ဘတ်ဂျက် ဆိုသည့် စကားလုံးကို လူတိုင်းပါးစပ်ဖျားတွင် အမြဲ ပြောဆိုကြသည်။ ကိုယ့်တွင် ဘတ်ဂျက် မည်မျှ ရှိသည်၊ သူ့တွင် ဘတ်ဂျက် မည်မျှ ရှိသည်၊ စသဖြင့် နေ့စဉ်သုံး စကားကဲ့သို့ပင် နှုတ်မှ သွင်သွင်ထွက်နေကြသည် ဟု ပြောနိုင်သည်။ ထို့အတူ နိုင်ငံ တော်တွင်လည်း နိုင်ငံတော် ဘတ်ဂျက်ရှိသည်။ တနည်းဆိုရသော် နိုင်ငံတော်၏ ရသုံးမှန်းခြေ ငွေစာရင်း ဖြစ်သည်။
နိုင်ငံတော်၏ အရအသုံး မှန်းခြေငွေစာရင်းဟု ဆိုသည့်အတိုင်း နိုင်ငံတော်မှ ရရန်ရှိသည့် ငွေကြေးစုစုပေါင်းနှင့် နိုင်ငံတော်က သုံးစွဲမည့် ငွေကြေး စုစုပေါင်းကို ပြုစုထုတ်ပြန်သည့် စာရင်း ဖြစ်သည်။ ယင်းစာရင်းကို နိုင်ငံတော်ကပင် တနှစ်တခါ ဥပဒေပြု ထုတ်ပြန်ပြီး ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ ဥပဒေအဖြစ် ပြဋ္ဌာန်းသည်။
ထိုဥပဒေတွင် တနှစ်စာ အတွက် အစိုးရက ရငွေများ မည်မျှ ရရန်ရှိသည်နှင့် အသုံးစရိတ်များ မည်သို့ သုံးစွဲသွားမည်ကို ကြိုတင်တွက်ချက် တင်ပြထားသည့် စာရင်း ပါရှိသည်။
ကိုယ်နေထိုင်သော နိုင်ငံ၏ အစိုးရက ဝင်ငွေမည်မျှရ၍ မည်သည့် နေရာများတွင် သုံးမည်ဆိုသည့် အချက်များ ပါဝင်သော ထို စာရင်း ကို ပြည်သူတို့ သိသင့်ပါသည်။
ပညာရေး၊ ကျန်မာရေး ကဏ္ဍများတွင် အသုံးစရိတ် မည်မျှ သုံးနေသနည်း။ ကာကွယ်ရေး အသုံးစရိတ်ကို မည်မျှ သုံးနေသည်မှ အစ နိုင်ငံတော်သမ္မတရုံး အသုံးစရိတ် အဆုံး သိလိုကြမည်သာ ဖြစ်သည်။ ထို့အပြင် နိုင်ငံ သယံဇာတ ရေနံ၊ သဘာဝဓာတ်ငွေ့ ထုတ်ကုန်များမှ ရသည့် အခွန်အခ ရငွေ၊ သစ်တောထွက်ပစ္စည်း များမှ ရသည့် အခွန်အခ ရငွေ စသဖြင့် အားလုံး ပါဝင်သော နိုင်ငံ တော် ဘတ်ဂျက်သည် ပြည်သူတို့နှင့် မဝေးသင့်ဟု ထင်ပါသည်။
အစိုးရ၏ ရငွေများတွင် အခွန်အကောက်များ၊ ပြည်ထောင်စု စီးပွားရေး အဖွဲ့အစည်းများမှ ရငွေများ၊ သာမန် ရငွေ (ပြည်သူမှ အစိုး ရ သို့ မပေးမနေရ ပေးသွင်းနေရသည့် ငွေကြေး)၊ ပြည်ပ အကူအညီရငွေ၊ ချေးယူ ရရှိသည့် ရငွေနှင့် အခြားရငွေများ ပါဝင်ရာ နိုင်ငံ တွင် နေထိုင်သော လူတိုင်းနှင့် သက်ဆိုင်သည်။
ထိုရငွေများနှင့် သုံးစွဲမှုငွေများ အပေါ်တွင် မည်သည့်နေရာများ၌ မည်သို့ အကျိုးရှိစွာ နည်းစနစ် ကျကျ သုံးစွဲ သည်ကို အဆုံးစွန် အထိ မသိရနိုင်သော်လည်း ခွဲဝေသုံးစွဲမှု ဖြစ်စဉ်ကို ယေဘုယျ ချဉ်းကပ် သိရှိနိုင်သည့် တခုတည်းသော ရင်းမြစ်မှာ ဘတ်ဂျက် သို့မဟုတ် နိုင်ငံတော် ရသုံးမှန်းခြေ ငွေစာရင်း ဖြစ်သည်။
ဘဏ္ဍာရေးနှစ် တနှစ် မပြီးဆုံးခင် အလို ရက်ပိုင်းများတွင် နိုင်ငံပိုင် သတင်းစာများမှ တရက် နှစ်ရက် ထုတ်ပြန်လေ့ ရှိသော ထို ဘတ်ဂျက်စာရင်း စာလုံးသေးသေး လေးများသည် အခေါ်အဝေါ်များ ရှုပ်ထွေးခြင်းနှင့် ပြည်သူများ လွယ်လင့်တကူ လေ့လာရန် အဆင်မပြေမှု တို့ကြောင့် အများစု မလေ့လာ မကြည့်ရှုဖြစ် ကြတော့ဘဲ ဖြစ်နေကြသည်။
ထိုသို့ အခြေအနေများနှင့်ပင် ဘတ်ဂျက်သည် ပြည်သူနှင့် ဝေး၍ ဝေး၍ လာသည့် သဘောဖြစ်လာသည်။
ပညာရေး၊ ကျန်းမာရေးနှင့် ကာကွယ်ရေး အသုံးစရိတ်အချိုး
အစိုးရ အနေဖြင့် ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်များကို ယခင်နှင့် ယှဉ်လျှင် တိုးမြှင့်သုံးစွဲ လာခဲ့သော်လည်း လက်ရှိ အခြေ အနေအထိ ဒေသတွင်း နိုင်ငံများအကြားတွင် အသုံးစရိတ် အနည်းဆုံး နိုင်ငံစာရင်းတွင် ပါဝင်နေဆဲ ဖြစ်သည်။ ကာကွယ်ရေး အသုံး စရိတ်ဘက်တွင် မြန်မာနိုင်ငံမှာ အာဆီယံ နိုင်ငံများအတွင်း ထိပ်သီးနိုင်ငံ တနိုင်ငံ အဖြစ် ရှိနေသည်ကို တွေ့ရသည်။
ပညာရေး အသုံးစရိတ် ခွဲတမ်းဝေစုမှာ ယခုဘဏ္ဍာနှစ်တွင် စုစုပေါင်း အသုံးစရိတ်၏ ၆ ရာခိုင်နှုန်းခန့် ရရှိပြီး ကျန်းမာရေး အသုံး စရိတ်မှာ ၃ ရာခိုင်နှုန်းကျော် ရရှိသည်။ ကာကွယ်ရေး အသုံးစရိတ်မှာ ၁၂ ရာခိုင်နှုန်း အထက်တွင် ရှိနေသည်ကို တွေ့ရသည်။ ယင်း ရာခိုင်နှုန်းများကို ကြည့်ခြင်းအားဖြင့် နိုင်ငံ၏ ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ် ၂ ခုပေါင်းသည် ကာကွယ်ရေး ဝန်ကြီး ဌာနတခု အသုံးစရိတ်ထက် လျော့နည်း နေသေးသည်ကို တွေ့ရသည်။
ကာကွယ်ရေး ဝန်ကြီးဌာန အနေဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလ အတွင်း ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ကာကွယ်ရေး အသုံးစရိတ်ကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အတွက် ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ တောင်းဆိုခဲ့သည်နှင့် အတူ ယခု ဘတ်ဂျက် ခွဲတမ်းတွင် ငွေကျပ် သန်းပေါင်း ၂၃၆၅၈၁၃ ဒသမ ၂၁၈ (ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ ဝန်းကျင်) ပါရှိသည်ကို တွေ့ရသည်။
လယ်ယာကဏ္ဍနှင့် စက်မှုကဏ္ဍ ဘတ်ဂျက်
နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ လက်ရှိတွင် လယ်ယာစိုက်ပျိုးရေး၊ လယ်ယာထွက်ကုန်နှင့် နှီးနွှယ်သော လုပ်ငန်းများကို လုပ် ကိုင်ကြသည်။ ထို့အတူ စက်မှုကဏ္ဍ ဖွံ့ဖြိုးရေးကို ကြည့်မည် ဆိုပါကလည်း နိုင်ငံ၏ ၉၀ ရာခိုင်နှုန်းသော လုပ်ငန်းများမှာ အသေး စားနှင့် အလတ်စား လုပ်ငန်းများ ဖြစ်သည်။ အစိုးရကလည်း အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို လက်ရှိ အချိန်တွင် ဦးစားပေး ဆောင်ရွက်နေသည့် အနေအထား ဖြစ်သည်။
အသေးစား အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဘဏ်များ ဖွင့်သည်။ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက် မှု ဗဟိုဌာနကို တည်ထောင်သည်။ ယင်း လုပ်ငန်းများ အတွက် ချေးငွေများ ချပေးခြင်းကို ဆောင်ရွက်သည်။ သို့သော် ထို လုပ်ငန်းများနှင့် အများဆုံး နှီးနွှယ်၍ အများဆုံး ဦးစီးဆောင်ရွက်နေသည်မှာ စက်မှုဝန်ကြီးဌာန ဖြစ်သည်။ ထို့ကြောင့် စက်မှုဝန်ကြီး ဌာန အတွက် နှစ်အလိုက် လျာထားသော ဘတ်ဂျက်ခွဲတမ်းသည်လည်း အတိုင်းအတာ တခုအထိ လိုအပ်မည် ဖြစ်သည်။
ယင်း အနေအထားတို့ အရ လယ်ယာကဏ္ဍနှင့် စက်မှုကဏ္ဍ ၂ ခုတို့တွင် နှစ်အလိုက် လျာထားချက် အတိုင်းအတာ တခုအထိ လိုအပ်မည် ဖြစ်သော်လည်း လက်ရှိ ဘတ်ဂျက်ခွဲတမ်းများ အရတွင် ပမာဏ သိသာစွာ နည်းပါးလွန်းသည်ကို တွေ့ရသည်။
ယခုနှစ် နိုင်ငံတော် ရသုံးမှန်းခြေ ငွေစာရင်း အရ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အသုံးစရိတ်တွင် ကျပ် သန်း ပေါင်း ၄၈၃၆၈၃ ဒသမ ၈၀၃ ပါရှိပြီး စုစုပေါင်း အသုံးစရိတ်၏ ၂ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိသည်ကို တွေ့ရသည်။ ထို့အတူ စက်မှုဝန်ကြီးဌာန အသုံးစရိတ် တွင်လည်း စုစုပေါင်း အသုံးစရိတ်၏ ၁ ရာခိုင်နှုန်းပင် မပြည့်သည် ကို တွေ့ရသည်။
သို့သော် ပြည်ထဲရေးဝန်ကြီးဌာန ကဲ့သို့သော အသုံးစရိတ်မျိုးတွင် ၁ ဒသမ ၅ ရာခိုင်နှုန်း အထိ ရှိပြီး ကာကွယ်ရေး အသုံးစရိတ် ၁၂ ရာခိုင်နှုန်း အထက် ရှိနေချိန်တွင် အဆိုပါဌာနများ အသုံးစရိတ် အင်မတန် နည်းပါးနေဆဲ ဖြစ်သည်ကို တွေ့ရသည်။ စက်မှုဝန်ကြီး ဌာန အသုံးစရိတ်မှာ သမ္မတ အသုံးစရိတ် လျာထားချက်မျှပင် မရှိသည်ကို တွေ့ရသည်။ ၂၀၁၄ ခုနှစ်အတွက် သမ္မတ အသုံးစရိတ် ထဲတွင် လျာထားသည်မှာ ငွေကျပ် သန်းပေါင်း ၃၄၅၃၆ ဒသမ ၁၉၀ ရှိပြီး ၂၀၁၂ ခုနှစ်တွင် ကျပ် သန်းပေါင်း ၄၃၃၉၉၆ ဒသမ ၆၆၁ ဖြစ်သည်။
တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ဘတ်ဂျက်
ဘတ်ဂျက်တွင် ပြည်ထောင်စု ဘတ်ဂျက်နှင့် တိုင်းဒေသကြီး ဘတ်ဂျက်နှစ်မျိုး ခွဲ၍ ရေးဆွဲသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ် ဘတ်ဂျက်များကို ဗဟို အစိုးရမှ မရေးဆွဲဘဲ ၎င်းတို့ တိုင်းဒေသကြီးနှင့် ပြည်နယ် လက်အောက် တာဝန်ယူသော ဌာနများ၏ အဆိုပြုချက်များဖြင့် ရေးဆွဲသည်။ ယင်း အဆိုပြုချက်များကို သက်ဆိုင်ရာ အစိုးရများမှ ပြင်ဆင်၍ လွှတ်တော်သို့ တင်သွင်းကြရသည်။ သို့သော် ထိုဘတ်ဂျက်ကို ပြည်ထောင်စု ဘဏ္ဍာရေး ကော်မရှင်တွင် ပြည်ထောင်စုဘတ်ဂျက်နှင့် ပေါင်းရသည်သာ ဖြစ်သည်။
ထိုသို့ ပေါင်းစည်း၍ ရလာသည့် အခြေအနေတွင်မှ ပြည်ထောင်စုဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေ ထွက်ပေါ်ရန် လုပ်ဆောင်ရ သည်။ သို့သော် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ထိုဥပဒေပါ ဘဏ္ဍာငွေအရ အသုံးစာရင်းအရ လိုအပ်ချက်အနေဖြင့် ပေးသည့် ခွဲတမ်းပမာဏမှာ လွန်စွာ နည်းပါသည်။
ထောက်ပံ့ကြေးနှင့် ချေးငွေဟု အမည်တပ်၍ ပေးထားသော ထိုစာရင်းနှစ်ခု အရ တိုင်းဒေသကြီးနှင့် ပြည်နယ်စုစုပေါင်း အားလုံး အတွက် ပမာဏမှာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် စုစုပေါင်း အသုံးစရိတ် ၏ ၃ ဒသမ ၅ ရာခိုင်နှုန်းကျော်သာ ရှိသည်။ တချို့သော ဝန်ကြီးဌာနတို့၏ အသုံးစရိတ်မျှပင် မရှိသည့် အနေအထားဖြစ်သည်။ သို့သော် ယခုလက်ရှိ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဘတ်ဂျက်တွင် တိုးမြှင့် ပေးထားသည်ကို တွေ့ရသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ထောက်ပံ့ကြေးနှင့် ချေးငွေအဖြစ် ပြန်လည်ချပေး သည့် ပမာဏမှာ စုစုပေါင်း အသုံးစရိတ်၏ ၈ ရာခိုင်နှုန်းခန့် အထိ ရောက်ရှိလာသည်။
ပြည်ထောင်စု အစိုးရနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများအကြား ဘဏ္ဍာငွေ မျှဝေသုံးစွဲရေးမှာလည်း ဗဟိုချုပ်ကိုင်မှု ဖြေလျှော့ ရေး အခန်းကဏ္ဍတွင် များစွာ အရေးပါလာသည်။ ဖွဲ့စည်းပုံ ဥပဒေ ဇယား ၂ နှင့် ဇယား ၅ တွင် ပါရှိသည့် တိုင်းဒေသကြီးနှင့် ပြည် နယ်များမှ ဥပဒေပြု စာရင်းနှင့် ကောက်ခံရမည့် အခွန်အခများ အပိုင်းတွင် ဖွဲ့စည်းပုံ အတိုင်း ဖြစ်မနေသည့် အခြေအနေများလည်း ရှိသည်။
ဇယား ၂ အရ ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ လုပ်ပိုင်ခွင့်ကို အပ်နှင်းထားသည်များ ရှိသော်လည်း အမှန်တကယ်တွင် ထိုအချက် မှာ ဝေဝါးလျက်ရှိပြီး ဇယားပါ အချက်များနှင့် ပတ်သက်သည့် တာဝန်ယူမှုများ လုပ်ထုံး လုပ်နည်း မူဘောင်များ မရှိကြောင်း မြန်မာ့ဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ် အဖွဲ့စည်း(MDRI)၊ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့(CSED)နှင့် အာရှဖောင်ဒေးရှင်း တို့မှ ပညာရှင်များ ကောက်ယူထားသည့် စစ်တမ်းတွင် ဖော်ပြထားသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များက ရရန်သင့်သည့် ဝင်ငွေတို့မှာ ပြည်ထောင်စု ဘတ်ဂျက်သို့သာ အများစု ရောက်ရှိသည်ဟုလည်း တိုင်းဒေသကြီး လွှတ်တော်အမတ်တို့က ပြောဆိုသည်များ ရှိသည်။
ယင်းအချက်များ အရ ပြည်ထောင်စု အစိုးရနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတို့အကြား ဗဟိုချုပ်ကိုင်မှု လျှော့ချရေးနှင့် အတူ ဘဏ္ဍာငွေ မျှဝေသုံးစွဲမှုမှာ အရေးပါနေပြီဖြစ်သည်။ မိမိတို့ တိုင်းဒေသ၊ ပြည်နယ်များမှ ထွက်ရှိသော ဂက်စ်၊ ရေနံနှင့် အခြား သယံ ဇာတများ အပေါ်က ရရှိသည့် ဝင်ငွေအပေါ်တွင် မျှဝေအချိုးတခုခုဖြင့် ရပ်တည်လိုကြမည်သာ ဖြစ်သည်။
ဘတ်ဂျက်လိုငွေ
ဘတ်ဂျက် သုံးမျိုးဖြစ်သော ပိုငွေဘတ်ဂျက်၊ လိုငွေဘတ်ဂျက်နှင့် ဘက်ညီ ဘတ်ဂျက်တို့တွင် အစိုးရက လိုငွေ ဘတ်ဂျက် ပုံစံဖြင့် သာ အမြဲသွားလျက်ရှိပြီး ဘတ်ဂျက် လိုငွေပြမှုမှာ ပြီးခဲ့သည့် ၃ နှစ်တာ ကာလတွင် ကျပ်ဘီလီယံ ၇၂၀ဝ ကျော် ရှိကြောင်း စီးပွားရေး ပညာရှင်များက ပြောဆိုထားသည်။ ယင်း ကိန်းဂဏန်းမှာ များပြားသည့် ပမာဏ ဖြစ်ပြီး ထိုငွေများ ပြည်သူတို့ လည်ပတ်သုံးစွဲမှု ဖြစ်စဉ်တွင် စီးဝင်သွားပါက ငွေဖောင်းပွမှု ဖြစ်စေနိုင်သည့် အနေအထားကိုလည်း စီးပွားရေးပညာရှင်တို့က ပြောဆိုသည်။
မြန်မာနိုင်ငံ၏ ငွေဖောင်းပွမှုနှုန်းမှာ ၇ ဒသမ ၃ ရာခိုင်နှုန်း ရှိနေပြီး တိုးလာသည့် အခြေအနေ ဖြစ်ကြောင်းလည်း ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့်ကြည့်ရေး အစီရင်ခံစာတွင် ပါရှိခဲ့သည်။ လက်ရှိ ဘတ်ဂျက်လိုငွေ ပြမှုမှာလည်း ပြည်တွင်း အသာတင် ကုန် ထုတ်လုပ်မှု တန်ဖိုး(GDP) ၏ ၄ ရာခိုင်နှုန်း အထက်တွင် ရှိနေသည့် အနေအထားဖြစ်သည်။ ။