ့ အခြေအနေပေါ် မူတည်ပြီး ည ၁၀ နာရီ နောက်ပိုင်းမှ အိမ်ပြန်ရောက်လေ့ ရှိလို့ တနေ့ကို ၁၅ နာရီလောက် အလုပ်လုပ်ရပါတယ်။

“အရင်ကတော့ ယောက်ျားရဲ့ ဝင်ငွေပဲရှိတယ်၊ သူကားပျက်တဲ့နေ့ဆို ဝင်ငွေနည်းတယ်၊ အခုတော့သူကား ပျက်ရင် ညီမဝင်ငွေ ရှိတယ်၊ ညီမကားပျက်တော့ သူ့ဝင်ငွေ နဲ့ပေါ့” လို့ မဖြိုးအိဝေက တည်ငြိမ်တဲ့ အမူအရာနဲ့ စကားဆိုပါတယ်။

အမျိုးသား ယာဉ်လုပ်သားတွေနဲ့ တန်းတူ အလုပ်လုပ်ရပေမယ့် သူ့အတွက် အခက်အခဲ မရှိဘူးလို့လည်း ပြောပါတယ်။

မဖြိုးအိဝေရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ၄၈ ယာဉ်မောင်း တဦးက “ကျနော်တော့ သူ့ကိုတော်တော် အံ့ဩတယ်၊ တော်တော် အလုပ် လုပ်နိုင်တဲ့ ကောင်မလေး၊ ယောက်ျားလေးတွေနဲ့ တန်းတူ လုပ်နေတာ မလွယ်ဘူး” လို့ ချီးကျူး စကားဆိုပါတယ်။

ဒီလို ငယ်ရွယ်တဲ့ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ ယာဉ်နောက်လိုက်အဖြစ် တန်းတူ လုပ်ကိုင်လာတာကို သဘောကျတဲ့ အကြောင်း အသက် ၆၀ ဝန်းကျင်ရှိတဲ့ ဝါရင့် ယာဉ်မောင်းကြီး တဦးကလည်း ပြောပါတယ်။

“ပထမ အမျိုးသမီး စပယ်ယာတွေဆိုတော့ ခရီးသည်တွေ ကလည်း အမ်းတန်းတန်းပေါ့၊ လူငယ်လူရွယ်တွေ ဒီလို လုပ်တာကောင်း တယ်၊ လူအမျိုးမျိုးနဲ့ တွေ့ရတော့ ဗဟုသုတလည်း ရတယ်၊ လူတွေ အကြောင်းလည်း များများ သိရတာပေါ့” လို့ အသက် ၁၈ နှစ် အရွယ်လောက်ကတည်းက ယာဉ်မောင်းလုပ်လာတဲ့ သူက ဆိုပါတယ်။

အရင် ဆယ်စုနှစ် တခုကျော်က ရန်ကုန်မြို့တွင်း ခရီးသွား ယာဉ်လိုင်းတွေမှာ အခုလိုပဲ အမျိုးသမီး ယာဉ်နောက်လိုက်တွေ ခန့်ထားခဲ့ဖူးတာ ရှိတယ်လို့လည်း ဝါရင့် ယာဉ်မောင်းကြီးက ပြောပါတယ်။

“အင်္ကျီအဖြူ ခါးတိုနဲ့ စကတ်အတို အပြာ ဝတ်ကြတယ်၊ နောက်ကျတော့ အဲဒီတုန်းက အဆိုတော် ပန်းတနော် စိုးသိမ်းက မိန်းကလေး စပယ်ယာတွေ ခါးပေါ်တာကို သီချင်းလုပ် ဆိုတော့ နောက်ပိုင်းမှာ ပြန်သုံးသပ်တယ်နဲ့ တူပါတယ်၊ အမျိုးသမီး  စပယ်ယာ တွေ မခန့်တော့ဘူး”လို့ သူက ရှင်းပြပါတယ်။

မဖြိုးအိဝေ (ဓာတ်ပုံ - မြတ်စုမွန် / ဧရာဝတီ)
မဖြိုးအိဝေ (ဓာတ်ပုံ – မြတ်စုမွန် / ဧရာဝတီ)
မဖြိုးအိဝေ (ဓာတ်ပုံ – မြတ်စုမွန် / ဧရာဝတီ)

မဖြိုးအိဝေလိုပဲ နောက်ထပ် အမျိုးသမီး ယာဉ်နောက်လိုက်အလုပ်ကို ရွေးချယ်ခဲ့တဲ့ မနီနီစိုးကတော့ ဒီအလုပ်မတိုင်ခင် အထည်ချုပ် စက်ရုံ တခုမှာ စက်ကြီး ပန်းထိုး အလုပ်သမ တဦးအဖြစ် ၆ နှစ်ကြာ လုပ်ကိုင် ခဲ့ပါတယ်။

“ဒီအလုပ်က ထူးထူးဆန်းဆန်းမို့ လုပ်ချင်တာ။ ရပ်ကွက်ထဲက ကားမောင်းတဲ့အစ်ကိုကြီးက အလုပ်ခေါ်နေတယ်ဆိုပြီး ပြောလို့ သွား လျှောက်တော့ တခါတည်း အဆင်ပြေတယ်၊ ယောက်ျားလေးတွေက ညီမတို့ အလုပ် သွားလျှောက်တော့ အံ့ဩနေကြတာပေါ့” လို့ မနီနီစိုးက ပြောပါတယ်။

အမျိုးသားတွေနဲ့ တန်းတူ ရင်ပေါင်တန်းပြီး လုပ်ရတဲ့ အလုပ်ဖြစ်လို့ အလုပ် မဝင်ခင်မှာ ကိုယ့်ကိုယ်ကိုယ် လုပ်နိုင်ပါ့မလား ဆိုတဲ့ စိုးရိမ်စိတ်လေး ဝင်မိတယ်လို့ သူက ဖွင့်ဟ ပြောလာပါတယ်။

အမျိုးသမီး ယာဉ်နောက်လိုက်တွေဟာ ပိုက်ဆံကောက်ခံတဲ့ အလုပ်ကို တာဝန်ယူရပြီး အမျိုးသား ယာဉ်နောက်လိုက် တွေကတော့ မှတ်တိုင်တွေမှာ ခရီးသည် အော်ခေါ်ရတဲ့ အလုပ်ကို တာဝန်ယူရတဲ့ အတွက် အမျိုးသားတွေထက် စာရင် အလုပ် သက်သာ တယ် လို့ မနီနီစိုးက ပြောပါတယ်။

“ညနေဆို ကားအရမ်းကျပ်တယ်လေ၊ ပိုက်ဆံ စုံအောင်ကောက်နိုင်ပါ့မလား ပေါ့၊ နောက်ပြီး အလုပ်က မနက်အစောကြီး ထရတယ်၊ ညဆိုရင်လည်း ၁၀ နာရီ၊ ၁၁ နာရီမှ အိမ်ပြန် ရောက်တယ်၊ အချိန် အရမ်းပေးရတယ်၊ ခံနိုင်ရည်ရှိပါ့မလားလို့ တွေးမိတယ်၊ တော် သေးတယ်၊ လုပ်နိုင်သွားလို့” ဆိုပြီး သူက ဆက်ပြောတယ်။

သူ အလုပ်ဝင်စမှာ ခရီးသည်တွေရဲ့ အော်ငေါက် ပြောဆိုတာ ခံရဖူးပေမယ့် မိန်းကလေးဆိုတဲ့ စိတ်နဲ့ ရှက်ရွံ့တဲ့ စိတ်ကြောင့် ပြန်မပြောရဲခဲ့တာလည်း ကြုံခဲ့ရပါတယ် တဲ့။ မိန်းကလေး ယာဉ်နောက်လိုက်မို့ ကားခမပေးဘဲ စီးသွားတာတွေလည်း ကြုံခဲ့ရပေမယ့် နောက်ရက်တွေ မှာတော့ အဆင်ပြေသွားတယ် လို့ ဆိုပါတယ်။

အလုပ်ခွင်မှာ အမျိုးသမီးဖြစ်နေတဲ့ အတွက် ရပိုင်ခွင့်ကို လျှော့ပေးခံရတာမျိုး မရှိပါဘူး။ အထည် ချုပ်စက်ရုံမှာ လုပ်လို့ရတဲ့ ဝင်ငွေထက် အနည်းငယ်သာ ပိုများပြီး တနေကုန် အချိန်ပေးရတဲ့အလုပ် ဖြစ်ပေမယ့် ဒီအလုပ်ကို မနီနီစိုးက ပိုနှစ်သက်ပါတယ်။ ဒီအလုပ် မှာပဲ ခံနိုင်ရည် ရှိသလောက်၊ လုပ်နိုင်သလောက် ဆက်လုပ်သွား မယ်လို့ သူက ပြောပြတယ်။

“ဒီမှာက ရာခိုင်နှုန်းနဲ့ ရတယ်၊ တရက်ကို အနည်းဆုံး ၅ ထောင်လောက် ရတယ်၊ အထည်ချုပ်မှာက တလကို ၁ သိန်း ၃ သောင်း လောက်ရတယ်၊ သိပ်တော့ မကွာဘူး၊ ဒါပေမယ့် ထိုင်ရတာ ညောင်းနေပြီ၊ မလုပ်ချင်တော့ဘူး၊ လုပ်ခဲ့တာလည်း ကြာပြီ ဆိုတော့ လေ” လို့ သူက နှိုင်းယှဉ်ပြပါတယ်။

အသက် ၆၅ နှစ်အရွယ် အဘွား ဒေါ်သီတာက “ဒီနေ့ မြို့ထဲသွားတော့ ကားတစီးပေါ်မှာ မိန်းကလေး စပယ်ယာတွေ တွေ့ခဲ့တယ်၊ အဘွားကို လဲကျမှာစိုးလို့ သေသေချာချာ တွဲခေါ်ပေးတယ်၊ ကလေးမလေး ငယ်ငယ်လေး လုပ်နေတာ သဘောကျဖို့ ကောင်း တယ်” လို့ တအံ့တဩ ပြောပါတယ်။

လိုင်းကားစီးတိုင်း မြင်နေကျ အမျိုးသား ယာဉ် နောက်လိုက်နေရာမှာ အမျိုးသမီးတွေ ဝန်ဆောင်မှု ပေးနေတာ မြင်ရတော့ ခရီး သည် တွေရဲ့ မျက်နှာအမူအရာတွေက ပြုံးတုံ့တုံ့ဖြစ်ပြီး ရင်းနှီးဟန် ဖြစ်နေတာကို တွေ့ရပါတယ်။

“အစတုန်းက ပိုက်ဆံသွားကောက်တော့ ခရီးသည်တွေက အံ့ဩသွားတာ၊ ကိုယ့်ကို ပေးရမယ် ဆိုတာ မသိဘူးလေ၊ ယောက်ျားလေး စပယ်ယာကိုပဲ ပေးသွားကြတာ ရှိတယ်၊ တချို့ကတော့ ပြောင်သလို နောက်သလို လုပ်ချင်တယ်၊ အလုပ် လုပ်ရတာတော့ မရှက်ပါဘူး၊ မောင်း/ရောင်းတွေနဲ့လည်း မိသားစုတွေလိုပဲ ဆိုတော့ အဆင်ပြေတယ်” လို့ အမျိုးသမီး ယာဉ်နောက်လိုက် တဦးဖြစ်တဲ့ အသက် ၃၉ နှစ် အရွယ် မဆွေဇင်မြင့်က ဆိုပါတယ်။

မိန်းကလေး ပီပီသသ၊ နွဲ့နွဲ့နှောင်းနှောင်း အမူအရာနဲ့ သူက ဘဝမှာ ဒီလို ယာဉ်နောက်လိုက် တယောက် လုပ်ရမယ် ဆိုတာမျိုး တခါမှ မတွေးမိဘူး လို့ ရှက်နေတဲ့ အမူအရာနဲ့ စကားဆိုပါတယ်။

“တချို့က စပယ်ယာ လုပ်နေတယ် ဆိုတော့ နင် လုပ်နိုင်လို့လား လို့ မေးကြတယ်၊ အရင်က ဘာ အလုပ်မှ မလုပ်ခဲ့ဘူး၊ အခုကျတော့ တဖက်တလမ်းက ဝင်ငွေရအောင် မိန်းကလေး စပယ်ယာတွေခေါ်တယ် ဆိုတာနဲ့ လုပ်ကြည့်ချင်လို့ပါ၊ မလုပ်ခင်တုန်းက နည်းနည်း စိုးရိမ်ပေမယ့် အဆင်ပြေအောင်တော့ ဆက်ဆံပြော ဆိုပါတယ်” လို့ ကလေး ၃ ဦးရဲ့ မိခင်လည်းဖြစ်တဲ့ မဆွေဇင်မြင့်က ပြောပါတယ်။

သူ့ရဲ့ အမျိုးသားကလည်း ၄၈ အထူးယာဉ်လိုင်း ယာဉ်မောင်းတဦး ဖြစ်ပါတယ်။ အမျိုးသမီး ယာဉ်နောက်လိုက် အဖြစ် လျှောက်ကြ တဲ့ မိန်းကလေး အများစုကလည်း ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေရဲ့ ဆွေမျိုးသားချင်း တွေပါပဲ။

ဒီလို အမျိုးသမီး ယာဉ်နောက်လိုက် တွေကို ခန့်ထားတာဟာ ယာဉ်နောက်လိုက် ရှားပါးမှု ပြဿနာကိုလည်း ဖြေရှင်းနိုင်သလို တနေ့တာ ဝင်ငွေ အမှန်ကို ရနိုင်ပြီး ခရီးသည်တွေ ကိုလည်း ယဉ်ကျေးတဲ့ ပြောဆိုဆက်ဆံမှု တွေနဲ့ ဝန်ဆောင်ပေး နိုင်တယ်။ ယာဉ်စီးခပိုတောင်းလို့ ခရီးသည်တွေ စိတ် အနှောင့်အယှက် ဖြစ်ရတာ မရှိတော့ဘူး ဆိုတဲ့ အောင်မြင်မှုတွေ ရလာတဲ့အကြောင်း ၄၈ အထူး ယာဉ်လိုင်းပိုင်ရှင် ကိုတရုတ်လေးက ရှင်းပြပါတယ်။

“အမျိုးသမီးဆိုတော့ ယာဉ်စီးခ ပိုတောင်းတာ၊ ခရီးသည်တွေကို အော်တာ၊ မချေမငံ ဆက်ဆံတာ မရှိတော့ဘူး၊ ပြီးတော့ တနေ့တာ ဝင်ငွေအမှန်ကို ဖော်ပြနိုင်တယ်၊ ဝင်ငွေနည်းတဲ့ အမျိုးသမီးတွေ အတွက်လည်း ဒီအလုပ်က အဆင်ပြေမယ်” လို့ သူက ဆိုပါတယ်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ အခြားယာဉ်လိုင်း ပိုင်ရှင်တွေဟာ သူ့ရဲ့စွန့်ဦး လုပ်ဆောင်မှုကို စောင့်ကြည့်နေကြပြီး ဒီလို အစီအစဉ် မျိုး အကောင်အထည် ဖော်ချင်နေသူတွေလည်း ရှိတယ်လို့ သူက ဆိုပါတယ်။

“ကျနော်ကတော့ အောင်မြင်အောင် လုပ်သွားမယ်၊ အမျိုးသမီး ယာဉ်နောက်လိုက်တွေ အတွက်လည်း ရပ်တည်နိုင်တဲ့ ဝင်ငွေရအောင် လုပ်ပေးမယ်၊ ဒီထက် ပိုအောင်မြင်အောင် လုပ်သွားမယ်၊ နောက်ထပ်လည်း အမျိုးသမီး စပယ်ယာတွေ ထပ်ခန့်သွားဖို့ ရှိတယ်” လို့ ကိုတရုတ်လေးက ပြောပါတယ်။

မရွှေစင်မြင့် (ဓာတ်ပုံ - မြတ်စုမွန် / ဧရာဝတီ)
မရွှေစင်မြင့် (ဓာတ်ပုံ – မြတ်စုမွန် / ဧရာဝတီ)

လိုင်းကားကို အားကိုးနေရတဲ့ ရန်ကုန်မြို့နေ လူထု နေ့စဉ် ရင်ဆိုင်နေရတဲ့ ယာဉ်လုပ်သားတွေရဲ့ ပြောဆို ဆက်ဆံမှုတွေ၊ ခရီးသည် နဲ့ ယာဉ်နောက်လိုက်အကြား ဆက်ဆံရေး မပြေလည်မှုတွေကို သူ့ရဲ့ အစီအစဉ်သစ်က ဖြေရှင်းပေးနိုင်ဖို့ သူကြိုးစားသွားမယ် လို့ ဆိုပါတယ်။

သူပိုင်ဆိုင်တဲ့ ယာဉ်လိုင်းမှာ အမျိုးသမီး ယာဉ်နောက်လိုက်တွေကို ခန့်ဖို့ ဆုံးဖြတ်ပြီးတဲ့အခါမှာ ကနဦး အစမ်းခန့် ကာလ အရင် သတ်မှတ် ပါတယ်။ ခရီးသည်တွေ လက်ခံနိုင်တယ်ဆိုတဲ့ အခြေအနေဖြစ်လာတော့မှ အမြဲခန့် အဖြစ်နဲ့ လုပ်ငန်းတွေ လည်ပတ် ခဲ့ တာ အခုဆိုရင် ၁ လ နီးပါး ရှိလာပြီ ဖြစ်ပါတယ်။

အမျိုးသမီး ယာဉ်နောက်လိုက် တယောက်အဖြစ် အလုပ်ခန့်ဖို့အတွက် ပညာအရည်အချင်း သတ်မှတ်ထားတာမျိုး မရှိဘဲ အလုပ်ခွင် ဝင်ရမယ့် နေရာနဲ့ နီးတဲ့ ပတ်ဝန်းကျင်မှာ နေသူတွေကို ဦးစားပေးတယ်လို့ သူက ပြောပါတယ်။

သူ့ရဲ့ အထူးကားဟာ ခရီးသည်ကို ထိုင်ခုံပြည့်သာ တင်လေ့ရှိပြီး ခရီးစဉ် တလျှောက်လုံး လေအေးပေးစက် ဖွင့်ထားတာ ဖြစ်လေ တော့ အမျိုးသမီး ယာဉ်နောက်လိုက်တွေ အတွက် သက်သောင့်သက်သာ လုပ်ကိုင်နိုင်ကြပါတယ်။

ဆက်ဆံရေး ပြေပြစ်တဲ့ အမျိုးသမီး ယာဉ်နောက်လိုက်တွေကြောင့် ခရီးသွားတွေလည်း စိတ်ချမ်းသာမယ်၊ အမျိုးသမီး အလုပ် အကိုင် အခွင့်အလမ်းတခုလည်း ပေါ်လာမယ်၊ ယာဉ်ပိုင်ရှင်တွေလည်း ဝင်ငွေ အတိအကျ ရနိုင်မယ် ဆိုတဲ့ အကျိုးဆက်တွေကြောင့် အမျိုးသမီး ယာဉ်နောက်လိုက်တွေ ခန့်ထားရေး အစီအစဉ်ဟာ တခြား ယာဉ်ပိုင်ရှင်တွေကြားမှာ ပိုပြီး ကျယ်ပြန့်လာမလား ဆိုတာတော့ စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading